ဆေးဘဲဥသုပ်

by Meemeetofu for Food Magazine

          ဆေးဘဲဥကို ရွှေအပ်မှိုနဲ့ ချိုချဉ်စပ်လေး သုပ်စားပါတယ်။ မမီးတို့ဆီက ဆေးဘဲဥ (ဖိထန်) က မည်းမည်းလေး။ မြန်မာဘက်မှာကျတော့ ဝါဝါလေးမို့ သုပ်တဲ့အခါ ပိုပြီး လှနိုင်ပါတယ်။ အမြင်လှသလို အရသာကလည်း ချိုချဉ်စပ်လေးမို့ နှစ်သက်ကြမှာပါ။

ပါဝင်ပစ္စည်းများ

ဆေးဘဲဥ  –  ၁ လုံး

နံနံပင်  –  ၃ ခက်

ရွှေအပ်မှို  –  ၁ ထုပ်

ခရမ်းချဉ်သီး  –  ၁ လုံး

ရွှေပဲသီး  –  ၆ တောင့်

အချဉ်ရည်စပ်ရန်

ငရုတ်သီးစိမ်း  –  ၄-၆ တောင့်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြံသကာ  –  ၁ လက်မပတ်လည်အရွယ်

ငံပြာရည်  –  သင့်ရုံ

သံပရာရည်  –  သင့်ရုံ

ပြုလုပ်နည်း

၁။       ဆေးဘဲဥကို အခွံနွှာပြီး အစိတ်လေးများ စိတ်ထားပါ။

၂။       ပါဝင်တဲ့ အသီးအရွက်များကို သန့်စင်အောင် ရေဆေးထားပါ။ ခရမ်းချဉ်သီးကို မထူမပါး လှီးထားပါ။ နံနံပင်ကို ကြမ်းကြမ်းလှီးထားပါ။

၃။       ရွှေအပ်မှိုကို အရင်းပိုင်းများ လှီးဖယ်ပြီး လက်ညှိုးလုံးတုတ်အရွယ်များ ဆွဲနွှာထားပါ။

၎။       အသီးအရွက်ပြုတ်မည့် အိုးထဲ ရေထည့်ပြီး တည်ပါ။ ရေဆူသောအခါ ရွှေအပ်မှိုကို ထည့်ပြုတ်ပါ။ ရေဆူဆူထဲထည့်ပြီး ၅ စက္ကန့်အတွင်း ဆယ်ယူပါ။ ရေအေးလောင်းပြီး ရေစစ်ထားပါ။

၅။       ရွှေပဲသီးများကို နှစ်သက်ရာအရွယ်လှီးပြီး ရေဆူဆူမှာ ထည့်ပြုတ်ပါ။ ၁ မိနစ်ခန့် ပြုတ်ပြီး ဆယ်ယူပါ။ ရေအေးမှာ စိမ်ပါ။ အေးသောအခါ ဆယ်ယူပြီး ရေစစ်ထားပါ။

၆။       ငရုတ်ဆုံထဲမှာ ကြံသကာကို မညက်တညက်ထောင်းပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ကြံသကာတို့ကို အတူရောပြီး မညက်တညက်ထောင်းပါ။ ** ကြံသကာထည့်ထောင်းတဲ့အတွက် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းစဉ်ထွက်တာမျိုး မဖြစ်တော့ပါ။

၇။       မညက်တညက်ရတဲ့အခါ သံပရာရည်ညှစ်ပါ။ ငံပြာရည်ထည့်ပါ။ အသင့်လှီးထားတဲ့ ခရမ်းချဉ်သီး၊ ဆေးဘဲဥ၊ ပြုတ်ထားတဲ့ မှိုနှင့် ရွှေပဲသီးတို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။ အရသာကို လိုအပ်သလို ပြုပြင်ပါ။ ပြီးလျှင် ပန်းကန်ပြားထဲ ထည့်ပြီး နံနံပင်ဖြူးကာ သုံးဆောင်ပါ။

Facebook Comments