ရှောက်သီးထမင်းကြော်အစပ် (Spicy Lemon Fried Rice)

by Syi Lwin Foods Garden for Food Magazine

          ရှောက်သီးသုပ်စားတာတွေက ရိုးနေပါပြီ။ ရှောက်သီးကို ထမင်းနဲ့ တစ်ခါတည်း ကြော်ပြီး စားလိုက်တော့ တစ်ခါတည်း ဟင်းရော ထမင်းပါ အရသာရှိရှိဖြင့် စားဖြစ်သွားတာပေါ့။

ပါဝင်ပစ္စည်းများ      

ရှောက်သီး  –  ၁ လုံး (အသားများနွှာထားပါ)

ထမင်း  –  ၃ ခွက် (ဟင်းချက်ရန် တိုင်းသောခွက်)

စိမ်းစားငါးပိ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ပုစွန်ခြောက်  –  စားပွဲဇွန်း ၅ ဇွန်း (မညက်တညက် ထောင်းထားပါ)

ကြက်သွန်နီ  –  ၂ လုံး (ပါးပါးအရှည်လိုက် လှီးထားပါ)

နေကြာဆီ  –  လိုသလောက် (အကြော်ကြော်ရန်)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မြေပဲလှော်  –  စားပွဲဇွန်း ၆ ဇွန်း (မညက်တညက်ထောင်းထားပါ)

နံနံပင်  –  ၃ ပင် (ခပ်နုပ်နုပ်လှီးထားပါ)

ငရုတ်သီးစိမ်း  –  ၅ တောင့် (ခပ်ပါးပါး လှီးထားပါ)

ကြက်သွန်ကြော်  –  လိုသလောက် (ကြော်ပြီးသား အသင့်စား)

ပြုလုပ်နည်း

၁။       မကပ်သော ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် နနွင်းမှုန့်၊ ကြက်သွန်နီတို့ကို ထည့်၍ ဆီသတ်ပါ။ ကြက်သွန်နီနွမ်းပြီး အနံ့မွှေးလာလျှင် စိမ်းစား ငါးပိထည့်၍ ငါးပိအနံ့မွှေးပြီး အနည်းငယ်ကြွပ်လာသည်အထိ တည်ပါ။ ပြီးလျှင် ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ရှောက်သီးနှင့် မြေပဲတို့ကိုထည့်ပြီး သေချာ နှံ့အောင် မွှေပါ။ ၃ မိနစ်ခန့် တည်ပြီးလျှင် ထမင်းထည့်မွှေပါ။ သေချာနှံ့အောင် အရသာထမင်းထဲဝင်အောင် မွှေပါ။

၂။       နံနံပင်နှင့် ကြက်သွန်ကြော်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံးကို အိုးထဲထည့်ပါ။ သေချာ အရသာ ထမင်းထဲဝင်အောင် မွှေပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ အရသာမှာ မိမိစိတ်တိုင်းကျရလျှင် မီးပိတ်ပြီး မီးဖိုပေါ်မှ ချခါနီး နံနံပင် ဖြူးပါ။ ပူပူလေးသုံးဆောင်လျှင် ပိုကောင်းပါတယ်။ ပူပူလေး ပန်းကန်မှာ ထည့်ပြီးလျှင် ကြက်သွန်ကြော် အနည်းငယ်ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments