ချောကလက် မြေပဲ ပဲနို့ရေခဲမုန့် (Chocolate Peanut Milk Ice Cream)

by Sofia for Food Magazine

          ရေခဲမုန့်လုပ်တဲ့စက်မလိုဘဲ လုပ်ထားတဲ့ ရေခဲမုန့်လေး ဖြစ်ပါတယ်။ ရေခဲမုန့်ကို မကြိုက်တဲ့သူကတော့ ရှားမယ်လို့ထင်ပါတယ်။ ကလေး၊ လူကြီး အသည်းစွဲပေါ့။ အပြင်မှာ တစ်ခါတလေ အရည်အသွေး မကောင်းတဲ့ ဆေးသကြား၊ ဆိုးဆေးတွေနဲ့ လုပ်ထားတဲ့ ရေခဲမုန့်တွေကြောင့် ကိုယ့်ကလေးတွေ ရင်ကျပ်ချောင်းဆိုးကြတာတွေလည်း ကြုံဖူးကြမယ်လို့ထင်ပါတယ်။ ရေခဲမုန့်လုပ်တဲ့ စက်သေးသေးလေး တွေ ရှိပေမယ့် ဆိုဖီယာအနေနဲ့ကတော့ အမြဲစားတာမဟုတ်ဘဲ ဝယ်ထားဖို့ကျတော့ မဝယ်ချင်ဘူးပေါ့နော်။ အခုလို စက်ဝယ်စရာ မလိုဘဲ ရေခဲသေတ္တာတစ်လုံးရှိရုံနဲ့ သန့်ရှင်းလတ်ဆတ်ပြီး ဆေး သကြားနဲ့ ဆေးရောင်ကင်းတဲ့ သဘာဝသစ်သီးအရသာများနဲ့ ရေခဲမုန့် လေးတွေကို အိမ်မှာ လုပ်စားနိုင်တော့မှာဖြစ်လို့ သူငယ်ချင်းတို့ကိုလည်း လုပ်နည်းလေး ဝေမျှပေးလိုက်ပါတယ်နော်။ သားသား၊ မီးမီးတို့ကို ကိုယ်တိုင်လုပ်ကျွေးကြရအောင်နော်။

ပါဝင်ပစ္စည်းများ

မြေပဲ ပဲနို့  –  ၁ လီတာ

သကြား  –  ၆၅ ဂရမ်

ချောကလက်မှုန့်  –  ၂၀ဝ ဂရမ်

Pistacho (သို့) နှစ်သက်ရာ သစ်သီးခြောက်  –  ၅၀ ဂရမ်

အနံ့နှစ်သက်လျှင် ထည့်ပါ။

ပြုလုပ်နည်း

၁။       ပဲနို့ကို အိုးတစ်အိုးထဲ ထည့်ပြီး မီးအနေတော်ဖြင့် ကျိုပါ။

၂။       ပြီးလျှင် သကြားနှင့် ချောကလက်ထည့်ပြီး မွှေပေးပါ။ သကြားပျော်ပါက မီးပိတ်ထားပါ။

၃။       မိမိထည့်လိုသည့် အနံ့အမွှေးအကြိုင် ထည့်ပါ။

၎။       သစ်သီးစေ့ထည့်လိုက ရေနွေးဖျောပြီး ထည့်ပါ။ သမအောင် မွှေပေးပါ။

၅။       ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီးခွက်ကျယ်ကျယ် တစ်ခုထဲ လောင်းထည့်ပြီး ရေခဲသေတ္တာအခဲခန်းမှာ ထည့်ထားပါ။

၆။       နို့ခွက်ကို မိနစ် ၃၀ ခန့် တစ်ခါထုတ်ယူပြီး ရေခဲမုန့် ခဲလာသည်အထိ မွှေပေးပါ။

၇။       လုံးဝနီးပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသော ဘူးထဲပြောင်းထည့်ပြီး အဖုံးပိတ်၍ သိမ်းဆည်းထားကာ လိုသလိုထုတ်ယူပြီး သုံးဆောင်နိုင်ပါပြီ။ (ရေခဲမှုန့်သား အနည်းငယ်ကြမ်းနေပါက ကြိတ်စက်ထဲ ထည့်ကြိတ်ပေးပြီး ပြန်ခဲထားပါ။)

Facebook Comments