နွေရာသီနှင့် သောက်ရေ

 

by Dr. Hla Kyi for Food Magazine

          ရာသီက တော်တော်ပူလာပါပြီ။ နေ့လယ်နေ့ခင်း အပြင်မထွက်နိုင်တော့ပါဘူး။ ထွက်ဖို့  စိတ်ပင်မကူးရဲတော့ပါဘူး။ Food မဂ္ဂဇင်းက စာမူတောင်းလာတဲ့အခါ နွေရာသီမှာ ရေများများသောက်သင့်ကြောင်း ရေးဖို့ ချက်ချင်းပဲ စဉ်းစားလိုက်မိပါတယ်။

ခန္ဓာကိုယ်အတွက် ရရှိသည့်ရေ

          ရေကို နေ့စဉ်သောက်တဲ့ သောက်ရေ၊ သစ်သီးဖျော်ရည်၊ အချိုရည်၊ ဟင်းချို၊ စွပ်ပြုတ်၊ နွားနို့၊ ကော်ဖီ၊ လက်ဖက်ရည် စတဲ့ သောက်စရာအမျိုးမျိုးက ရတယ်ဆိုတာ လူတိုင်းသိပါ တယ်။ မလိုင်အပြည့် နွားနို့စစ်စစ်မှာ ရေ  ၈၈% ပါဝင်နေပါတယ်။ အဆီလွတ်နို့မှာ ရေဟာ ၉၁% အထိ ဖြစ်သွားပါတယ်။ ရေရောထားတဲ့ နွားနို့ဆိုရင် ပိုပြီးများပါ တယ်။  လူတစ်ယောက်ဟာ တစ်နေ့တာသောက်သုံးတဲ့ အရည် စုစုပေါင်းရဲ့ ၆၀% လောက်ကို သောက်စရာတွေက ရရှိခြင်းဖြစ်ပါတယ်။

          ဝါးပြီးစားရတဲ့စားစရာ အစိုင်အခဲ၊ အထူးသဖြင့် သစ်သီးတွေကလည်း ရေကိုရရှိပါတယ်။ စားစရာ အစိုင် အခဲတွေကနေ တစ်နေ့မှာ ပျမ်းမျှ ရေ ဖန်ခွက်နှင့် ၄ ခွက်စာ လောက်ရပါတယ်။ ဒါဟာ လူတစ်ယောက် နေ့စဉ်ရရှိတဲ့ တစ်နေ့တာ ရေပမာဏရဲ့  ၃၀% လောက် ရှိပါတယ်။ ဖရဲသီး၊ သခွားသီး၊ နာနတ်သီးတို့မှာ ရေများတာကို ပြောစရာလို မယ် မထင်ပါဘူး။ မုန်လာဥဝါမှာ ရေ ၈၈%၊ပန်းသီးမှာ ရေ ၈၄%၊ စပျစ်သီးမှာ ရေ ၈၁%၊ ငှက်ပျောသီးမှာ ရေ ၇၄%၊ ကြက်ဥပြုတ်မှာ ရေ ၇၅%၊ ကြက်ပေါင်နှင့် ကြက်ရင်အုပ်မှာ ရေ  ၅၂% လောက် ပါဝင်နေပါတယ်။ ထမင်းမှာလည်း ရေ အမြောက်အမြား ပါနေပါတယ်။

          စားစရာ သောက်စရာများမှရတဲ့ ရေအပြင် ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ရေလည်း ရှိပါ သေးတယ်။ ခန္ဓာကိုယ်ဇီဝလုပ်ငန်းတွေရဲ့ ဓာတ်ပြုမှု (Chemical Reaction) တွေမှာ  ဟိုက်ဒရိုဂျင် (H) နှင့် အောက်ဆီဂျင် (O) တို့ ဓာတ်ပြုရာက ရေ (H2O)  ဖြစ်လာတာပါ။ နေ့စဉ်နေ့တိုင်း  လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အတွင်း ဟိုက်ဒရိုဂျင် (H)  နှင့် အောက်ဆီဂျင် (O) တို့ ဓာတ်ပြုရာမှ ဖြစ်လာတဲ့ ရေ (H2O)  ပမာဏဟာ

၂၅၀ မီလီလီတာ (တစ်လီတာ ရေသန့်ပုလင်းရဲ့ လေးပုံ တစ်ပုံ) လောက် ရှိပါတယ်။

ခန္ဓာကိုယ်မှ ထွက်သွားသည့်ရေ

          ဆီးသွားလျှင် ခန္ဓာကိုယ်မှ ရေတွေထွက်သွားတာ၊ ဝမ်းသွားတဲ့အခါ မစင်နှင့်အတူ ရေတွေထွက်သွားတာ၊ ချွေးထွက်တဲ့အခါ ရေတွေထွက်သွားတာတွေကို မျက်စိနှင့် မြင်ရပါတယ်။ မျက်စိနှင့်မမြင်ရဘဲ ထွက်သွားတဲ့ရေတွေလည်း ရှိပါသေးတယ်။ အသက်ရှူထုတ်လိုက်တဲ့အခါ ထွက်သွားတဲ့ရေတွေကို သာမန်အားဖြင့် မျက်စိနဲ့မမြင်ရပါဘူး။ သာမန်အပူချိန်ရှိတဲ့ ရက်တစ်ရက်အတွင်းမှာ အသက်ရှူထုတ်လိုက်တဲ့ လေထဲမှာ ပါသွားတဲ့ ရေ (ငွေ့) ပမာဏဟာ ၃၅၀ မီလီလီတာ (တစ်လီတာ ရေသန့်ပုလင်းရဲ့ သုံးပုံ တစ်ပုံ) လောက်ရှိပါတယ်။

          ဇီဝလုပ်ငန်းတွေကြောင့် ခန္ဓာကိုယ်တွင်းမှာ ဖြစ်ပေါ်လာတဲ့ အပူတွေကို သွေးက အရေပြားတွေဆီ ပို့ပေးပြီး အရေပြားက ချွေးထွက်ခြင်း၊ အပူငွေ့ ပြန်ခြင်းဆိုတဲ့နည်း တွေနဲ့ အပြင်ကို ထုတ်ပစ်ပါတယ်။ ချွေးထွက်တာကို မျက်စိနဲ့ မြင်ရပေမယ့် အရေပြားကနေ အငွေ့ပြန်ပြီး ထွက်သွားတဲ့ ရေငွေ့တွေကို  မျက်စိနှင့် မမြင်ရပါဘူး။  ဒီနှစ်မျိုးပေါင်းလိုက်ရင် အရေပြားက ထွက်သွားတဲ့ ရေ ပမာဏဟာ သာမန်အပူချိန်ရှိတဲ့ ရက်တစ်ရက်မှာ ၄၅၀ မီလီလီတာ (တစ်လီတာ ရေသန့်ပုလင်း တစ်ဝက် နီးပါး) လောက် ရှိပါတယ်။

ခန္ဓာကိုယ်ထဲတွင် ရှိနေသည့်ရေ

          နှလုံး၊ အဆုတ်၊ အသည်း စတဲ့ ခန္ဓာကိုယ်တွင်း အင်္ဂါတွေ၊ အရေပြား၊ မျက်စိ၊ ပါးစပ်၊ လည်ချောင်းစတဲ့ အင်္ဂါတွေရဲ့  ဆဲလ် (Cell-ရုပ်ကလာပ်စည်း) တွေအားလုံးမှာ ရေရှိပါတယ်။ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေတဲ့သွေးမှာ အများဆုံးပါဝင်နေတာဟာ ရေဖြစ်သလို ခန္ဓာကိုယ်ရဲ့ ပြင်ပကို ထွက်လာတဲ့ မျက်ရည်၊ နှပ်၊ တံတွေး၊ သလိပ်၊ ချွေး၊ ဆီး စတာတွေမှာလည်း ရေပါဝင်နေပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ရေတွေရဲ့ အလေးချိန်ဟာ  အရိုးတွေနဲ့ အသားတွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ တစ်ဝက်ကျော်ပါတယ်။

          အမျိုးသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ ရေ ၆၀% ကနေ ၆၅% အထိ ပါဝင်နေပြီး အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာတော့ ရေ ၅၀% ကနေ ၅၄% အထိ ပါဝင်ပါတယ်။ အမျိုးသားနှင့် အမျိုးသမီး ကွာခြားနေတာဟာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံချင်း မတူလို့ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ခန္ဓာကိုယ်ဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထက် ကြွက်သားပိုများပြီး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အမျိုးသားတွေရဲ့ခန္ဓာကိုယ်ထက် အဆီပိုများပါတယ်။ ကြွက်သားတစ်ရှူးတွေမှာ ရေ ၇၀% အထိပါဝင်ပြီး အဆီပြင်တွေမှာ ရေ ၂၀-၃၀% လောက်သာ ပါဝင်နေပါတယ်။ ဒါကြောင့် ရေများများ သယ်ဆောင်နိုင်တဲ့ ကြွက်သားတွေနဲ့ တည်ဆောက်ထားတဲ့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဟာ ရေနည်းနည်းသာ သယ်ဆောင်နိုင်တဲ့ အဆီတွေနဲ့ တည်ဆောက်ထားတဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထက် ရေပိုများနေခြင်းဖြစ်ပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲမှာ အခြောက်သွေ့ဆုံးလို့ထင်ရတဲ့ သွားတွေမှာလည်း ရေ ၁၅% ပါဝင်နေပြီး အရိုးတွေမှာ ရေ ၂၀% လောက် ပါဝင်နေပါတယ်။

          ခန္ဓာကိုယ်ထဲက ရေပမာဏဟာ အသက်အရွယ်အလိုက် ကွာခြားမှုရှိပါတယ်။ အသက်တစ်နှစ်အောက် ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ  ရေဟာ ကိုယ်အလေးချိန်ရဲ့ ၇၅% အထိ ရှိပါတယ်။ ကျန်းမာပြီး အသက်ရှင်သန်ဖို့ ကလေးတွေက လူကြီးတွေထက် ရေကို အချိုးအဆအားဖြင့် ပိုပြီး လိုအပ်ပါတယ်။ ဒါကြောင့် ဝမ်းလျှော၊ ဝမ်းပျက် စတဲ့ ရောဂါတွေကြောင့် ခန္ဓာကိုယ်မှာ ရေခန်းခြောက်တဲ့အခါ ကလေးတွေက လူကြီးတွေ ထက် အသက်အန္တရာယ် ပိုပြီးကြုံတွေ့တတ်ပါတယ်။

          ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးဟာ ရေရှိနေလို့သာ သက်ဆိုင်ရာ ဇီဝလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။ အသည်းလုပ်ငန်းပဲဖြစ်စေ၊ နှလုံးလုပ်ငန်းတွေပဲဖြစ်စေ ဇီဝလုပ်ငန်းစဉ်မှန်သမျှမှာ ဖြစ်ပေါ်တဲ့ ဓာတ်ပြုမှု (Chemical Reaction) တွေဟာ ရေရှိမှသာ ပြီးမြောက်နိုင်ပါတယ်။ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အတွင်း တစ်နေရာမှတစ်နေရာ သယ်ပို့ပေးနိုင်တာ၊ အညစ်အကြေးတွေ၊ အဆိပ်အတောက်ဖြစ်နိုင်တဲ့ ဓာတုပစ္စည်းတွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပစ်နိုင်တာ တွေဟာလည်း ရေရှိနေလို့သာ ဖြစ်ပါတယ်။

ကိုယ်အပူချိန်နှင့် ခန္ဓာကိုယ်အတွင်းရှိ ရေ

          ကျန်းမာနေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်လောက် ရှိပါတယ်။ ပတ်ဝန်းကျင် အပူချိန် တော်ရုံတန်ရုံ ပြောင်းပေမယ့် လူ့ခန္ဓာကိုယ် အပူချိန်ကို ၃၇ ဒီဂရီ စင်တီဂရိတ်မှာ တစ်သမတ်တည်း ရှိနေအောင် ထိန်းထားနိုင်တဲ့ အကြောင်းတွေထဲမှာ ခန္ဓာကိုယ်ထဲက ရေတွေလည်းပါပါတယ်။ လူတစ်ယောက် ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဇီဝလုပ်ငန်းစဉ်များမှ ထွက်ပေါ်လာတဲ့ အပူ (Heat)တွေကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန် (Temperature) တက်မလာအောင် ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ရေတွေက ထိန်းပေးထားပါတယ်။ အဖျားရောဂါတွေကြောင့်  ကိုယ်အပူချိန် တရားလွန်တက်မလာ အောင်လည်း ရေတွေက ထိန်းညှိပေးပါတယ်။ ကိုယ်တွင်းမှာဖြစ်ပေါ်လာတဲ့ အပူတွေကို သွေးက အရေပြားတွေဆီ ပို့ပေးပြီး အရေပြားက ချွေးထွက်ခြင်း၊ အပူငွေ့ပြန်ခြင်းဆိုတဲ့ နည်းတွေနဲ့ အပြင်ကို ထုတ်ပစ်ပါတယ်။

တစ်ရက်မှာ  သောက်သင့်သည့် ရေပမာဏ

          လူတစ်ယောက်ဟာ တစ်ရက်မှာ ရေ ဘယ်လောက် သောက်သင့်တယ်ဆိုပြီး တိကျတဲ့ သတ်မှတ်ချက် (Recommended Dietary Allowance-RDA) မရှိပါဘူး။ တစ်နေ့တာစားသုံးတဲ့ အစားအစာများမှရရှိနိုင်တဲ့ အင်အား ၁ ကီလိုကယ်လိုရီ (1 Kcal)အတွက် ရေ ၁ မီလီလီတာ နှုန်းသောက်သင့်တယ်လို့ မှတ်ထားနိုင်ပါတယ်။ ဥပမာ- တစ်ရက်မှာ ပျမ်းမျှ ၂၀ဝ၀ ကီလိုကယ်လိုရီ စားသုံးသူ အမျိုးသမီးတစ်ယောက်ဟာ ရေ၊ အရည် ၂၀ဝ၀ မီလီလီတာ (၂ လီတာ) လောက် သောက်သင့်တယ်လို့ ဆိုလိုပါတယ်။ တစ်ရက်မှာ ပျမ်းမျှ ၂၄၀ဝ ကီလိုကယ်လိုရီ စားသုံးသူ အမျိုးသားတစ်ယောက်ဟာ ရေ၊ အရည် ၂၄၀ဝ မီလီလီတာ (၂ . ၄ လီတာ) လောက် သောက်သင့်တယ်လို့ ဆိုလိုပါတယ်။  လူတစ်ယောက်ဟာ တစ်ရက်မှာ အနည်းဆုံး ရေ ၈ ခွက် (၂ လီတာ) လောက် သောက်သင့်တယ်လို့ အကြမ်းဖျင်း မှတ်ထားနိုင်ပါတယ်။

ခန္ဓာကိုယ်အတွင်း ရေပမာဏကို ထိန်းညှိပုံ

          ကျန်းမာပြီး သွားလာလှုပ်ရှားနေသူတစ်ယောက်ဟာ ရေကို ခွက်နှင့်ဖြစ်စေ၊ ပုလင်းနှင့်ဖြစ်စေ ခြင်တွယ်ပြီး သောက်နေစရာမလိုပါဘူး။ အသက်ရှင်သန်ဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ ရေကို ခန္ဓာကိုယ်ထဲမှာ ရှိသင့် သလောက် အမြဲရှိနေအောင် ထိန်းညှိတဲ့ စနစ်ရှိပါတယ်။ အလွယ်ဆုံးရှင်းပြရမယ်ဆိုရင် လူတစ်ယောက်ဟာ ရေ၊ အရည်သောက်တာနည်းနေတယ်။ ဒါမှမဟုတ် ပူပြင်းတဲ့ ရာသီဥတုကြောင့်ဖြစ်စေ၊ ပင်ပန်းတဲ့အလုပ် လုပ်လို့ဖြစ်စေ၊ အဖျားရောဂါကြောင့်ဖြစ်စေ ခန္ဓာကိုယ်မှ ရေ (ရေငွေ့) ထွက်တာ များနေပြီဆိုရင် သူ့ရဲ့သွေးဟာ ပျစ်လာပါတယ်။ သွေးပျစ်လာတာကို ဦးနှောက်ရဲ့ တစ်နေရာက ခံစား သိရှိတာနဲ့အတူ ရေသောက်ချင်တဲ့ဆန္ဒ (Thirst) ဖြစ်ပေါ် လာပါတယ်။ သွေးကြောတွေ ထဲမှာရှိတဲ့ သွေးရည်ပမာဏ ဟာ ရှိရင်းစွဲထက် ၁၀% လောက် လျော့သွားတယ်ဆိုရင်ပဲ ရေငတ်တဲ့ခံစားမှု စတင်ဖြစ်ပေါ်ပါတော့တယ်။ ဒီအခါမှာ ရေ၊ ဖျော်ရည်၊ အချိုရည်၊ နို့ စတဲ့ အရည်တစ်မျိုးမျိုး သောက် လိုက်တဲ့အခါ သွေးဟာ ပြန်ပြီး ကျဲသွားတာနဲ့အတူ ရေငတ်ခြင်းဆိုတဲ့ ခံစားမှုဟာ ပျောက်သွားပါတော့တယ်။ ကျန်းမာ နေတဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ထဲမှာ ရေနည်းသွားရင် ရေငတ်တဲ့ ခံစားမှုဖြစ်လာပြီး ရေငတ်ပြေအောင် ရေသောက်ခြင်းဆိုတဲ့ နည်းနှင့်ပင် ခန္ဓာကိုယ်ထဲမှာ ရေပမာဏ ရှိသင့်သလောက် ရှိနေအောင် ကောင်းကောင်း ထိန်းထားနိုင်ပါတယ်။

မကျန်းမာသူများ

          မကျန်းမာတဲ့အတွက် ရေမသောက်နိုင်သူ (ဥပမာ- သတိလစ်နေသူ) တွေအတွက် လုံလောက်တဲ့ ရေ၊ အရည် ပမာဏရရှိအောင်  အစာအိမ်ထဲအထိ နှာခေါင်းပိုက်နှင့် အရည်အမျိုးမျိုး သွင်းပေးနိုင်ပါတယ်။ နှာခေါင်းပိုက်နှင့် သွင်းမပေးသင့်သူ (ဥပမာ- အစာလမ်းကြောင်း ခွဲစိတ်ခံထားသူ) ဆိုရင် သွေးပြန်ကြောထဲကနေ သွင်းပေးနိုင် ပါတယ်။ လိုအပ်နေတဲ့ရေကို တစ်နည်းနည်းနဲ့ ဖြည့်မပေးတဲ့အတွက် ရေအဝင်နည်းနေပြီဆိုလျှင်  ခန္ဓာကိုယ်ဟာ ရေထွက်တဲ့ပမာဏကို နည်းအောင် လုပ်ပါတော့တယ်။ ဆီးနည်းသွား ခြင်းဟာ ခန္ဓာကိုယ်မှ ရေအထွက်နည်းစေတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ဆီးအဖြစ် ထွက်သွားမယ့်ရေတွေ ကို ကျောက်ကပ်ကနေ သွေးထဲကို ပြန်ပြီးစုပ်ယူထားခြင်း ဖြစ်ပါတယ်။ ဆီးနည်းသွားစေတဲ့အလုပ်ကို ADH (Anti-Diuretic Hormone) ဆိုတဲ့ ဟော်မုန်းနှင့် Aldosterone ဆိုတဲ့ ဟော်မုန်းတို့က လုပ်ဆောင်ပါတယ်။

          ကျောက်ကပ်ရောဂါဝေဒနာရှင် အစရှိသူ အချို့ကလွဲရင် ကျန်းမာနေတဲ့ လူတစ်ယောက်မှာ  ရေသောက်တာများသွားလို့ ဥပဒ်ဖြစ်တယ်ဆိုတာ မရှိပါဘူး၊ ဆီးများများ သွားလိုက်လျှင် ပြီးသွားတာပါပဲ။ ရေသောက်တာ နည်းလျှင်တော့ ပြဿနာအမျိုးမျိုး ကြုံတွေ့နိုင်ပါတယ်။

          သက်ကြီးရွယ်အိုတွေဟာ အပူဒဏ်ကို လူငယ်လူရွယ်တွေထက် ပိုပြီးခံရတတ်ပါတယ်။ သတိမေ့မေ့လျော့လျော့ ဖြစ်နေတတ်တဲ့ သက်ကြီးရွယ်အိုတွေကို ရေဓာတ် အလုံအလောက်ရအောင်၊ ရေသောက်ဖို့ မကြာမကြာ သတိပေးသင့်ပါတယ်။ တိုက်ဖို့လိုရင် တိုက်ပေးသင့်ပါတယ်။ ရောဂါအမျိုးမျိုးနှင့် ဆေးရုံတက်လာတဲ့ သက်ကြီး ရွယ်အိုတွေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီလို လူနာတွေကို ကုသရာမှာ  နောက်ခံရောဂါကိုကုသပေးရုံမက ရေခန်းခြောက်တာ ကိုလည်း ဖြည့်ပေးဖို့လိုပါတယ်။ ဒီလိုလုပ်ပေးလျှင် ရောဂါမြန်မြန်ပျောက်ပြီး ဆေးရုံမှာနေရတဲ့ရက် တိုသွားတယ်ဆိုတဲ့ သုတေသနတွေ ရှိပါတယ်။

ရေနှင့် ဖျော်ရည်အမျိုးမျိုး

          သန့်ရှင်းတဲ့သောက်ရေဟာ ကျန်းမာရေးအတွက် မရှိလျှင်မဖြစ်ပါဘူး။ မသန့်ရှင်းတဲ့ သောက်ရေကြောင့် ဝမ်းပျက်၊ ဝမ်းလျှော အသည်းရောင်အသားဝါ စတဲ့ ရောဂါအမျိုးမျိုး ရနိုင်တာကိုလည်း မမေ့သင့်ပါဘူး။

          သစ်သီးအမျိုးမျိုးကို မိမိရဲ့အိမ်မှာ လတ်လတ်ဆတ်ဆတ် အရည်ဖျော်ပြီး သောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ဗီတာမင် အစရှိတဲ့ အာဟာရ ဓာတ်အမျိုးမျိုးကို  ရရှိစေနိုင်ပါတယ်။  အသင့်သောက်သုံးနိုင်တဲ့ သစ်သီးဖျော်ရည်ဘူးတွေ၊ ပုလင်းတွေအနက် အချို့ဟာ သစ်သီးရဲ့သဘာဝအရည် (Own Juice) ထဲမှာ ဖျော်ထားတာဖြစ်တဲ့အတွက်  ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ သကြားတွေ များများထည့်ထားတဲ့ သစ်သီးရည်တွေကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

          သစ်သီးဖျော်ရည်မဟုတ်တဲ့ အချိုရည်၊ အမြှုပ်ထတဲ့ အချိုရည်တွေဟာ စိတ်အပန်းဖြေဖို့၊ ရေငတ်ပြေဖို့ကလွဲလို့ ကျန်းမာရေးနှင့် အာဟာရအခြေအနေကို အထောက်အကူမပြုပါဘူး။ အရိုးပါးအရိုးပွရောဂါကာကွယ်ရေး၊ သက်ကြီးဘဝမှာ အရိုးကျိုးတဲ့ အန္တရာယ်ကာကွယ်ရေးအတွက် ကယ်လ်စီယမ်ရရှိဖို့၊ လူငယ်၊ လူကြီးအားလုံး နွားနို့ မှန်မှန်သောက်တဲ့အကျင့်ကို ထူထောင်ပြီး အချိုရည် သောက်တဲ့အကျင့်ကို လျှော့သင့်ပါတယ်။

          ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်သူ၊ အားကစားလေ့ကျင့်သူ၊ အားကစား ပြိုင်ပွဲဝင်သူတွေဟာ ခန္ဓာကိုယ်မှ ကုန်ခန်းသွားတဲ့ ရေနှင့်ဓာတ်ဆားတွေ၊ သကြားဓာတ်တွေကို ပြန်ဖြည့်ဖို့ လိုပါတယ်။ အားကစား အချိုရည်အမျိုးမျိုးဟာ အခြေခံသဘောအားဖြင့် ရေ၊ ဆားနှင့်သကြားတို့ ပါဝင်အောင် ဖျော်စပ်ထားတာ ဖြစ်ပါ တယ်။ မိမိရဲ့ အိမ်မှာ သောက်ရေသန့် ၁ လီတာ၊ အိမ်သုံး ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် အိမ်သုံးသကြား လက်ဖက်ရည်ဇွန်း ၁၀ ဇွန်းလောက်ရောပြီး ဖျော်လိုက်ရင် သင့်လျော်တဲ့ အားဖြည့်ဖျော်ရည် ဖြစ်သွားပါတယ်။ အနံ့အရသာ ပိုကောင်းဖို့ သံပရာ၊ လိမ္မော်၊ နာနတ် စတာတွေကို ထပ်ထည့်လို့ရပါတယ်။

          ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကုသရာမှာသုံးဖို့ ထုတ်လုပ်ထားတဲ့ ဓာတ်ဆားထုပ်တွေဟာ မစင်နှင့်အတူ ဆုံးရှုံး သွားတဲ့ ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် ဘိုင်ကာဘိုနိတ် အပါအဝင် ဓာတ်ဆားတွေကိုပြန်ဖြည့်ဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နေပူလို့၊ ချွေးထွက်လို့ အားအင်ကုန်ခန်းသွားတာအတွက် ရည်ရွယ်ပြီး ထုတ်လုပ်တာမဟုတ်တဲ့အတွက် မသုံးသင့်ပါဘူး။ မောပန်းပြီး ချွေးထွက်နေသူ တစ်ယောက်ဟာ ဖျော်သောက်စရာ ဓာတ်ဆားထုပ်ပဲ ရှိတယ်ဆိုရင်  ဝမ်းသွားတဲ့အခါ  ဖျော်သောက်သလို  ဓာတ်ဆားတစ်ထုပ်ကို ရေ ၁ လီတာမှာ မဖျော်သင့်ပါဘူး။ ပျစ်လွန်းပါတယ်။ ဓာတ်ဆား ၁ ထုပ်ကို ရေ ၃ လီတာမှာ (ကျဲကျဲ) ဖျော်၊ ဖျော်ထားတဲ့အရည် ၁ လီတာမှာ သကြား လက်ဖက်ရည်ဇွန်း ၈ ဇွန်းလောက်ထပ်ထည့်ပြီး သောက်သင့်ပါတယ်။

နွေရာသီ ပူပြင်းမှု ပြဿနာများအတွက် ရေ

          ပူပြင်းတဲ့ရာသီမှာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းတဲ့အနေနဲ့ အပူတွေကို ထုတ်လွှတ်ပစ်ဖို့ သွေးကြောတွေ ကျယ်လာပါတယ်။ ခြေထောက်ကသွေးကြောတွေ ကျယ်လာတဲ့အတွက် ကုလားထိုင်မှာထိုင်တာ၊ ဒါမှမဟုတ် မတ်တတ်ရပ်နေတာကြာတဲ့အခါ ခြေဖမိုး၊ ခြေချင်းဝတ်တွေမှာ ဖောရောင်လာတတ်ပါတယ်။ ခေတ္တလဲလျောင်းနေခြင်း၊ ခြေထောက်တွေကို အကွေးအဆန့် လှုပ်ရှားမှုတွေ ပြုလုပ်ပေးခြင်းအားဖြင့် သက်သာနိုင်ပါတယ်။

          ပူပြင်းတဲ့ရာသီမှာ လှုပ်ရှားမှုများလို့ဖြစ်စေ၊ ချွေးထွက်များပြီး ဆိုဒီယမ်တွေ ဆုံးရှုံးသွားလို့ဖြစ်စေ ခြေထောက်၊ လက်နှင့် ဝမ်းဗိုက်ကြွက်သားတွေမှာ ကြွက်တက်တတ်ပါတယ်။ ကြွက်သားတွေကို ဆန့်ပေးခြင်း၊ ရေနှင့်ဆား ဖြည့်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါတယ်။ သောက်ရေ ၁ လီတာမှာ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း မရှိတရှိ ထည့်ဖျော်နိုင်ပါတယ်။ ဆားမပါဘဲ ရေချည်းသက်သက် မသောက်သုံးသင့်ပါဘူး။ နွေရာသီမှာ ကြွက်မတက်အောင် အားကစားဖျော်ရည်တစ်မျိုးမျိုး သောက်ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

          ပူပြင်းတဲ့ရာသီမှာ သွေးကြောတွေ ကျယ်လာတဲ့အတွက် မတ်တတ်ရပ်နေစဉ် သွေးပေါင်ချိန်ကျသွားပြီး ဦးနှောက်ကို သွေးအရောက် နည်းသွားတဲ့အတွက် ခေတ္တသတိလစ်သွားတတ်ပါတယ်။ Heat Syncope လို့ ခေါ်ပါတယ်။ သူ့အလိုလို လဲကျသွားလျှင်ဖြစ်စေ၊ တစ်ယောက်ယောက်က တုံးလုံးလှဲပေးလိုက်လျှင်ဖြစ်စေ ဦးနှောက်ဆီ သွေးကောင်းကောင်းရောက်သွားပြီး ပြန်သတိရလာတတ်ပါတယ်။

          ရာသီဥတု ပူလွန်းတဲ့အခါ ချွေးထွက်များပြီး ရေနှင့် ဆိုဒီယမ် ဆုံးရှုံးမှုကြောင့် ကိုယ်အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်လောက် ဖြစ်လာတတ်ပါတယ်။ လူဟာ မူးနောက်နောက်ဖြစ်လာပြီး အားပြတ်သွားပါတယ်။ Heat Exhaustion လို့ ခေါ်ပါတယ်။ သတိတော့ မလစ်ပါဘူး။ နှလုံးခုန်မြန်ပြီး အရေပြားဟာ စိုစွတ်အေးစက် နေတတ်ပါတယ်။ ရှေးဦးပြုစုခြင်းအနေနဲ့ လူနာကို အရိပ်ရပြီး အေးတဲ့နေရာကိုရွှေ့၊ အင်္ကျီကြယ်သီးတွေ ဖြုတ်ပေးပြီး တုံးလုံးလှဲထားကာ ရေ ဖန်ခွက်တစ်ဝက်မှာ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ဖျော်ပြီး တိုက်ပေးသင့်ပါတယ်။  လူနာကို ဆေးရုံခေါ်သွားစဉ် လမ်းမှာ ၁၅ မိနစ် တစ်ကြိမ် တိုက်ပေးနိုင်ပါတယ်။

          အပူချိန်များလွန်းလို့ ခန္ဓာကိုယ်မှာ အပူထုတ်လွှတ်တဲ့စနစ် ပျက်သွားပြီဆိုရင်တော့ ကိုယ်အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်လောက်အထိ တက်လာပြီး ကယောင်ကတမ်း ဖြစ်ရာမှ သတိလစ်မေ့မျောသွားတတ်ပါတယ်။  Heat Stroke လို့ ခေါ်ပါတယ်။ အသက်အန္တရာယ် အလွန်များပါတယ်။ သေနှုန်းက ၂၅% အထိ ရှိနိုင်ပါတယ်။ လူနာရဲ့ အရေပြားဟာ ပူပြီး ခြောက်နေပါတယ်။ သွေးခုန်တာ အားပြင်းပါတယ်။ လူနာကို အရိပ်ရတဲ့နေရာကို ရွှေ့ ပြီး အေးသွားအောင် ယပ်ခတ်ပေးခြင်း၊ ရေအေးဖတ်တင်ခြင်း၊ ရေဖတ်တိုက်ခြင်း စတာတွေအပြင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ ရေနှင့်ဆားတွေကို ပြန်ဖြည့်ပေးရပါတယ်။ လူနာဟာ ပါးစပ်မှ မသောက်နိုင်တဲ့အတွက် သွေးပြန်ကြောမှ သွင်းပေးရပါတယ်။ ဆေးရုံကို ချက်ချင်း ပို့ပေးရပါမယ်။

အရက်နှင့် ကော်ဖီ

          အရက်၊ ကော်ဖီနှင့် ကဖင်း (Caffeine) ပါတဲ့ အရည်တွေဟာ ဆီးသွားများစေ (ခန္ဓာကိုယ်မှ ရေဆုံးရှုံးမှု များစေ) တဲ့အတွက် ခန္ဓာကိုယ်ရေဓာတ်ဖြည့်ရာမှာ အသုံး မဝင်ပါဘူး။

Facebook Comments