မြေပဲယိုနှင့် နှမ်းပျစ်

“မြန်မာ့ရိုးရာအစားအစာနှင့်   အာဟာရ”

ချစ်စွာသော စာရှုသူများရှင်-

            ယခုလအတွက် “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ မြန်မာ့ရိုးရာ သရေစာမုန့်များစွာရှိတဲ့အထဲက “မြေပဲယိုနှင့်နှမ်းပျစ်” တို့ရဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး မြေပဲယို ပြုလုပ်စားသုံးမှုများအကြောင်းကို ရေးသားတင်ပြမှာဖြစ်ပါတယ်။ မြေပဲယိုကိုတော့ စာရှုသူများ မြင်ဖူး၊ ကြားဖူး၊ စားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ သကြားနဲ့ယိုထိုးထားတဲ့ သကြားမြေပဲယို၊ ထန်းလျက်နဲ့ လုပ်ထားတဲ့ ထန်းလျက်မြေပဲယိုဆိုပြီး နှစ်မျိုးရှိပါတယ်။ တချို့က သကြားမြေပဲယိုကို ကြိုက်နှစ်သက်ကြပြီး တချို့ကတော့ ထန်းလျက်မြေပဲယိုကို စွဲလမ်းကြိုက်နှစ်သက်ကြ ပါတယ်။

          သကြားမြေပဲယိုလုပ်မယ်ဆိုရင်တော့ အခွံချွတ်ပြီးသားမြေပဲလှော် တစ်ပြည်၊ သကြား ၃၀ ကျပ်သားနဲ့ ကပ်စေးနှဲ ၅ ကျပ်သား လိုအပ်ပါတယ်။ လိုအပ်တဲ့ အဆာတွေ စုံပြီ ဆိုရင်တော့ ပထမဆုံး သကြားကိုကျိုပြီး အမှိုက်သရိုက်တွေ ကင်းစင်အောင် ပိတ်ပါးလေးနဲ့ စစ်ရပါမယ်။ သကြားရည်စစ်ပြီးရင်တော့ ကပ်စေးနှဲထည့်ပြီး ညောင်စေးကျအောင် ကျိုရပါမယ်၊ သကြားရည် ညောင်စေးကျတဲ့အနေအထား ရောက်ပြီဆိုလျှင် မြေပဲလှော် တွေကို နှံ့အောင် ထည့်မွှေပြီး ဂျုံမှုန့်နဲ့ ဖြူးထားတဲ့ သစ်သားပြား၊ ဒါမှမဟုတ် ကျောက်ပြားပေါ်ကို လောင်းချရပါမယ်။ အဲဒီလို လောင်းချတဲ့အခါ မြေပဲယိုအထူ လက်တစ်လုံးလောက် အနေအထားရအောင် ဓားနဲ့လှီးရပါမယ်။ အေးသွားတဲ့အခါမှာတော့ ဖြူဖြူသန့်သန့်လေးနဲ့ ချိုဆိမ့်မွှေးပြီး ကြွပ်ရွနေတဲ့ “သကြားမြေပဲယို” ကို ရရှိပြီ ဖြစ်ပါတယ်။

          မြေပဲယိုထဲမှာ မျက်စိပသာဒ ဖြစ်စေဖို့အတွက် နှမ်းစေ့လေးတွေကို ဖြူးထည့်လေ့ ရှိပါတယ်။ မြေပဲယိုစားရင်း နှမ်းစေ့လေးတွေ ကိုက်မိတဲ့အခါ မြေပဲယိုရဲ့ ချိုဆိမ့်တဲ့ အရသာအပြင် နှမ်းစေ့လေးတွေရဲ့ သက်တက်တက်အရသာလေးကိုပါ ခံစားကြရမှာ ဖြစ်ပါတယ်။

          သကြားမြေပဲယိုအကြောင်း တင်ပြလို့အပြီးမှာ ထန်းလျက်မြေပဲယို ပြုလုပ်ပုံကို ဆက်လက်ရေးသားတင်ပြမှာဖြစ်ပါတယ်။ ထန်းလျက်မြေပဲယို ပြုလုပ်မယ်ဆိုရင်တော့ အခွံချွတ်ပြီးသား မြေပဲလှော် ၁ ပြည်၊ ထန်းလျက် ၅၀ ကျပ်သားနဲ့ ကပ်စေးနှဲ ၅ ကျပ်သား လိုအပ်ပါတယ်။ လိုအပ်တဲ့ အဆာတွေစုံပြီဆိုရင်တော့ ပထမဆုံး ထန်းလျက်တွေကို ရေအနည်းငယ်နဲ့ ကျိုပြီး အမှိုက်သရိုက်တွေ ကင်စင်းသွားအောင် ပိတ်ပါးလေးနဲ့ စစ်ရပါမယ်။ ထန်းလျက်ရည်ကို အမှိုက်တွေ စစ်ပြီးတဲ့အခါ ထန်းလျက်ရည်တွေ ညောင်စေးကျတဲ့အထိ ဆက်ကျိုရပါမယ်။ ထန်းလျက်ရည်ထဲမှာ ကပ်စေးနှဲကိုပါ တစ်ခါတည်း ထည့်ကျိုရမှာ ဖြစ်ပါတယ်။ ထန်းလျက်ရည် ညောင်စေးကျတဲ့အခါ မြေပဲလှော်တွေကို အခွံချွတ်၊ ပြာတီးပြီး ထည့်ရပါမယ်။ ပြီးလျှင် မြေပဲတွေကို ထန်းလျက်ရည်ထဲမှာ သမအောင် မွှေရပါမယ်။ အဲဒီနောက် ဒါမှမဟုတ် ကျောက်ပြားပေါ်မှာ ဂျုံမှုန့်နဲ့ နှမ်းစေ့လေးတွေဖြူးပြီး အပေါ်ကနေ မြေပဲယိုကို လောင်းချလိုက်ရပါမယ်။ မြေပဲ လက် ၁ လုံးလောက် အထူရှိတဲ့ အနေအထား လောင်းချပြီး သစ်သားတလိမ့်တုံးနဲ့ လှိမ့်ပေးရပါမယ်။ မြေပဲယိုတွေ မအေးခင်မှာ စိတ်ကြိုက်အရွယ်၊ လိုရာပုံစံရအောင် ဓားနဲ့လှီးပြီး အေးသွားတဲ့အခါမှာတော့ ထန်းလျက်နံ့သင်းသင်းလေးနဲ့ ကြွပ်ရွနေတဲ့ “ထန်းလျက်မြေပဲယို” ကို ရရှိပြီဖြစ်ပါတယ်။

          ထန်းလျက်နဲ့လုပ်ထားတဲ့  ထန်းလျက်မြေပဲယိုကိုလည်း စားဖူးသူတိုင်း နှစ်သက်ကြပါတယ်။ မြေပဲယိုကို ပုလင်းထဲမှာ လေလုံအောင် ပိတ်ပြီး တာရှည်စားသုံးလို့လည်း ရပါတယ်။ အမြတ်တနိုး ဘုရားဆွမ်းတော်ကပ်နိုင်သလို ဘုန်ကြီး၊ ရဟန်း၊ သံဃာများကို လည်း လောင်းလှူနိုင်ပါတယ်။ ဧည့်သည်လာတဲ့အခါ အလွယ်တကူ ဧည့်ဝတ်ပြုနိုင်သလို နေ့လယ်နေ့ခင်း ရေနွေးကြမ်းနဲ့လည်း မြည်းနိုင်တဲ့ သရေစာ ဖြစ်ပါတယ်။ မြေပဲယိုထဲမှာ ပါဝင်တဲ့  အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစား အစာ၏အာဟာရ” စာအုပ်အလိုအရ မြေပဲယိုစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၅၅၇ ကီလိုကယ်လိုရီပါဝင်ပြီး အဆီဓာတ် ၄၈.၁ ဂရမ်၊ ပရိုတင်းဓာတ် ၂၇.၁ ဂရမ်နဲ့ ကစီဓာတ် ၁၄.၈ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။ စားရတာအရသာရှိလှသလို အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်နေတဲ့  မြေပဲယို ပြုလုပ်စားသုံးနည်းများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလို့အပြီးမှာ ယခုဆက်လက်ပြီး “နှမ်းပျစ်” ပြုလုပ်စားသုံးပုံများနှင့် အာဟာရတန်ဖိုးများအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။

          နှမ်းပျစ်ကို တချို့က “နှမ်းယို” လို့ ခေါ်ကြပါတယ်။ နှမ်းကို ထန်းလျက် (သို့) သကြားနဲ့ ယိုထားတာမို့ နှမ်းယိုလို့ ခေါ်တွင်ကြဟန် တူပါတယ်။ နှမ်းယိုလို့ ခေါ်တွင်တဲ့ နှမ်းပျစ်ကို သကြားနဲ့ လုပ်မယ်ဆိုရင်တော့ နှမ်းလှော် နို့ဆီဘူး ၂ ဘူး၊ သကြား ၂၅ ကျပ်သားနဲ့ ဆား သင့်ရုံလိုအပ်ပါတယ်။

          လိုအပ်တဲ့အဆာတွေအားလုံး စုံပြီဆိုရင်တော့ ပထမဆုံးကင်းစင်အောင် အဝတ်ပါးပါးလေးနဲ့ စစ်ရပါမယ်။ အမှိုက်တွေစစ်ပြီးတဲ့ သကြားရည်ကို ညောင်စေးကျအောင် ဆက်ကျိုရပါမယ်။ ညောင်စေးကျလာတဲ့အခါ နှမ်းလှော်တွေကို အမှိုက်သရိုက် ကင်းစင်အောင် ပြာတီးပြီး သကြားရည်အိုးထဲကို လောင်းထည့်ရပါမယ်။ တစ်ဆက်တည်းမှာပဲ နှမ်းလှော်တွေကို သကြားရည်ထဲမှာ သမသွားအောင် မွှေပေးရပါမယ်။ အဲဒီနောက် ဆီသုတ်ထားတဲ့ ပျဉ်ပြားပေါ်ကို နှမ်းယိုတွေ လောင်းချရပါမယ်။ အဲဒီနှမ်းယိုတွေကိုတော့ ခပ်ပါးပါး ပြားပြားလေး ဖြစ်သွားတဲ့အထိ တလိမ့်တုံးနဲ့ လှိမ့်ပေးရပါမယ်။

          အဲဒီလို နှမ်းယိုပေါ်ကို တလိမ့်တုံးနဲ့ လှိမ့်တဲ့အခါ တလိမ့်တုံးမကပ်ရအောင် ဂျုံမှုန့်လေး ဖြူးပေးဖို့ လိုအပ်ပါတယ်။ နှမ်းပျစ်မအေးခင်မှာ နှစ်သက်ရာပုံစံ အထူအပါး အနေတော်အရွယ် ဖြတ်တောက်ထားရပါမယ်။ အေးသွားတဲ့အခါမှာတော့ အရောင်လေးဖြူဖွေးပြီး နှမ်းလှော်နံ့လေးသင်းနေတဲ့ ကြွပ်ကြွပ်ရွရွ၊ ချိုချိုဆိမ့်ဆိမ့် နှမ်းပျစ်လေးကို ရရှိပြီဖြစ်ပါတယ်။

          ကိုယ်တိုင်ကိုယ်ကျ သန့်သန့်ရှင်းရှင်းပြုလုပ်တဲ့ နှမ်းပျစ်ကို ဘုရားလှူ၊ ဘုန်းကြီး ဆွမ်းလောင်းနိုင်တဲ့အပြင် အိမ်မှာရှိတဲ့ ကလေးသူငယ်များကိုလည်း သရေစာတစ်မျိုး အနေနဲ့ ကျွေးမွေးနိုင်ပါသေးတယ်။ ကလေးငယ်တွေ အလွန်ကြိုက်တဲ့ သရေစာနှမ်းပျစ် ဖြစ်ပါတယ်။ နှမ်းပျစ်ကို ထန်းလျက်နဲ့လည်း ပြုလုပ်နိုင်ပါတယ်။ ထန်းလျက်နဲ့ နှမ်းပျစ် လုပ်မယ်ဆိုရင်တော့ နှမ်းလှော် နို့ဆီဘူး ၂ ဘူး၊ ထန်းလျက် ၂၀ ကျပ်သားနဲ့ ဆားသင့်ရုံ လိုအပ်ပါတယ်။

          လိုအပ်တဲ့အဆာတွေ စုံပြီဆိုရင်တော့ ပထမဆုံး ထန်းလျက်ကို ရေနည်းနည်းနဲ့ ကျိုရပါမယ်။ ထန်းလျက်ရည်ပျော်သွားတဲ့အခါ အမှိုက်သရိုက်တွေ ကင်းစင်အောင် ထန်းလျက်ရည်ကို ပိတ်ပါးလေးနဲ့ စစ်ရပါမယ်။ ပြီးရင်တော့ ထန်းလျက်ရည်ကို ညောင်စေးကျနေအောင် ကျိုရပါမယ်။ နှမ်းလှော်တွေကိုတော့ အမှိုက်သရိုက်ကင်းစင်အောင် ပြာတီးပြီး ညောင်စေးကျအာင် ကျိုထားတဲ့ ထန်းလျက်အိုးထဲထည့်ကာ သမအောင် မွှေပေးရ ပါမယ်။ အဲဒီနောက် ဆီသုတ်ထားတဲ့ ပျဉ်ပြားပေါ်ကို နှမ်းယိုတွေ လောင်းချပေးရပါမယ်။ လက်သန်းလုံးလောက် အထူလောင်းချထားတဲ့ နှမ်းယိုတွေကို ကိုယ်လိုချင်တဲ့အထူအနေ အထားရောက်တဲ့အထိ တလိမ့်တုံးနဲ့ လှိမ့်ပေးရပါမယ်။ နှမ်းပျစ်ကိုတော့ ခပ်ပါးပါးလေး ဖြစ်တဲ့အထိ တလိမ့်တုံးတဲ့ လှိမ့်လေ့ရှိပါတယ်။ နှမ်းပျစ်ပါးပါးလေးဆိုတော့မှ ကိုက်လိုက်တဲ့အခါ ပျင်းတွဲတွဲဖြစ်မနေဘဲ ကြွပ်ရွနေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တလိမ့်တုံးမကပ်အောင် ဂျုံမှုန့်ကို ဖြူးပေးသင့်ပါတယ်။ နှမ်းပျစ်တွေ မအေးခင်မှာ စိတ်ကြိုက်အရွယ်ဖြစ်အောင် ဓားနဲ့လှီးဖြတ်ထားသင့်ပါတယ်။ အေးသွားပြီဆိုလျှင် ထန်းလျက်နံ့လေးသင်းပြီး နှမ်းလှော်နံ့လေးမွှေးမွှေးလေးနဲ့ “နှမ်းပျစ်” ကြွပ်ကြွပ်ရွရွ၊ ချိုချိုဆိမ့်ဆိမ့်လေးကို ရရှိပြီ ဖြစ်ပါတယ်။

          လုပ်ရတာ လက်မဝင်ဘဲ စားရတာလည်း အရသာရှိပြီး နှမ်းပျစ်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစားအစာ၏ အာဟာရ” စာအုပ် အလိုအရ “နှမ်းပျစ်” စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၅၈၂ ကီလိုကယ်လိုရီအပြင် အဆီဓာတ် ၅၂.၈ ဂရမ်၊ ကစီဓာတ် ၁၉.၈ ဂရမ်၊ ပရိုတင်းဓာတ် ၁၇.၂ ဂရမ်နဲ့ ထုံးဓာတ် ၇၅၀ မီလီဂရမ် ပါဝင်တာတွေ့ရပါတယ်။

          ယခုလမှာတော့ သရေစာ “မြေပဲယိုနဲ့ နှမ်းပျစ်” တို့ရဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြရင်း “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကို ရပ်နားလိုက်ရပါတယ်ရှင်။

ဆန်းဆန်းဦး

မြန်မာ့အသံ

Facebook Comments