မေတ္တာတွေထား ချက်စို့လား

by နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) For Food Magazine

          အောက်တိုဘာလမှာတော့  ဆရာမနန်းစန်းစန်းအေးက’ကိုင်းခရမ်းချဉ်သီးငါးပိချက်’ အပါအဝင်  ဟင်းလျာ အတွဲအစပ်  ခုနစ်မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့-

၁။       ဝက်နံရိုးပဲငါးပိသုပ်၊ သစ်တိုသီးအချဉ်ချက်၊ ကြောင်လျှာသီးသုပ်၊ ငါးပိရည်တို့စုံ။

၂။       ဆိတ်သားခြောက် ခရမ်းသီးနှပ်၊ ကျောက်ဖရုံသီး ကြက်ခြေထောက်ဟင်းချို၊ ကြက်သွန်နီ၊ ငရုတ်သီး ပူဒီနာသုပ်၊ ပုစွန်ခြောက်ကြော်။

၃။       ငါးပြေမ မန်ကျည်းသီးစိမ်းချက်၊ မှိုမုန်ညင်းဟင်းချို၊ ရုံးပတီသီး ပုစွန်ခြောက်ကြော်၊ ငရုတ်သီး အစိမ်းထောင်း။

၎။       အမဲအကြောအသား စပါးလင်ချက်၊ ဖရုံညွန့်၊ ဖရုံပွင့် ငါးမီးကင်ဟင်းချို၊ ငါးပိသုပ်၊ ပုစွန်ခြောက်ထောင်းကြော်။

၅။       ပြည်ကြီးငါး၊ ပုစွန်ကြက်သားဘူးသီးဟင်း၊ ကိုင်းခရမ်းချဉ်သီးငါးပိချက်၊ သီးစုံဆလတ်ရွက်သုပ်။

၆။       ဘဲဥငါးခြောက်ချက်၊ ချင်းဖရုံသီးနှပ်၊ ပဲဝါလေး ဆူးပုပ်ရွက်ဟင်းချို၊ ငါးပိသုပ်။

၇။       ငါးရှဥ့်အသားချဉ်စပ်၊ မျှစ်ဆန်လှော်ပင်စိမ်းဟင်းရည်၊ ပဲပင်ပေါက်သုပ်၊ ငရုတ်သီး အကြမ်းကြော်။

          အဲဒီ ဟင်းလျာအတွဲအစပ် ခုနစ်မျိုးထဲမှ ပြည်ကြီးငါး၊ ပုစွန်ကြက်သားဘူးသီးဟင်း၊ ကိုင်းခရမ်းချဉ်သီး ငါးပိချက်၊ သီးစုံဆလတ်ရွက်သုပ်တို့ကို တင်ဆက်ပေးလိုက်ပါတယ်။

          ‘ခုနစ် မျဉ်းစောင်း ဖမန (နိုင်) ဆိုတာ ညီမလေးတို့ မြို့ကပဲ ကိုကိုရဲ့’

          ‘အေးလေ … ညီမလေး မှတ်ပုံတင်မှာရော၊ ကိုကို့ မှတ်ပုံတင်မှာရော ပါနေကျတွေကို အထူးအဆန်းလုပ်ပြီး ပြောနေတယ်’

          ‘သတင်းစာထဲပါတယ်ဆိုတော့ ဖတ်ကြည့်ရဦး မှာပေါ့’

          ‘ရုံးပိတ်ရက်လေးများ နားနားနေနေ နေပါတော့ လား ညီမလေးရာ။ ကိုယ့်ကိစ္စ မဟုတ်ဘဲ စိတ်ဝင်စားနေ ပြန်ပြီ’

          ‘ကိုယ့်မြို့ကဆိုတော့ ဘာများလဲလို့။ သူက ကန် ထရိုက်တာဆိုပဲ။ မြေပိုင်ရှင်နဲ့ တိုက်ဆောက်ပြီး တစ် ယောက်တစ်ဝက် ယူကြတဲ့ဟာ။ ပြီးအောင် မဆောက် နိုင်လို့ မြေပိုင်ရှင်ဘက် ကြော်ငြာထားတာ’

          ‘အေး… အဲဒါဆို မြေရှင်ကလည်း သူ့နေရာမှာ ဆောက်ထားတော့ ပြီးသလောက် သူအပိုင် သူကတော့ ကြိုပွိုင့်တွေယူပြီး အခန်းမပေးနိုင်။ အခန်းကြိုဝယ်တဲ့သူ ခံရမှာပေါ့။ ဒါတွေကလည်း တစ်နေ့တစ်နေ့ သတင်းစာထဲ ပါနေကျ။ သိပ်အဆန်းမဟုတ်ပါဘူး’

          ‘ဆန်းတာပြောရမလား။ မေမေက တောင်ခြေမှာ မြေဝယ်ပြီး အဆောက်အအုံဆောက်နေတာ။ ပြီးအောင် မဆောက်လို့ စိတ်တွေတိုနေတယ်’

          ‘အဲဒါ ကန်ထရိုက်နဲ့ဆောက်တာမှ မဟုတ်တာ။ အဘိုးတို့ရဲ့ မွေးစားသား၊ မောင်နှမတွေလို နေလာတဲ့သူ ဆောက်ပေးတာ မဟုတ်ဘူးလား’

          ‘အေးလေ… အဲဒီလူကပဲ ပိုက်ဆံတွေယူပြီး တောပြောတောင်ပြော ပြောနေတာ’

          ‘မေကြီးတော့ ပြဿနာပဲ’

          ‘အမှုန့်ကြိတ်မယ်၊ အရည်ညှစ်မယ်၊ နုပ်နုပ်စဉ်းမယ်နဲ့ အမျိုးမျိုး မေတ္တာတွေပို့နေလေရဲ့’

          ‘ဒီတစ်ခါ မေမေ့မေတ္တာတွေက ထိရောက်ပါ့မလား မသိဘူး’

          ‘အဲဒီကိစ္စနဲ့ ဖေရော မေရော ဖြူးပြန်လေတော့ တို့မောင်နှမနှစ်ယောက် ဘာတွေ ချက်စားကြမလဲ’

          ‘ညီမလေး ချက်မယ်။ ကြက်သား၊ ပုစွန်၊ ပြည်ကြီး ငါးတွေရှိတယ်။ ဘူးစင်မှာ ဘူးသီးအသေးတစ်လုံး သီးနေ တယ်။ ကိုင်းခရမ်းချဉ်သီးတွေလည်း အပင်မှာ မှည့်နေတယ်။  အဲဒါတွေကို ဟင်းဖြစ်အောင် လုပ်လိုက်မယ်’

          ကြက်သားရင်အုပ်ပိုင်း ၁ဝ ကျပ်သား၊ ပုစွန်ခေါင်းမပါ ၁ဝ ကျပ်သား၊ ပြည်ကြီးငါး ၁ဝ ကျပ်သား အားလုံးကို ဆေးကြောသန့်စင်ပြီး ကြက်သားကို အတုံးလေးတွေ တုံးမယ်။ ပုစွန်ကိုတော့ အခွံနွှာပြီး ချေးကြောင်းလေးတွေ ထုတ်မယ်။ ပြည်ကြီးငါးကိုလည်း ခရမ်း ရောင်တွေဖယ်ပြီး သုံးပိုင်းစီလောက် ဖြတ်ထားမယ်။

          ချက်မယ်ဆို အိုးထဲ ဆီကိုစတီးဇွန်း ၃ ဇွန်းထည့်မယ်။ ဆီပူလာရင် ကြက်သွန်ဖြူ ငါးမြွှာ ဓားပြားရိုက်ထားတာ ထည့်ကြော်မယ်။ ကြက်သွန်ကျက်ရင် ဆား၊ အရသာ နယ် ထားတာနဲ့ ကြက်သားထည့်ကြော်မယ်။ ကြက်သား အပြင်တင်းရင် ပုစွန်တစ်ဝက်နဲ့ ပြည်ကြီးငါးထပ်ထည့် မယ်။ ပုစွန်ကွေးရင် ခရမ်းချဉ်သီးတစ်လုံး၊ အနေတော်လှီး ဖြတ်ထားတဲ့ ဘူးညွန့်ပေါင်းထည့်မယ်။ ဆား၊ အရသာ အနေတော်ထပ်မြည်းပြီးရင် ပန်းကန်ထဲ ပြောင်းထည့်မယ်။

          ဘူးသီးကို စင်မှာပဲ အောက်ပိုင်းကို လက်ငါးလုံး လောက် ဓားနဲ့ဖြတ်ယူမယ်။ အတွင်းက အစေ့ပါတဲ့ အဖြူ ရောင်တွေကို ဓားနဲ့ဝိုက်ပြီး လှီးယူမယ်။ ခွက်ပုံသဏ္ဌာန် ဖြစ်သွားတဲ့ ဘူးသီးထဲကို ကြော်ထားတဲ့ ကြက်၊ ပုစွန်၊ ပြည်ကြီးငါးတွေဖြည့်ပြီးတော့ ဆန်ခါခံပြီး ရေနွေးငွေ့နဲ့ ၁ဝ မိနစ်ပေါင်းပါမယ်။ လတ်ဆတ်တဲ့ ဘူးသီးရဲ့ အရသာနဲ့ မကောင်းမှာ မပူရတဲ့ အသားတွေနဲ့ဆိုတော့ စားချင်စဖွယ် ဟင်းကောင်းတစ်ခွက် ရပါပြီ။

          ကျန်တဲ့ပုစွန်နဲ့ ကိုင်းခရမ်းချဉ်သီး ၃ လုံးကိုတော့ အငန်လေးကဲတဲ့ အရန်ဟင်း တစ်ခွက်ချက်ပါမယ်။ ပုစွန်အသားတွေကို ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားမယ်။ ချက်မယ့်အိုးထဲ ဆီကို စတီးဇွန်းတစ်ဇွန်းထည့်ပြီး ပုစွန် ထည့်မယ်။ ပုစွန်ကျက်ရင် စိမ်းစားငါးပိကို စတီးဇွန်း အသေးတစ်ဇွန်း ရေဖျော်ပြီး ခဲ၊ သလဲမပါအောင် စစ် ထည့်မယ်။ ပွက်ပွက်ဆူလာရင် ခရမ်းချဉ်သီးလှီးထားတာ ထည့်မယ်။ ခရမ်းချဉ်သီးအဖတ်တွေကြေရင် ငရုတ်သီး အမှည့်ရော အစိမ်းရော ၁ဝ တောင့် သို့မဟုတ် ကြိုက် သလောက်ထောင်းပြီး ထပ်ထည့်မယ်။ ရေ ၅ ကျပ်သား တစ်ခွက် ထပ်ဖြည့်ပြီး ပွက်ဆူအောင် တည်မယ်။ ရေ ၅ ကျပ်သား တစ်ခွက်ထပ်ဖြည့်မယ်။ ဆား၊ အရသာ ကိုယ့်အကြိုက်ဖြစ်ပြီဆိုရင် ပုစွန်၊ ကိုင်းခရမ်းချဉ်သီး ငါးပိချက် ရပါပြီ။ မည်သည့်အသီးအရွက်နဲ့မဆို စားလို့ရတဲ့ အငန်လေးတဲ့ ဟင်းတစ်ခွက်ပါ။

          နှစ်မျိုးတည်းနဲ့ စားလို့ရပေမယ့် အသုပ်တစ်ပွဲထပ် ထည့်ချင်ရင်တော့ ဆလတ်၊ သလဲသီး၊ ခရမ်းချဉ်သီး အစိမ်းအမှည့်တွေကို ခပ်ပါးပါးလှီး၊ အချိုရည်၊ အချဉ်ရည်၊ နှမ်းဆီ၊ မြေပဲဆံ၊ နှမ်းလှော်၊ ဆား၊ အရသာတွေနဲ့ ပေါင်းနယ်ရင် အသုပ်တစ်ပွဲရမှာပါ။

ပြည်ကြီးငါး ပုစွန်ကြက်သားဘူးသီးဟင်း

ပါဝင်ပစ္စည်းများ

ကြက်သား –  ၁ဝ ကျပ်သား

ပုစွန်   –  ၁ဝ ကျပ်သား

ပြည်ကြီးငါး –  ၁ဝ ကျပ်သား

Meizan ဆီ –  စတီးဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူ –  ၅ မြွှာ

ခရမ်းချဉ်သီး –  ၁ လုံး

ဘူးသီး –  တစ်ဝက်

ဆား –  အနည်းငယ်

အရသာမှုန့် –  အနည်းငယ်

ကိုင်းခရမ်းချဉ်သီးငါးပိချက်

ပါဝင်ပစ္စည်းများ

ကိုင်းခရမ်းချဉ်သီး –  ၃ လုံး

Meizan ဆီ –  စတီးဇွန်း ၁ ဇွန်း

စိမ်းစားငါးပိ –  စတီးဇွန်း အသေးတစ်ဇွန်း

ငရုတ်သီးအမှည့် –  ဆယ်တောင့်

ရေ –  ၅ ကျပ်သား တစ်ခွက်

ဆား   –  အနည်းငယ်

အရသာမှုန့် –  အနည်းငယ်

နန်းစန်းစန်းအေး (အဓိပတိ-ဖြူး)
Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments