တောင်ပေါ်သီးစုံဟင်း

by Thit Htoo for Food Magazine

          ဒီတစ်ခေါက် ကလောရောက်တော့ ဒီပလောင်ဟင်းလေးကို ချက်ဖြစ်ပါတယ်။ တကယ်တော့ မြောက်ပိုင်းရှမ်းပြည် ဇယန်းရွာကနေ စားလာခဲ့တဲ့ ဒီဟင်းကို တောင်ပိုင်း ရှမ်းပြည်ရောက်မှ ပြန်ချက်ဖြစ်တာပါ။ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ စုံနေအောင် ရတဲ့ ၅ ရက်ဈေးမှာ ရသမျှဝယ်ပြီး ပြန်ချက်လိုက်တာပါ။ ပါဝင်ပစ္စည်းတွေက ပလောင် တိုင်းရင်းသားတွေရဲ့ ပါဝင်ပစ္စည်းတွေလို မစုံလင်နိုင်မှာ စိုးရိမ်လို့ ခေါင်းစဉ်ကိုတော့ တောင်ပေါ်သီးစုံဟင်းလို့ပဲ နာမည်ပေးလိုက်ပါတယ်။ ဆီလည်းမပါ၊ ဘာမှထူးထူးဆန်းဆန်း အရသာတွေမပါဘဲ ဆားအရသာနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအချိုအရသာကိုသာ ရရှိမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ရွှေဖရုံသီးအသေး  –  ၁ လုံး

အာလူး  –  ၃ လုံး

ဂေါ်ရခါးသီး  –  ၁ လုံး (အားလုံးခပ်ကြီးကြီးအတုံးများ တုံးထားပါ။)

ကြက်သွန်နီ (စိမ်ပြီး)  –  ၂ လုံး

ဂေါ်ရခါးညွန့်  –  ၂ စည်း (အညွန့်၊ အရွက်နဲ့အရိုး ခွဲထားပါ။)

ဆန်မှုန့်အစိမ်း  –  ထမင်းစားဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆူးပုပ်  –  ၁၀ ခက်

ပင်စိမ်း  –  ၅ ခက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အသီးတွေအားလုံး ဆားနဲ့နယ်၊ ရေ ၂ ခွက်ခန့်ထည့်ပြီး တည်ထားပေးပါ။ ဂေါ်ရခါးညွန့်ကို အရိုးများသာ ထည့်ပေးထားပါ။ ဆူးပုပ်အရိုးရင့်ရင့်များကို ဒီအချိန်မှာ ထည့်တည်ပြီး စားခါနီး ပြင်ဆင်ချိန်မှာ ဖယ်လိုက်နိုင်ပါတယ်။

၂။       အသီးအရွက်မှ ရေများထွက်လာပြီး အသီးများပျော့လာလျှင် ဂေါ်ရခါးညွန့်များထည့်ပြီး မီးပျော့ပျော့နဲ့ တည်ထားပါ။

၃။       ရေတစ်ခွက်မှာ ဆန်မှုန့်ဖျော်ထည့်ပြီး ဆူလာအောင်တည်ပေးပါ။ ဟင်းရည်ဆူလာလျှင် ဆူးပုပ်ရွက်များနှင့် ပင်စိမ်းများထည့်ပြီး အရသာမြည်း၍ ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments