ရွှေထမင်း

ရွှေထမင်း

          ရွှေထမင်းလုပ်နည်းက လွယ်ကူပြီး ရှင်းတယ်။ ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူဝယ်လို့ရပြီး အမျိုးအမည်နည်းတယ်။ မြန်မာအများစုလည်း နှစ်သက်ကြပါတယ်။ လုပ်နေမကျသူ၊ ရွှေထမင်းလုပ်တာ မမြင်ဖူးတဲ့ သူတို့မှာ အထစ်အငေါ့ဖြစ်နိုင်တဲ့အချက်ဆိုလို့ ကောက်ညှင်းမနပ်တာ၊ ပျော့ပြဲတာ၊ ချိုရဲတာ၊ အချိုနည်းတာတို့ပဲ ဖြစ်နိုင်ပါတယ်။ ရွှေထမင်းကို အရင်က တရုတ်ကလာတဲ့ ကြံသကာအမည်းနဲ့ ပြုလုပ်ခဲ့ပေမဲ့ ဒီတစ်ခါမှာ ရွှေမန်းသူလေး မစိုးစိုးနွယ် ပို့ပေးလိုက်တဲ့ အညာမုန့်လုပ်ထန်းလျက်မွှေးမွှေးလေးနဲ့လုပ်ထားလို့ အလွန်ပဲ စားကောင်းပါတယ်ရှင်။ ရွှေထမင်းလုပ်နည်းကို Facebook မှာ တင်တုန်းက အကြံပြုထားတဲ့ နည်းကောင်းလေးတွေနဲ့ ဖြည့်စွက်ထားပါတယ်ရှင်။

   ပါဝင်သောပစ္စည်းများ

၁။   ကောက်ညှင်းဆန်    –   2 rice cooker ခွက်

၂။   ထန်းလျက်     –   ၆၀-၈၀ ဂရမ် ( ၅ကျပ်သားခန့်)

၃။   ဆား    –   အနည်းငယ်

၎။   အုန်းသီးခြစ်   –   အနည်းငယ် (ဖြူးစားရန် မနုမရင့်)

၅။   ဆီ   –    အနည်းငယ် (မကပ်အောင် ဖြူးရန်၊ ကောက်ညှင်းနှင့် ရောနယ်ရန်)

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      မုန့်လုပ် ထန်းလျက်ကို ရေလေးနည်းနည်းထည့်ပြီး ပျော်သွားအောင်စိမ်ပါ။ ဆန်ခါဖြင့် အမှိုက်စစ်ပြီး ညောင်စေးမကျတကျ ကျိုထားပါ။ ဆားခတ်မွှေထားပါ။ ကောက်ညှင်းဆန် အပျော့အမာအပေါ်မူတည်ပြီး စတီးဇွန်းနဲ့ ၁၀ ဇွန်းမှ ၁၂ ဇွန်း အထိထည့်ရပါတယ်။ ကိုယ်ချက်တဲ့ ကောက်ညှင်းဆန်က ပျော့နေတယ်ဆိုရင် ထန်းလျက်ကို  ပိုပျစ်အောင်ကျိုပါ။

၂။      ကောက်ညှင်းဆန်ကို ရေနွေးနွေးနဲ့ ကြည်သန့်လာတဲ့အထိဆေးပြီး တစ်ညရေစိမ်ထားပါ။ နောက်တစ်နေ့မှာ အပေါက်ပါတဲ့ ပေါင်းဆန်ခါထဲထည့်၊ အပေါ်က အဝတ်လေးအုပ်၊ အောက်ခံအိုးထဲကို ရေ ၁ ၁/၂ – ၂ လက်မထည့်၊ မီးကို အလယ်လတ်မှာထားပြီး ရေဆူအောင်တည်၊ ရေဆူပြီဆိုရင် မီးလျှော့ပြီး ၄၅ မိနစ်ခန့်ပေါင်း၊ ကောက်ညှင်းဆန် အလုံးမပျက်ဘဲ ဆန်သားလည်းနပ်ရပါမယ်။ ပေါင်းနေစဉ် အချိန်အတွင်းမှာ အထက်အောက် တစ်ခါလှန်ပေးဖို့ လိုအပ်ပါတယ်။ ကောက်ညှင်းနပ်ပြီဆိုရင် ဗန်းတစ်ခုထဲထည့်ပါ။ (ကောက်ညှင်းချက်လို့ရတဲ့ Rice Cooker တွေနဲ့လည်း ချက်နိုင်ပါတယ်။ အဲဒီလို ချက်ရင် အနည်းငယ် ပျော့တတ်တာမို့ ထန်းလျက်ရည် ပမာဏကို အနည်းငယ်လျှော့/ ပိုပျစ်အောင် ကျိုရပါမယ်)

၃။      ကောက်ညှင်းပေါင်း၊ ဆီအနည်းငယ်နဲ့ ထန်းလျက်ရည်တို့ကို ရောပြီး မီးအေးအေးမှာ ပြန်မွှေပေးပါ။ စီးလာတဲ့အခါ ဗန်းမှာ ဆီသုတ်ပြီး ကောက်ညှင်းကို ဖြန့်ထည့်ပါ။

၎။      မျက်နှာပြင်ညှိအအေးခံပါ။ အေးသွားရင် ဓားကို ဆီဆွတ်ပြီး နှစ်သက်ရာပုံလှီးပါ၊ အုန်းသီးဖြူးပြီး သုံးဆောင်ပါရှင်။

♦   Meemeetofu   ♦

Facebook Comments