တောင်ခြေမှာ တောင်မြေစိုက်ရင်း ချက်ဖို့ဟင်း

တောင်ခြေမှာ တောင်မြေစိုက်ရင်း ချက်ဖို့ဟင်း

          ဇွန်လမှာတော့  ဆရာမနန်းစန်းစန်းအေးက

 “ငါးဖယ်ပုစွန်အဆာသွတ်ဟင်း” အပါအဝင် ဟင်းလျာ အတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဆိုပါ ဟင်း လျာအတွဲအစပ်များကတော့ –

၁။      ငါးနှပ်မရမ်းပြားချက်၊ ကြက်ဥဂွေးတောက်ကြော်၊ ပြောင်းဖူးဟင်းရည်၊ ငရုတ်သီးငါးပိချက်။

၂။      ဝက်သားပူစီနံကြော်၊ ပုစွန်ဆိတ် ခရမ်းချဉ်သီးချက်၊ မြေပဲဆံ ငရုတ်သီးထောင်း၊ မြူစွမ်ဟင်းရည်။

၃။      ဆိတ်သားထောင်းကြော်၊ ခရမ်းသီးနှပ်၊ ပဲနီလေးဟင်း ရည်၊ မန်ကျည်းသီးငါးပိချက်၊ အတို့စုံ။

၎။      ကြက်သားမဆလာချက်၊ အာလူးထောင်းကြော်၊ ကင် ပွန်းချဉ်ရွက်ဟင်းရည်၊ ပုစွန်ခြောက်ငါးပိထောင်း။

၅။      ကဏန်း၊ မန်ကျည်းမှည့်အချဉ်ချက်၊ ကုလားပဲလုံးနှပ်၊ ဆေးမြင်းခွာရွက်သုပ်၊ ငါးပိငရုတ်သီးကြော်၊ သရက်ကင်းအတို့။

၆။      အမဲဆုပ်လုံးဆီပြန်၊ ဟင်းနုနယ်ရွက်ကြော်၊ ချဉ်ပေါင်မျှစ်အချဉ်ဟင်း၊ ငရုတ်သီးအစိမ်းထောင်း။

၇။      ငါးဖယ်ပုစွန်အဆာသွတ်ဟင်း၊ ရွှေပဲသီးကြော်၊ မှိုမုန် ညင်းဟင်းချို၊ မရမ်းသီးထောင်းတို့ပဲဖြစ်ပါတယ်။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးဖယ် ပုစွန်အဆာသွတ်ဟင်း၊ ရွှေပဲသီးကြော်၊ မှိုမုန် ညင်းဟင်းချို၊ မရမ်းသီးထောင်းတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

          “တောင်ခြေမှာ ခြံဝယ်ထားတယ်ဆို။”

          “လယ်မြေတွေ ဝယ်ထားတာပါဟယ်။ အပင်တွေဘာတွေစိုက်ပြီး နားအေးပါးအေးနေမလားလို့။”

          “ကလောမှာရော ဝယ်ထားသေးတယ်မဟုတ်လား”

          “အဲ့ဒါက ယောကျာ်းဝယ်ထားတာ။ တို့ခြံလိုချင်တယ်။ မြေလိုချင်တယ်။ ပူဆာလွန်းလို့ နားအေးပြီးရော ဝယ်ပေးထားတာ။ ဘာမှမလုပ်ဘူး။ တစ်နှစ်တစ်ကြိမ် ခြံရှင်းခဆိုပြီး  တစ်သိန်းနှစ်သိန်း အမြဲလှမ်းတောင်းနေတဲ့ နေရာ ဝေးလွန်းတော့လည်း မလုပ်တက်ဘူး”

          “အခုတောင်ခြေခြံကရော . . .”

          “နီးတယ်၊ ဖြူးမြို့နဲ့ ငါးမိုင်၊ ခြောက်မိုင်ပဲဝေးတယ်။ သေသေချာချာ သိချင်ရင်တော့ မိုင်တိုင် ၁၁၀.၅ ဖာလုံ နေရာမှာရပ်ပြီး တောင်တွေဖက်ကို မျက်နှာလည့်ရင် အဲဒါ တို့ဝယ် ထားတဲ့မြေတွေပဲ . . .”

          “ဘာတွေစိုက်မယ်စိတ်ကူးထားလဲ။”

          “အစကတော့ စပါးတွေ ပဲတွေပဲ ဆက်စိုက်မလို့။ လယ်သီးစားချထားတဲ့ လူမေးကြည့်တော့ စပါးကရှုံး တယ်။ အရင်းရရုံ။ လုပ်အားခတွေ အလကားလို့ပြောတာ နဲ့ စိုက်မယ့်စိတ်ကူးဖျက်လိုက်တယ်။”

          “ဒါဆိုဘာလုပ်မှာလဲ”

          “အမြန်လမ်းရဲ့ နံဘေးမှာ ဘာလုပ်မလဲ စဉ်းစားကြည့်လိုက်တော့ ကိုယ့်ရဲ့အကျွမ်း ကျင်ဆုံးအလုပ် အစားအစာတွေ လုပ်ရောင်းမှာပေါ့။ အပင်တွေလည်းစိုက်ရင်း အဲ့ဒီနားမှာရှိတဲ့ ရွာလေးက လူတွေအဖော်ပြုပြီး အခုခေတ်စကားနဲ့ပြောရရင် အလုပ်အကိုင်တွေ ဖန်တီးပေးရင်းပေါ့။”

          “ဟုတ်သားပဲ။ အမြန်လမ်းကြီးရဲ့ ၁၁၅ မိုင်တိုင် ယာဉ်ရပ်နားစခန်းမှာ မင်းတစ်နေရာရဖို့ ကြိုးစားခဲ့သေး တာ သတိရမိပါရဲ့။”

          “လွန်ခဲ့တဲ့ ၂၀ဝ၈၊ ၂၀ဝ၉၊ ၂၀၁၀ ခုနှစ်တွေတုန်းက ကိုယ်တစ်ယောက်တည်းအပြင်မှာ ဖြစ်ချင်တာဘာမှမ လုပ်နိုင်ခဲ့တဲ့ အချိန်တွေရဲ့ကြွေးကို ပြန်ဆပ်မယ်။”

          “အံမယ်… ကိုယ့်အသက်ကို ပြန်ကြည့်အုံး။ လုပ် နိုင်မယ်လို့ထင်လို့လား . . .”

          “လုပ်နိုင်သလောက်ပေါ့ ကိုယ့်ရဲ့အရင် အဓိပတိဆိုင်က အလုပ်သမားအဟောင်းတွေ၊ ကိုယ့်ကိုကူညီမယ့် ဘွဲ့ရ အလုပ်လက်မဲ့တူမတွေ ကိုယ်ဖြစ်ချင်တာတွေ အကောင်အထည်ဖော်ပေးမယ့် ဝမ်းကွဲမောင်တွေရှိနေတဲ့အတွက် ဖြစ်အောင်လုပ်မှာပေါ့။”

          “အရင်လိုစိတ်ရောလူပါ နှစ်ပြီးတော့လား”

          “ဒါပေါ့ အရင်ကလုပ်ခဲ့တာထက်ကိုပိုပြီး အားစိုက်ရမှာ ပြောနေကျအတိုင်း ပြောရရင်တော့ မျိုးဆက်တွေကို အကောင်းတွေကြီးပေးဖို့ အကောင်းဆုံးတွေ လုပ်ပြရမှာပေါ့။”

          “မင်းပြောမှပဲ အကောင်းတွေစားဖို့ သတိရလာတယ်။ တို့တွေထမင်းစားရအောင်”

          “ဘာဟင်းတွေ ချက်ထားလဲ”

          ငါးဖယ်ပုစွန်အဆာသွတ်နဲ့ ရွှေပဲသီးကြော်၊ မှိုမုန် ညင်းဟင်းချို၊ သရက်သီးထောင်းချက်မယ်။

          ငါးဖယ် ဆယ့်ငါးကျပ်သား၊ ခေါင်းမပါပုစွန် တစ်ဆယ်သားရောချက်မယ်။ ငါးဖယ်ခြစ်တွေကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်အရသာ လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနဲ့အတူ ကြက်သွန်ဖြူ ၁၀ တက်၊ စပါးလင် အရင်းပိုင်း လက်နှစ်ဆစ်ကို ညက်အောင်ထောင်းပြီး ငါးဖယ်နဲ့ ရောပေါက်မယ်။ ကျပ်ပြားပိုင်းအရွယ် ခပ်ထူထူ လုံးပြီး အလယ်ကိုလက်မနဲ့ဖိ အဝိုင်းပေါက်ဖြစ်အောင်ပုံသွင်းထားမယ်။ ပုစွန်ကို အခွံနွှာ ချေးပြောင်အောင်ထုတ် ပြီး ဓားနဲ့နုပ်နုပ်စဉ်းမယ်။ ကြက်သွန်နီတစ်ဥပါ ညက်အောင်ထောင်းပြီး ပုစွန်စဉ်း ထားတာနဲ့ရောနယ်မယ်။ ဆား အရသာနှစ်မျိုးပေါင်း လက်ဖက်ရည်ဇွန်းတစ်ဝက် သာသာထပ်ပေါင်းထည့်မယ်။ ပုစွန်တွေကို ငါးဖယ် အဝိုင်းပေါက်ထဲထည့်ပြီး ငါးဖယ်မြုပ်ရုံ ဆီနဲ့ထည့်ကြော်မယ်။ မီးအရှိန်လျော့ပြီး ငါးမိနစ်အဖုံးအုပ်ပြီး အပေါ်ပိုင်းက ပုစွန်ကျက်အောင် အပူပေးမယ်။ အားလုံးကျက်ရင် ပန်းကန်ထဲသာသာဆယ်ထည့်ပြီး ကျန်ဆီထဲကို ကြက်သွန် နီနှစ်ဥနဲ့ ရောထောင်းထားတာထည့်ကြော်မယ် အနံ့မွှေးပြီး ရွှေရောင်တောက်လာရင်  ခရမ်းချဉ်သီးအနှစ်နှစ်ဇွန်း ဖြည့်မယ်။ ရေငါးကျပ်သားတစ်ခွက်ဖြည့်ပြီး ပွက်ဆူအောင်တည်မယ်။ ဆား အရသာအနေတော်ဖြစ်အောင် မြည်းပြီး ကြော်ထားတဲ့ ငါးဖယ်ပုစွန်ပေါင်းထည့်မယ်။ နံနံပင်သုံးပင်၊ ငရုတ်သီးစိမ်းသုံးထောင့် ဓားပြားရိုက် ထောင်းထည့်လိုက်ရင် ငါးဖယ် ပုစွန်အဆာသွတ်ဟင်း ဖြစ်ပါပြီ။

          ရွှေပဲသီးကြော်အတွက် ရွှေပဲတစ်ဆယ်သား ဘေးအမျှင်လေးတွေဖယ်ပြီး ဆီ နှစ်ကျပ်သား၊ ကြက်သွန်ဖြူ ငါးတက် ဓားပြားရိုက်ထည့်ကြော်လိုက်တာပါပဲ။ အရောင်လေးတွေစုံအောင် ခရမ်းချဉ်သီး၊ ပြောင်းဖူးလေးတွေ ထပ်ဖြည့်ကြော်လည်း ဖြစ်ပါတယ်။ ဆား၊ အရသာကတော့ အနေတော်ဖြစ်အောင် ဖြည့်ပြီးထည့်ပါ။

          မှိုမုန်ညင်းဖူး၊ ဟင်းရည်အတွက် အရိုးပြုတ်ရည်ထဲကို ကြိုက်နှစ်သက်ရာ မှိုငါးကျပ်သား မုန်ညင်း နှစ်ပင် သုံးပင်၊ ချင်းနှစ်ပြားသုံးပြား၊ ကြက်သွန်နီတစ်ခြမ်းနဲ့ ဆား အရသာပေါင်းထည့်ပေးပြီး ပူပူနွေးနွေးဆိုရင် အရည် သောက်ဟင်းဖြစ်ပါပြီ။

          သရက်သီးထောင်းအတွက် ချဉ်တဲ့သရက်သီး တစ်ခြမ်း၊ ငါးပိမီးကင်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်းအားလုံး ပေါင်းပြီးထောင်းရင် သရက်သီးထောင်းပါပဲ။ ဆား အရသာကတော့ ကိုယ်အကြိုက်ထည့်ပေးပါ။

          ချက်ရင်းပြုတ်ရင်း စိုက်ရင်းပျိုးရင်း ကိုယ်ဝါသနာ ပါတာလုပ်ရင်း ကျန်တဲ့ဘဝကို ဖြတ်သန်းဖို့ပြင်ဆင်ရမှာပါ။

နန်းစန်းစန်းအေး

အဓိပတိ (ဖြူး)

ငါးဖယ်ပုစွန်အဆာသွတ်ဟင်း

♦   ငါးဖယ်   –   ၁၅ ကျပ်သား

♦   ခေါင်းမပါပုစွန်   –   ၁၀ ကျပ်သား

♦   ကြက်သွန်ဖြူ   –   ၁၀ တက်

♦   စပါးလင် (အရင်းပိုင်း)   –   လက်နှစ်ဆစ်

♦   ကြက်သွန်နီ   –   ၃ ဥ

♦   Meizan ဆီ   –   လိုသလောက်

♦   ခရမ်းချဉ်သီးအနှစ်   –   ၂ ဇွန်း

♦   ရေ   –   ၅ ကျပ်သားတစ်ခွက်

♦   နံနံပင်   –   ၃ ပင်

♦   ငရုတ်သီးစိမ်း   –   ၃ တောင့်

မှိုမုန်ညင်းဖူးဟင်းချို

♦   မှို   –   ၅ ကျပ်သား

♦   မုန်ညင်း   –   ၃ ပင်

♦   ချင်း   –   ၃ ပြား

♦   ကြက်သွန်နီ   –   ၁ ခြမ်း

♦   ဆား   –   အနည်းငယ်

♦   အရသာမှုန့်   –   အနည်းငယ်

♦   အရိုးပြုတ်ရည်   –   ကြိုက်သလောက်

ရွှေပဲသီးကြော်

♦   ရွှေပဲ   –   ၁၀ ကျပ်သား

♦   ဆီ   –   ၂ ကျပ်သား

♦   ကြက်သွန်ဖြူ   –   ၅ တတ်

♦   ဆား   –   အနည်းငယ်

♦   အရသာမှုန့်   –   အနည်းငယ်

Facebook Comments