ရေမုန့်

by Sofia for Food Magazine

          မြန်မာမုန့်လေးတွေကို မြန်မာပြည်နေချိန်မှာ အမှတ်တမဲ့နေခဲ့ကြပေမယ့် အဝေးရောက်သွားတော့မှ သတိရပြီး တမ်းတတတ်လာတယ်။ ကိုယ်လုပ်တတ်သလောက်လေး  လုပ်စားဖြစ်သလို မတတ်တာလေးတွေကိုလည်း နီးစပ်ရာကို မေးမြန်းပြီး စမ်းပြီး လုပ်စားဖြစ်ခဲ့တယ်။ အညာဘက်မှာတော့ နူးညံ့တဲ့ ရေမုန့်ကို မနက်ခင်းစာအဖြစ် အကြော်စုံနဲ့ တွဲဖက်စားလိမ့်ရှိပါတယ်။ ဆိုဖီယာလုပ်စားဖြစ်တဲ့ ရေမုန့်အချိုးလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ဆန်မှုန့်  –  နို့ဆီဘူး ၃ ဘူး (၄၅၀ ဂရမ်)

ဆား –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ရေ  –  နို့ဆီဘူး ၄  ၁/၂ ဘူး

ရေနွေးပူ  –  စားပွဲဇွန်း ၃ ဇွန်း

ပဲပြုတ်  –  ၁ ပန်းကန်

နံနံပင်  –  ၁ စည်း

နှမ်းထောင်း  –  အနည်းငယ်

ဆီ  –  အနည်းငယ်

တွဲဖက်စားရန်

အကြော်စုံ

ပြုလုပ်နည်း

၁။       ဆန် ၁ ပြည်ကို ကောက်ညှင်းလက်တစ်ဆုပ်ထည့်ပြီး ရေစိမ်ကြိတ်ကာ စစ်ထား၊ အခြောက်ခံထားသော ဆန်မှုန့်ကို သုံးထားခြင်းဖြစ်ပါတယ်။

၂။       မုန့်ပြုလုပ်ရန် ငစိန်ဆန်ကြမ်းမှာ အကောင်းဆုံးဖြစ်ပါတယ်။ အခြားဆန်ကိုလည်း အသုံးပြုနိုင်ပေမယ့် ရေနွေးအချိုးကို သတိပြုရန် လိုအပ်ပါတယ်။

၃။       မုန့်နှစ်ဖျော်ရန် ဆန်မှုန့် နို့ဆီဘူး ၃ ဘူး၊ ဆား အနည်းငယ်၊ ဆော်ဒါ လက်ဖက်ဇွန်း ၁/၂ ဇွန်း ထည့်ပါ။ ရေ နို့ဆီဘူး ၄  ၁/၂ ဘူးကို ရေနွေးပူပူ ၃ ဇွန်းနှင့် ရောပြီး မွှေ၍ မုန့်နှစ်ရည် ဖျော်ထားပါ။

၎။       ဆန်ကို ရေစိမ်၍ ရေစစ်ပြီး အမှုန့်ကြိတ်သုံးပါက မုန့်နှစ်ရည်နှပ်ထားရန်မလိုဘဲ  တန်းပြီး မုန့်လုပ်နိုင်ပါတယ်။ ဆန်မှုန့်ခြောက်ကို အသုံးပြုပါက မိနစ် ၃၀ ခန့် နှပ်ထားပေးဖို့ လိုအပ်ပါတယ်။

၅။       ရေမုန့်ပြုလုပ်ရန် မုန့်နှစ်ရည်အသင့်ဖြစ်ပါက နံနံပင်၊ ပဲပြုတ်နှင့် နှမ်းထောင်းတို့ကို အသင့်ပြင်ထားပါ။

၆။       အိုးပူလာပါက ဆီ အနည်းငယ်လူးပြီး မုန့်နှစ်ရည်ကို သမအောင် မွှေ၍ ယောက်ချိုဖြင့် ၁ ဇွန်း ခပ်ထည့်ပြီး အိုးအနှံ့ပြန့်အောင် ဖြန့်ပေးပါ။ ပဲပြုတ်၊ နံနံပင်နှင့် နှမ်းထောင်းတို့ကို ထည့်ပါ။

၇။       မုန့်နှစ်ကျက်ပါက အပေါ်ဘက်မှ ဆီ အနည်းငယ်သုတ်ပေးပြီး ထုတ်ယူ၍ အကြော်စုံဖြင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ။

**      အသုံးပြုသော ဆန်အမျိုးအစားပေါ်မူတည်ပြီး ရေနွေးကို ချင့်ချိန်ထည့်ပါ။ ဆန်နု ဆန်ချောဖြစ်ပါက လျှော့ ထည့်ပါ။

**      မုန့်ရည်ပါး လမ်းသရဲမုန့်ပြုလုပ်လိုပါက ဆီကို ပိုသုံးပြီး ခရမ်းချဉ်သီး၊ ငရုတ်သီး၊ မဆလာ၊ အုန်းသီးစိမ်း၊ ပဲပင်ပေါက်၊ ဂေါ်ဖီ စသည်တို့ကို ဒေသအလိုက် ထည့်ပြီး ပြုလုပ်လေ့ရှိပါတယ်။

Facebook Comments