ပြည်လုံးချမ်းသာ

by Sofia for Food Magazine

          ပြည်လုံးချမ်းသာလို့ လူသိများတဲ့ ဆိုင်ဟင်းတစ်ခွက် ဖြစ်ပါတယ်။ ဒီဟင်းတစ်ခွက်အတွက် သီးနှံ အရောင်စုံနှင့် အသားငါး အစုံအလင်ကို အသုံးပြုပြီး ကြော်ရမှာ ဖြစ်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

မုန်ညင်းဖြူ  –  လက်တစ်ဆုပ်

ဗိုလ်စားပဲ  –  ၃ တောင့်

ပန်းမုန်လာ/စိမ်း  –  ၁ ခက်

ပြောင်းဖူး  –  ၃ တောင့်

ရွှေပဲသီး  –  ၅ တောင့်

မုန်လာဥနီ  –  အနည်းငယ်

ကောက်ရိုးမှို  –  ၅ လုံး

ငုံးဥ  –  ၅ လုံး

ငါးအသားလုံး/ငါးဖယ်  –  ၅ လုံး

ပုစွန်  –  ၅ ကောင်

ပြည်ကြီးငါး  –  ၁ ကောင်

ကြက်သား  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်ပြုတ်ရည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ဟင်းခတ်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြောင်းဖူးမှုန့်/ကော်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်ဥ  –  ၂ လုံး

ဆီ  –  ၃ ဇွန်း

ချက်ပြုတ်နည်း

၁။       ပါဝင်သော သီးနှံများအားလုံးကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ထားပါ။ မိမိနှစ်သက်ရာ သီးနှံများကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

၂။       ကြက်သား၊ ပြည်ကြီးငါးနှင့် ပုစွန်တို့ကို ရေဆေးသန့်စင်ပြီး လှီးဖြတ်ထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံနွှာထားပါ။ ကြက်ဥ ၂ လုံးကို ခေါက်ထားပါ။

၃။       ပန်းကန်တစ်ချပ်မှာ ပါဝင်သော အသား၊ ပုစွန်၊ ငါးလုံး၊ ငုံးဥနှင့် သီးနှံတို့ကို တစ်စုထဲ ထားပါ။ ပြောင်းဖူးမှုန့်ကို ရေ ၂ ဇွန်းထည့်ပြီး ဖျော်ထားပါ။ ကြက်သွန်ဖြူကို ရိုက်ပြားထားပါ။

၎။       အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ဖြူနှင့် ကြက်သားကို ဦးစွာထည့်ကြော်ပါ။

၅။       ကြက်သားအရောင်ပြောင်းပါက ပြည်ကြီးငါး၊ ပုစွန်နှင့် ငါးဖယ်လုံးတို့ကို ထည့်ပါ။

၆။       ရေဆေးပြီး ရေစစ်ထားသော သီးနှံတို့ကို ထည့်ကြော်ပါ။ မီးပြင်းဖြင့် ကြော်ပါ။

၇။       ငုံးဥပြုတ်ထည့်ပါ။ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး ကြက်ပြုတ်ရည် အနည်းငယ် ထည့်ပါ။

၈။       ဆူပွက်ပါက အသင့်ဖျော်ထားသော ပြောင်းဖူးမှုန့်ကို ထည့်ပြီး ခပ်မြန်မြန်မွှေပေးကာ အရသာအပေါ့အငန်မြည်းပြီး ပန်းကန်ထဲ ထည့်ပါ။

၉။       သီးနှံကျက်ခါနီးမှာ တစ်ဖက်အိုးဖြင့် ကြက်ဥအပြန့်ကို အသင့်ကြော်ထားပါ။

၁၀။     ကြော်ပြီးသား ဟင်းရွက်စုံကြော်ပေါ်မှာ ကြက်ဥအပြန့်ကြော်တစ်ချပ်အုပ်ပေးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

*        ပုံထဲမှာ သီးနှံနှင့် ပါဝင်ပစ္စည်းများ မြင်သာစေရန် ကြက်ဥကြော်ကို ဖြန့်ပြီး မအုပ်ထားပါ။

*        သီးနှံများကို မိမိနှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ ပဲပင်ပေါက်၊ ပဲပြား၊ ကန်စွန်းရွက်နှင့် မုန်ညင်းတို့ကိုလည်း သုံးနိုင်ပါတယ်။

Facebook Comments