စေတနာဝေဖြာ ချက်ကြည့်ပါ

          စက်တင်ဘာလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ကင်းမွန်ဆီပြန်” အပါအဝင် ဟင်းလျာအတွဲ အစပ်  ခုနစ်မျိုးကို စီစဉ်ထားပါတယ်။ အဲဒီ ဟင်းလျာအတွဲအစပ်များ ကတော့-

၁။      ဝက်သားစဉ်းကော ငရုတ်သီးချက်၊ ဟင်းနုနယ်ရွက်သုပ်၊ ကြက်ရိုးစပါးလင်ဟင်းရည်၊ ခရမ်းကဆော့ သီး ငါးပိထောင်း။

၂။      ကြက်သားကြော်၊ ခရမ်းချဉ်သီးချက်၊ အာလူးထောင်း၊ ရေမုန်ညင်းဟင်းရည်၊ ပုစွန်ဆိတ်ငါးပိချက်။

၃။      ဆိတ်သားလုံးချဉ်စပ်၊ ပဲညွန့်ကြက်သွန်ဖြူကြော်၊ ကုလားပဲလုံးဟင်းရည်၊ မန်ကျည်းသီးထောင်း။

၎။      ကင်းမွန်ဆီပြန်၊ ပလို့ပြောင်းကြက်ဥကြော်၊ စွယ်တော်ရွက်ဟင်းချို၊ ပုစွန်ခြောက် ငရုတ်သီးငါးပိချက်အတို့စုံ။

၅။      ဆတ်သားမွကြော်၊ သီးစုံဆီပြန်၊ ပဲပင်ပေါက်ဟင်းချို၊ ရေကျိုငါးပိချက်။

၆။      ပုစွန်ကြက်ဟင်းခါးသီးအဆာသွတ်၊ ပဲပြားသုပ်၊ ဂေါ်ရခါးညွန့်ဟင်းချို၊ ရေကျိုငါးပိကြော်။

၇။      ငါးဂျဲရှမ်းနံနံအိုးကပ်၊ မျှစ်ဝက်ဆီဖတ်ကြော်၊ ကင်ပွန်းချဉ်ရွက်အချဉ်ဟင်း၊ ငါးပိငရုတ်သီးကင်ထောင်း။

          အဲဒီ ဟင်းလျာအတွဲအစပ် ခုနစ်မျိုးထဲမှ ကင်းမွန် ဆီပြန်၊ ပလို့ပြောင်းကြက်ဥကြော်၊ စွယ်တော် ရွက်ဟင်းချို၊ ပုစွန်ခြောက် ငရုတ်သီးငါးပိချက်အတို့စုံတို့ကို တင်ဆက် ပေးလိုက်ပါတယ်။

 

စေတနာဝေဖြာ ချက်ကြည့်ပါ။

          “အစ်မ ပြပွဲမှာ ကျွန်မဝယ်ထားတဲ့ အစ်ကို့ပန်းချီ ကားတွေ ထည့်ပြမယ်”

          “ပြရုံပဲလား။ ရောင်းရော မရောင်းချင်ဘူးလား”

          “ကြိုက်လို့ဝယ်ထားတာ။ ရောင်းတော့ မရောင်းချင်ဘူး။ ရောင်းမယ်ဆို ဒေါ်လာ တစ်သောင်းလောက်ရမှ ရောင်းမယ်”

          “အံမယ် ဒေါ်လာတစ်သောင်းဆို တစ်ရာ့သုံးဆယ်ကျော်ပဲ ဖြစ်ပါ့မလား”

          “ဘာလို့မဖြစ်ရမှာလဲ။ ဘယ်တော့မှ ထပ်မရနိုင်တော့တဲ့လက်ရာ၊ မပေးရင်မရောင်းဘူးပေါ့”

          “နင်က သူဌေးဈေးရောင်းပဲ။ နင့်ကားကို အဲဒီလို ဈေးတင်ထားတော့ ကျန်တဲ့ကားတွေ ဘယ်လိုလုပ်ရမလဲ”

          “ဒါက အစ်မကြိုက်ဈေးရောင်းလေ။ ကျွန်မရဲ့ဈေးနဲ့စာရင် သက်သာနေတော့ တန်တယ်ဆိုပြီး များများရောင်းရရင်ရော မကောင်းဘူးလား”

          “ဆိုးတော့မဆိုးဘူး။ အလှူပွဲမှာဆို တစ်ဝက်လှူရမှာ”

          “ဝယ်လို့ကတော့ လှူပြီးသား။ ကုသိုလ်လည်းရ၊ ပိုက်ပိုက်လည်းရ ပိုမြတ်တယ်”

          “ပြောတာပေါ့ပျက်ပျက်နဲ့။ တစ်ရာ့သုံးဆယ်ဆို ခြောက်ဆယ့်ငါးသိန်းလှူရမှာ”

          “မယုံသလို လုပ်နေပြန်ပါပြီ။ ရောင်းသာရောင်းရပါစေ။ ကျန်တဲ့ ကိုယ့်အတွက် ပိုက်ဆံထဲက အစ်မရဲ့ကားနဲ့ သမီး၊ မြေးတွေရဲ့ကားတွေ ထပ်ဝယ်ပြီး လှူပစ်လိုက်ဦးမှာ”

          “အေးလေ စေတနာတွေ ဒီလောက်ကောင်းနေမှတော့ ရောင်းထွက်တော့မှာ အသေအချာပဲ”

          “ဘာအလုပ်ပဲလုပ်လုပ် စေတနာဆိုတဲ့ ရင်ထဲက လာတဲ့အရာက အရမ်းကို အရေးကြီးပါတယ်”

          “အဲဒါကြောင့် ထင်ပါရဲ့။ အစ်မရဲ့ပွဲကိုလာတဲ့ စာနယ်ဇင်းသမားတွေ၊ ပန်းချီဆရာတွေက ညီမမျက်နှာမြင်တာနဲ့ ကျွေးမယ့်ဟာတွေကကောင်းမှာ သေချာတယ်လို့ ပြောကြတာပဲ”

          “အဲဒီလိုမပြောလည်း ကျွေးပါတယ် အစ်မရာ။ အခုရော အစ်မဘာစားမလဲ”

          “ညီမချက်ထားတာ စားမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကောင်းနေမှာပဲဟာ”

          “ကင်းမွန်ဆီပြန်၊ ပလို့ပြောင်းကြက်ဥကြော်၊ စွယ်တော်ရွက်ဟင်းချို၊ ပုစွန်ခြောက် ငရုတ်သီးငါးပိချက်နဲ့ အတို့စုံ စားလို့ ပိုကောင်းသွားအောင် ချက်နည်းတွေ ပြောပြပါဦးမယ်”

          ကင်းမွန် ၂၅ ကျပ်သား အကောင်ကြီးတွေဝယ်မယ်။ ခရမ်းရောင်အမှေးလေးတွေခွာ၊  မျက်စိတွေဖယ်၊ ခေါင်းမှာရှိတဲ့ အမည်းရောင်အိတ်တွေကိုပါ သန့်စင်ပြီး နှစ်ခြမ်းခွဲ၊ လှလှပပလေးဖြစ်အောင် ဓားရာပေးထားမယ်။ ကင်းမွန်မှာ အငန်ဓာတ်ပါနေလို့  ဆားထည့်ဖို့မလိုဘဲ အရသာလက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့နယ်ပြီး ရေနွေး ဆူဆူမှာ တစ်မိနစ်ပြုတ်ပြီး ဆယ်ယူထားမယ်။

          ချက်မယ်ဆိုရင် ကြက်သွန်နီကြီးတစ်ဥ၊ ကြက် သွန်ဖြူ ၁၀ မြွှာ၊ ငရုတ်ပွ ၃ တောင့် အစေ့ထုတ်၊  ရေစိမ်ထားတဲ့အဆာတို့၊ ဆီ ၅ ကျပ်သားနဲ့ကြော်မယ်။ အနံ့မွှေးပြီး ကြက်သွန်ဖတ်တွေ ရွှေဝါရောင်တောက်လာရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ၂ လုံး ထည့်မယ်။ ခရမ်းချဉ်သီးစိမ်းနံ့ပျောက်ရင် ဆား၊ အရသာ၊ သကြား အနည်းငယ်စီ နယ်ထားတဲ့ ကင်းမွန်အပြုတ်ထည့်မယ်။ ပွက်ပွက်ဆူလာရင် နံနံပင်၊ ငရုတ်သီးစိမ်းအုပ်ပြီး အိုးချ လို့ရပါပြီ။ အရသာကိုတော့ ကိုယ့်အကြိုက်ဖြစ်အောင် မြည်းဖို့လိုပါတယ်။

          ပလို့ပြောင်းကြက်ဥကြော်အတွက်  ပလို့ပြောင်း ၁ ဖူး (နုပြီး အရောင်ဖြူတာ ရွေးရပါမယ်)၊ ဓားနဲ့အလွှာလိုက် ပါးပါးလှီးမယ်။ ကြော်မယ်ဆိုရင် ကြက်သွန်ဖြူ ၅ မြွှာ ဓားပြားရိုက်ပြီး ဆီ ၅ ကျပ်သားထဲ ထည့်ကြော်မယ်။ ကြက်သွန်ဖြူအနံ့မွှေးပြီး ကြည်ရောင်ပေါက်လာရင် ပြောင်းဖူးလှီးထားတာထည့်မယ်။ မီးအရှိန်လျှော့ပြီး ပြောင်းဖူးကျက်အောင် ကြော်မယ်။ ဆီပြန်လာရင် အသင့်ခေါက်ထားတဲ့ ကြက်ဥတစ်လုံးလောင်းထည့်ပြီး မွှေပေးမယ်။ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းရဲ့ တစ်ဝက်၊ အရသာနဲ့ သကြားလက်ဖက်ရည်ဇွန်း တစ်ဝက်စီဖြည့်မယ်။ အိုးချခါနီးမှာ ကြက်သွန်မြိတ်လေး ထပ်ထည့်။ အရသာ အနေတော်ဆိုရင် ပြောင်းဖူးကြက်ဥကြော်ရပါပြီ။

          စွယ်တော်ရွက်ဟင်းချိုကတော့ အလွယ်ချက်ပါမယ်။ ရေတစ်လီတာထဲမှာ ငါးကင်တစ်ကောင်ရဲ့ အသားတွေ ဖဲ့ထည့်ပြီး ငါးပိလက်တစ်ဆစ်၊ ဆီစတီးဇွန်းတစ်ဇွန်း၊ ဆား၊ အရသာ အနေတော်ဖြစ်အောင် ပွက်ပွက်ဆူစေပြီး စွယ်တော်ရွက်အနုလေးတွေ၊ အိမ်မှာရှိနေတတ်တဲ့ အညွန့်စုံလေးတွေ ထည့်ခတ်ရုံပါပဲ။ ပူပူနွေးနွေးဆိုရင် ပိုစားလို့ ကောင်းပါတယ်။ မိုးအေးအေးဆိုရင်တော့ ငရုတ်ကောင်းမှုန့်လေးကို ထပ်ဖြည့်ပေးပါ။

          ပုစွန်ခြောက်ငရုတ်သီးငါးပိချက်အတွက် ပုစွန်ခြောက်လက်တစ်ဆုပ်စာ ရေစိမ်ပြီး မညက်တညက် ထောင်း၊ ငါးပိစိမ်းစားကွမ်းသီးနှစ်လုံးစာ၊ ငရုတ်သီး ၁၀ တောင့် ပါးပါးလှီး၊ ကြက်သွန်ဖြူ ၃၊ ၄ မြွှာ ဓားပြားရိုက်ပြီး ရေ ၁၀ ကျပ်သား နှစ်ခွက်၊ ခရမ်းချဉ်သီးနှစ်လုံးနှင့် အတူရောထည့်၊ ပွက်ပွက်ဆူပြီး ငါးပိစိမ်းနံ့ပျောက်ရင် ပုစွန်ခြောက်ငရုတ်သီးငါးပိချက် ဖြစ်ပါပြီ။(အပေါ့အငန် အရသာ လိုတာထည့်ပေးပါ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတို့စုံနှင့် အထူးလိုက်ဖက်မှာပါ။

          ဒီဟင်းအတွဲမှာ ကင်းမွန် ၂၅ ကျပ်သားမှ ၂၀ဝ၀ ကျပြီး အရံအစုံအလင်နဲ့ဆို ၅၀ဝ၀ တောင် မပြည့်ပါဘူး။ စားကောင်းစေချင်တဲ့ စိတ်ထားနဲ့ အိမ်သားတွေအတွက် ဖန်တီးပေးတဲ့ အမေတွေရဲ့ဟင်းမှာ စေတနာ အသေအချာ ပါနေတဲ့အတွက် ကောင်းမွန်နေမှာ အမှန်ပါပဲ။

ကင်းမွန်ဆီပြန်

  ပါဝင်ပစ္စည်းများ

♦   ကင်းမွန်   –   ၂၅ ကျပ်သား

♦   ကြက်သွန်နီ   –   ၁ ဥ

♦   ကြက်သွန်ဖြူ   –   ၁၀ မြွှာ

♦   ငရုတ်ပွ   –   ၃ တောင့် (အစေ့ထုတ်)

♦   ဆီ   –   ၅ ကျပ်သား

♦   ခရမ်းချဉ်သီး   –   ၂ လုံး

♦   ဆား/သကြား   –   အနည်းငယ်

♦   အရသာမှုန့်   –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   နံနံပင်/ငရုတ်သီးစိမ်း   –   သင့်စိတ်ကြိုက်

စွယ်တော်ရွက်ဟင်းချို

   ပါဝင်ပစ္စည်းများ

♦   စွယ်တော်ရွက်အနု   –   အနည်းငယ်

♦   ရေ   –   ၁ လီတာ

♦   ငါးကင် (အသေး)   –   ၁ ကောင်

♦   ငါးပိ   –   လက်တစ်ဆစ်

♦   ဆီ   –   စတီးဇွန်း ၁ ဇွန်း

♦   ဆား/အရသာမှုန့်/ငရုတ်ကောင်းမှုန့်

ပလို့ပြောင်းကြက်ဥကြော်

   ပါဝင်ပစ္စည်းများ

♦   ပလို့ပြောင်းဖူး   –   ၁ ဖူး

♦   ကြက်သွန်ဖြူ   –   ၅ မြွှာ

♦   ဆီ   –   ၅ ကျပ်သား

♦   ကြက်ဥ   –   ၁ လုံး

♦   ဆား   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   အရသာမှုန့်   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   သကြား   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ကြက်သွန်မြိတ်   –   အနည်းငယ်

♦   နန်းစန်းစန်းအေး – အဓိပတိ (ဖြူး)   ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments