နွေဦးရွက်ကြွေ ချက်ကြည့်စေ

by နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) for Food Magazine

        ဧပြီလမှာတော့  ဆရာမနန်းစန်းစန်းအေးက “နွေဦးရွက်ကြွေ ချက်ကြည့်စေ” အပါအဝင်  ဟင်းလျာအတွဲ

အစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ဝက်သားပြား ရှမ်းချဉ်ကြော်၊ အာလူးကြာဆံဟင်းရည်၊ သရက်သီးသုပ်၊ ငါးပိကြော်။

၂။       ငါးပတ်ခေါင်းမုန်လာဥဟင်း၊ ငါးဖယ်ကျောက်ပွင့်သုပ်၊ ဂျူးပဲနှပ်ကြော်၊ ငရုတ်သီးအစိမ်းထောင်း။

၃။       အသည်းအမြစ်မဆလာချက်၊ သီးစုံပဲဟင်း၊ ဟင်းနုနယ်ရွက်ကြော်၊ ပူဒီနာငါးပိထောင်း။

၎။       မြစ်ငါးတန် ငရုတ်သီးချက်၊ ဘူးသီးဟင်းခါး၊ မှိုချဉ်စပ်သုပ်၊ ရေကျိုငါးပိကြော်။

၅။       ပုစွန်ကြော်၊ ငါးကျည်းချဉ်ပေါင်ခါးပုတတ်စာဟင်း၊ ပြောင်းဖူးသုပ်၊ ပုစွန်ခြောက် ငါးပိကြော်။

၆။       အမဲသားပြုတ်ကြော်၊ ခရမ်းချဉ်သီးဆီပြန်ငရုတ်သီးချက်၊ မြေပဲပွကြော်သုတ်၊ ပုစွန်ငါးပိထောင်း။

၇။       နှစ်တစ်ရာသီးဘဲသားပေါင်း၊ ကြံမဆိုင်ဟင်းချို၊ ပန်းဂေါ်ဖီသနပ်၊ ငရုတ်သီး ငါးမီးဖုတ်ထောင်း၊ တို့စရာ။

နွေဦးရွက်ြွေက ချက်ကြည့်စေ

          “သစ်ရွက်တွေကြွေတဲ့ နွေဦးကိုကြည့်ရတာ လွမ်းစရာကောင်းလိုက်တာ ညီမရယ်”

          “ချွေးတွေကျ၊ ဖုန်တွေထနဲ့ ဘယ်လိုက စလွမ်းရမှန်းတောင် မသိဘူး”

          “စိတ်နှလုံးသား နူးညံ့တဲ့သူတွေမှ အလွမ်းတွေ၊ သဘာဝတရားရဲ့ အလှတွေကို ခံစားတတ်တာ”

          “ဟုတ်ပါလိမ့်မယ်။ တစ်နေ့ တစ်နေ့ စားဝတ်နေရေး အတွက် လုံးပမ်းနေရလို့ ပူရင်ပူတယ်၊ အေးရင်အေးတယ်၊ မိုးရွာရင် ရေကြီးတယ်၊ ဒီလောက်ပဲ စဉ်းစားမိတယ်။ နှလုံး သားတွေက နူးညံ့နေသလား၊ တင်းမာနေသလားလို့ တစ်ခါမှ မစဉ်းစားမိပါဘူး”

          “မမက ပိုဆိုးတာပေါ့။ တစ်နေ့ တစ်နေ့ ဈေးသွား၊ အိမ်သားတွေစားဖို့ ချက်ပြုတ်၊ သိမ်းဆည်း၊ လျှော်ဖွပ်၊ တကယ့် အိမ်တော်ထိန်းအလုပ်သမားကြီး။ ဒါပေမဲ့ မမက  ဒီဘဝကို ပျော်တယ်လေ။ အားတဲ့အချိန်လေး လွမ်းစရာရှိတာလွမ်း၊ မျှော်စရာရှိတာမျှော်။ စိတ်ကိုပဲ လွတ်လွတ်လပ်လပ် အလုပ်ပေးထားတယ်”

          “နေတတ်ရင် ကျေနပ်စရာကြီးပါ။ စိတ်ပျိုတော့ ကိုယ်နု၊ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုရိုးစကားတွေ ဘယ်သွားထားမလဲ။ အလုပ် ဘယ်လောက်များများ စိတ်ပျော်နေရင် ပြီးရောပေါ့”

          “အေးပါ၊ အမျိုးမျိုးပြောတတ်တဲ့ ညီမလေးကို ထမင်း၊ ဟင်း ချက်ကျွေးလိုက်ဦးမယ်။ ဘာတွေများ စားချင်လဲ”

          “မမ ချက်ကျွေးတာ ဘာဖြစ်ဖြစ်စားမယ်”

          “ဒီနေ့အတွက် ငါးကျည်းနဲ့ ချဉ်ပေါင်ခါးချက်ပြီး ပုတတ်စာလေး အုပ်ထားတယ်။ ပြောင်းဖူးနဲ့ သီးရွက်စုံ အသုပ်၊ ပုစွန်ခြောက်ငါးပိကြော်၊ သရက်ကင်းနဲ့ အတို့စုံ။ ဧည့်သည်ပါလို့ ချောင်းပုစွန်ကြော်လေး ထပ်ထည့်လိုက်မယ်”

          “အားနာစရာကြီး။ လုပ်အားပေး ချက်ကူပြီးမှ စားမယ်လေ”

          ငါးကျည်း ၂၀ ကျပ်သားကို သန့်စင်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နနွင်းနည်းနည်းနဲ့ ရောနယ်ပြီး အရိအရွဲတွေ ပြောင်အောင် ထပ်ဆေးမယ်။ ဘေးနှစ်ဖက်ကို ဓားရာပေးပြီး အရသာမှုန့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီနဲ့ ရောနယ်ထားမယ်။ ချက်မယ့်အိုးထဲ ဆီ ၇ ကျပ်ခွဲသား အရင်ထည့်ပြီး ကြက်သွန်နီ၂ ဥ၊ ကြက်သွန်ဖြူ ၁ ဥ၊ ငရုတ်ပွ ၅ တောင့် ပေါင်းထောင်းထားတာ ရောကြော်မယ်။ ကြက်သွန်ဖတ်တွေ ရွှေဝါရောင်တောက်လာရင် ခရမ်းချဉ်သီး ၂ လုံး ကြိတ်ထားတာ ထပ်ထည့်မယ်။ ခရမ်းချဉ်သီးဆီပြန်ရင် နယ်ထားတဲ့ ငါးထည့်လုံးမယ်။ မီးအရှိန်လျှော့ပြီး အထက်အောက် သာသာလှန်ပေးမယ်။ ငါးအသားကျက်ရင် ချဉ်ပေါင်ခါး လက်တစ်ဆုပ်စာ ထည့် မယ်။ ရေ ၅ ကျပ်သား ပွက်စာနဲ့အတူ ငါးငံပြာရည် စတီး ဇွန်းကြီး ၁ ဇွန်း ထပ်ထည့်ပါဦးမယ်။ ပွက်ပွက်ဆူလာရင် ပုတတ်စာ ၂ စည်းစာနဲ့အတူ ငရုတ်ပွ ၂ တောင့်၊ ၃ တောင့်ကို ဓားပြားရိုက်ထည့်မယ်။ အပေါ့အငန် အရသာ အနေတော်မြည်းပြီးရင်တော့ အိုးချလို့ရပါပြီ။ ခါးပြီး ချဉ်ချို အရသာနဲ့ ငါးကျည်းချဉ်ပေါင်းခါးဟင်းပါ။

          ပြောင်းဖူးသုပ်အတွက် ပြောင်းဖူးအသေးတစ်ဖူး ဓားပြတ်ပြတ်နဲ့ တစ်ထပ်တည်း လှီးယူပြီး ရေဆူဆူမှာ ပြုတ်မယ်။ ပြောင်းဖူးပြုတ်အိုးထဲကို မုန်ညင်းထုပ်

၂ ဖတ်၊ မုန်ညင်းဖူးတစ်စည်းပါ ရောပြုတ်မယ်။ အားလုံးကျက်ရင် ရေစစ်ပြီး မုန်လာဥနီ ပါးပါးလှီး၊ မန်ကျည်းရည်၊ ဆား၊ အရသာ၊ သကြား၊ ဆီချက်နဲ့ ပေါင်းနယ်မယ်။ နှမ်းစေ့၊ ကြက်သွန်ကြော်လေး ဖြူးပေးပြီးရင် သီးရွက် ပြောင်းဖူးသုပ် ရပါပြီ။

          ပုစွန်ခြောက်ငါးပိကြော်အတွက် ဆီ ၅ ကျပ်သားထဲကို ကြက်သွန်ဖြူ ၅ မြွှာ ဓားပြားရိုက်ပြီး ထည့်ကြော်မယ်။ အဝါရောင်သန်းလာရင် မီးအရှိန်လျှော့ပြီး ငါးပိနဲ့ ငရုတ်သီး ရောထောင်းထားတာ ၁ ဇွန်း ထည့်ကြော်မယ်။ ငါးပိ စိမ်းနံ့ပျောက်ရင် ပုစွန်ခြောက်မှုန့် လက် ၂ ဆုပ်၊ ငရုတ်သီးခွဲခြမ်း အစပ်ကြိုက်သလောက် ထည့်ကြော်ပြီးရင် ပုစွန်ခြောက်ငါးပိကြော် ရပါပြီ။ သရက်ကင်းနဲ့ အတို့နဲ့ အလိုက်ဖက်ဆုံးပါပဲ။

          ချောင်းပုစွန်ကြော်အတွက်ကတော့  ပုစွန်အခွံနွှာ၊ ချေးကြောင်းထုတ်၊ ဆား၊ သကြား၊ အရသာအနည်းငယ်စီ ဆုပ်နယ်ပေးပြီး ဆီ ၁၀ ကျပ်သားထဲ ထည့်ကြော်ပေးပါ။ လတ်ဆတ်တဲ့ပုစွန်တွေမို့ သဘာဝအတိုင်းကို ချိုမြိန်စေမှာပါ။

          အလှအပသဘာဝတွေကို မည်သူမဆို လွတ်လွတ်လပ်လပ် ခံစားရင်း ချက်ကြည့်ဖို့ ဟင်းတချို့ပါ။

ငါးကျည်းချဉ်ပေါင်ခါးပုတတ်စာဟင်း

ပါဝင်ပစ္စည်းများ

ငါးကျည်း  –  ၂၀ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နနွင်း  –  အနည်းငယ်

ဆီ  –  ၇ ကျပ်သား

ကြက်သွန်နီ  –  ၂ ဥ

ကြက်သွန်ဖြူ  –  ၁ ဥ

ငရုတ်ပွ  –  ၅ တောင့်

ခရမ်းချဉ်သီး  –  ၂ လုံး

ချဉ်ပေါင်ခါး  –  လက်တစ်ဆုပ်စာ

ရေ  –  ၅ ကျပ်သား

ငါးငံပြာရည်  –  စတီးဇွန်း ၁ ဇွန်း

ပုတတ်စာ  –  ၂ စည်း

ပြောင်းဖူးသုပ်

ပါဝင်ပစ္စည်းများ

ပြောင်းဖူးအသေး  –  ၁ ဖူး

မုန်ညင်းထုပ်  –  နှစ်ဖတ်

မုန်ညင်းဖူး  –  ၁ စည်း

မုန်လာဥ  –  အနည်းငယ်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ဆီချက်  –  ၁ ဇွန်း

ကြက်သွန်ကြော်  –  အနည်းငယ်

ပုစွန်ကြော်

ပါဝင်ပစ္စည်းများ

ချောင်းပုစွန်  –  ၃ ကောင်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ဆီ  –  အနည်းငယ်

ပုစွန်ခြောက်ငါးပိကြော်

ပါဝင်ပစ္စည်းများ

ပုစွန်ခြောက်မှုန့်  –  လက် ၂ ဆုပ်စာ

ဆီ  –  ၅ ကျပ်သား

ကြက်သွန်ဖြူ  –  ၅ မြွှာ

ငါးပိ  –  အနည်းငယ်

ငရုတ်သီး  –  အနည်းငယ်

Facebook Comments