ပြည်ကြီးငါးအိုးကပ်ကင်၊ သီးရွက်စုံခေါက်ဆွဲနှင့် ပြည်ကြီးငါးဟင်းခါး

ပြည်ကြီးငါးအိုးကပ်ကင်၊ သီးရွက်စုံခေါက်ဆွဲနှင့် ပြည်ကြီးငါးဟင်းခါး

(Pan-Grill Stuffed Squid, Fettuccine Primavera & Cleared Squid Soup)

          ဒီလအတွက် ပရိသတ်ကြီးကို ဖော်ပြပေးဖို့  ရွေးချယ်လိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ဥရောပနဲ့ အာရှအစားအစာ ပြင်ဆင်နည်းနှစ်မျိုးကို ပေါင်းစပ်ဖန်တီးထားတဲ့ ” Fusion” ဟင်းလျာအတွဲလေး တစ်မျိုးဖြစ်တဲ့ “ပြည်ကြီးငါး အိုးကပ်ကင်၊ သီးရွက်စုံ ခေါက်ဆွဲနှင့် ပြည်ကြီးငါးဟင်းခါး” တို့ပါပဲ။ ငါးဖယ်ခြစ်အသားကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့နှင့် အရသာသွင်းပြီး ပြည်ကြီးငါး (ကင်းမွန်) ထဲကို အဆာသွတ်ချက်တဲ့ ပုံစံလေးပါ။ အများအားဖြင့် စားလို့မရဘူးလို့ ထင်ကြတဲ့ ပြည်ကြီးငါးရဲ့ မင်ကိုဆော့စ်အနေနဲ့ ချက်ပြီး ပြန်သုံးထားတာက ထူးခြားမှုတစ်ခုဖြစ်သလို ဥရောပအစားအစာ ပြင်ဆင်နည်းလို ဝိုင်ဖြူ အနည်းငယ်နဲ့ ချက်ထားပြီး အာရှအစားအစာ ပြင်ဆင်တဲ့ ခရုဆီလေးနဲ့ ရောပြီး ထူးခြားစွာ ပြင်ဆင်ထားပါတယ်။ ခေါက်ဆွဲကလည်း ဥရောပဂျုံခေါက်ဆွဲဖြစ်ပြီး ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ၊ သံလွင်ဆီတို့နှင့် ဆီသတ်ပြီး သီးရွက်စုံနှင့် ပြင်ဆင်ထားပါတယ်။ ပြည်ကြီးငါးခေါင်းလေးတွေနဲ့ ငါးဖယ် ခြစ်သားလေးကိုတော့ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းလေးနှင့် ဟင်းခါးပုံစံ ရိုးရိုးလေး ပြင်ဆင်ထားပါတယ်။ ကဲ… ပြင်ဆင်ရတာ လွယ်ကူပြီး အရသာထူးခြားတဲ့ ” Fusion” ဟင်းလျာအတွဲလေး ချက်ကြည့်ကြရအောင်…

ပြည်ကြီးငါးကင်

   ပါဝင်ပစ္စည်းများ

♦   ပြည်ကြီးငါး   –   ၁၆၀ ဂရမ်

♦   ငါးဖယ်ခြစ်   –   ၈၀ ဂရမ်

♦   ကြက်သွန်ဖြူ   –   ၆ မြွှာ

♦   သံလွင်ဆီ   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ချင်း   –   အနည်းငယ်

♦   ငါးငံပြာရည်

♦  ဝိုင်ဖြူ   –   အနည်းငယ်

♦   သံပရာသီး   –   ၁ လုံး

♦   ခရုဆီ   –   အနည်းငယ်

♦   နံနံပင်   –   အနည်းငယ်

♦   ငရုတ်သီးစိမ်း   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ငရုတ်သီးအနှစ်   –   အနည်းငယ်

  ပြုလုပ်နည်းအဆင့်ဆင့်

၁။      ပြည်ကြီးငါးကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးအနှစ်၊ ငါးငံပြာရည်နှင့် သံပရာရည်တို့ဖြင့် အရသာသွင်းပါ။ ငါးဖယ်ခြစ်အသားကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့နှင့် အရသာသွင်းပြီး ပြည်ကြီးငါးထဲကို အဆာသွတ်ပေးပါ။

၂။      ခရုဆီအနည်းငယ်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်း၊ ပြည်ကြီငါးမျှင်၊ ငါးငံပြာရည်တို့ဖြင့် ဆော့စ်ပြုလုပ်ပါ။

၃။      အသင့်အရသာသွင်းထားသော ပြည်ကြီးငါးကို ဒယ်အိုးတွင် သံလွင်ဆီထည့် ကင်၍ ဝိုင်ဖြူအနည်းငယ်နှင့် ချက်ပြီး ပြည်ကြီးငါးမျှင်၊ နံနံပင်ဆော့စ်နှင့်တွဲဖက် တည်ခင်းပါ။

သီးရွက်စုံခေါက်ဆွဲ

   ပါဝင်ပစ္စည်းများ

♦   Fettuccine ခေါက်ဆွဲ   –   ၁၀ဝ ဂရမ်

♦   အသီးအရွက်စုံ   –   အနည်းငယ်

♦   ကြက်သွန်ဖြူ   –   ၃ မြွှာ

♦   သံလွင်ဆီ   –   အနည်းငယ်

♦   ငရုတ်သီးခြောက်   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ချိစ်   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      အသင့်ပြုလုပ်ထားသော Fettuccine ခေါက်ဆွဲကို အသီးအရွက်စုံများနှင့် သံလွင်ဆီ၊ ငရုတ်ခြောက်၊ ကြက်သွန် ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် ရော၍ ကြော်ထားပါ။

၂။      ပြီးလျှင် ချိစ်ဖြူးပြီး တည်ခင်းပါ။

ပြည်ကြီးငါးဟင်းခါး

   ပါဝင်ပစ္စည်းများ

♦   ပြည်ကြီးငါး   –   အနည်းငယ်

♦   ငါးဖယ်ခြစ်   –   အနည်းငယ်

♦   အသီးအရွက်စုံ   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

          အသင့်ပြုတ်ထားသော ငါးပြုတ်ရည်ကို ငါးဖယ်အနည်းငယ်၊ ပြည်ကြီးငါး၊ အသီးအရွက်စုံ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်တို့နှင့် အရသာထိန်းညှိပါ။

www.facebook.com/Sunny Angelo

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments