
10 - October - 2018
by Meemeetofu for Food Magazine
မြန်မာ့ရိုးရာမုန့်ပျားသလက်လို ပဲပြုတ်၊ နံနံပင်တို့ထည့်ပြီး နှမ်းထောင်းလေးဖြူးကာ စားနိုင်သလို အစပ်နှစ်သက်သူများက ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီးတို့ လှီးပြီး ထည့်နိုင်ပါတယ်။ ပြောင်းဖူးပြုတ်လေးြွေခထည့်ထားပြီး အချိုလေး လုပ်ထားပါတယ်။ မုန့်အုပ်ကလေးကို ရိုးရာနည်းအတိုင်း လုပ်မယ်ဆိုရင် ဆန်ကို ရေစိမ်ပြီး ကြိတ်၍ အချဉ်ဖောက်ပြီး လုပ်ကြပါတယ်။ အချိန်ပေးရတဲ့အတွက် အိမ်မှာ အလွယ်မလုပ်စားဖြစ်ကြဘူးပေါ့။
အခုက ရွှေလိပ်ပြာအကြော်မှုန့်နဲ့ စမ်းသပ်ပြီးလုပ်ကြည့်တာ စားကောင်းလို့ မုန့်ပဲ သရေစာကို အိမ်မှာလုပ်စားလိုသူတို့ စမ်းလုပ်ကြည့်ကြပါနော်။ မုန့်လုပ်ပြီး ပူပူနွေးနွေးမှာလည်း ကြွပ်နေသလို အေးသွားချိန်မှာလည်း မာမသွားဘဲ ကြွပ်နေဆဲပါ။ အချိန်တော် တော်ကြာသွားရင်တော့ ပျော့သွားပါတယ်။ ဆီဝနေတဲ့၊ မကပ်တဲ့ မုန့်အုပ်လေးလို အိုးကို အသုံးပြုပါက ဆီအသုံးပြုမှုကို လျှော့ချနိုင်ပြီး မုန့်လေးတွေကို ခွာရတာလည်း လွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
ရွှေလိပ်ပြာ အကြော်မှုန့် – ၁ ထုပ်
မွှေးကုလားပဲ အစိမ်းမှုန့် – စားပွဲဇွန်း ၁ ဇွန်း
ရေ – ၄၅၀-၅၀ဝ မီလီလီတာ
ဆား – အနည်းငယ်
ပြောင်းဖူးပြုတ် – ၁ ဖူး (ခြွေထားပါ)
ဆီ
ပြုလုပ်နည်း
၁။ ရွှေလိပ်ပြာ အကြော်မှုန့်ကို ဆား၊ မွှေးကုလားပဲအစိမ်းမှုန့်တို့နဲ့ရောပြီး သမအောင် မွှေပါ။ ရေကို နည်းနည်းချင်း ထည့်မွှေပေးပြီး အလုံးအခဲများမဖြစ်အောင် မွှေပါ။ ထို့နောက် ရေကို ထပ်ထည့်ပြီး ကျဲကျဲလေးဖျော်ထားပါ။
၂။ ပြောင်းဖူးပြုတ်ကို အစေ့ခြွေထားပါ။
၃။ မုန့်ပျားသလက်အိုးကို မီးဖိုပေါ်တင်ပါ။ အိုးအချိုင့်လေးများအတွင်း ဆီထည့်ပါ။ အိုးပူလာတဲ့အခါ မုန့်ရည်
၁ ဇွန်းစာခန့် ခပ်ထည့်ပါ။ ပြောင်းဖူးပြုတ်ထည့်ပြီး အဖုံးအုပ်ထားပါ။
၎။ မုန့်ရဲ့ ဘေးသားလေးတွေက အိုးနှုတ်ခမ်းနဲ့ ကွာဟလာပြီဆိုလျှင် ဇွန်းလေးနဲ့ မုန့်အောက်ခြေကို ကော်ကြည့်ပါ။ ရွှေအိုရောင်ပြောင်းပြီး ကြွပ်နေပြီဆိုလျှင် ဆယ်ယူလို့ရပါပြီ။
၅။ အိုးထဲကို မုန့်ရည်ထည့်တိုင်း သမအောင်မွှေပြီးမှ ထည့်ပါ။