ကျေးဇူးတွေတင် ချက်ဖို့ပြင်

by နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) for Food Magazine

          ဖေဖော်ဝါရီလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ငါးမြွေထိုးမီးကင်ချက်” အပါအ၀င်  ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီပါ ဟင်းလျာအတွဲအစပ်များကတော့ –

၁။       ၀က်သားငါးဖယ်လုံးချဉ်စပ်၊ မုန်ညင်းဖြူ၊ ပဲပင်ပေါက်ကြော်၊ ကိုင်းခရမ်းချဉ် ငါးပိချက်၊ အညွန့်ပြုတ်တို့။

၂။       ငါးခူပြုတ်သီးကြော်နှပ်၊ ခရမ်းသီးမီးဖုတ်ကြက်ဥကြော်၊ ဂွေးသီးထောင်း၊ ဒန့်သလွန်ရွက်ဟင်းချို။

၃။       ဘဲသားမှိုပေါင်း၊ ပန်းပွင့်မန်ကျည်းမှည့်ချက်၊ ကုလားပဲနှပ်၊ ပုစွန်ခြောက်ငရုတ်သီးကြော်၊ သခွားသီးတို့။

၎။       ဆိတ်သားမဆလာချက်၊ သီးစုံပဲကုလားဟင်းရည်၊ ပဲတီချဉ်သုပ်၊ ငရုတ်သီးအစိမ်းထောင်း။

၅။       ငါးမြွေထိုးမီးကင်ချက်၊ မုန်လာကြက်ဥကြော်၊ ပြောင်းဖူးအညွန့်ဟင်းရည်၊ ငံပြာရည် ဖျော်၊ အတို့စုံ။

၆။       ပုစွန်ကျော့ခရမ်းချဉ်သီးချက်၊ ပဲလိပ်ပြာဆူးပုပ်ရွက်နှပ်၊ ကြက်သွန်ဖြူ ငရုတ်သီးထောင်း၊ ဟင်းဂလာချဉ်သုပ်။

၇။       ကြက်ရိုးဘူးသီး ကာလသားချက်၊ ပဲပုပ်ခရမ်းချဉ်သီးထောင်း၊ ငါးရံ့ခြောက်ဖုတ်၊ ဆလတ်ရွက်တို့။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးမြွေထိုး မီးကင်ချက်၊ မုန်လာကြက်ဥကြော်၊ ပြောင်းဖူးအညွန့်ဟင်းရည်၊ ငံပြာရည်ဖျော်၊ အတို့စုံတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

ကျေးဇူးတွေတင်  ချက်ဖို့ပြင်

           “ကျေးဇူးတင်ပါတယ်”

          “ဘယ်လိုလဲ ၀ယ်လည်းကျေးဇူးတင်၊ ရောင်းလည်း ကျေးဇူးတင်နဲ့ တော်တော် ပေါပေါများများရှိတဲ့ ကျေးဇူးတွေ။ ရောင်းတာ၊ တင်တာကတော့ ပိုက်ဆံရလို့၊ ကိုယ့်ကို အားပေးလို့။ ၀ယ်တာက ပိုက်ဆံလည်းပေးသေး၊ ကျေးဇူးလည်း တင်ရသေး၊ မဟုတ်သေးပါဘူး”

          “သြော်… အခုလူတွေက ရောင်းကောင်းရင် ခေါင်း တွေမော့ပြီး ၀ယ်သူကို ၀ယ်နိုင်လို့လားဆိုတဲ့ အချိုးတွေက များတယ်လေ။ ကိုယ့်ကို ချိုချိုသာသာရောင်းတယ်၊ ဆစ်တဲ့ ဈေးလည်းပေးတယ်၊ ပစ်္စည်းကောင်းလည်းရတယ်ဆိုတော့ ကျေးဇူးတင်ရမှာပေါ့။ အကောင်းဘက်က တွေးပါ”

          “တွေးပါတယ် မမရယ်၊ တချို့ဈေးသည်တွေရဲ့ ဆက်ဆံရေးကို ညီမလိုက်လို့ မမီဘူး။ လက်ကောက်တွေ တံတောင်ဆစ်လောက်ဝတ်ပြီး ၀ယ်သူကို မောက်မောက်မာမာတွေ လုပ်လုပ်နေလို့။ ကျေးဇူးတင်ဖို့ နေနေသာသာ အဲဒီဆိုင်မျိုး အလကားပေးမယ်ဆိုတောင် မယူဘူး”

          “အဲဒါတွေက သင်ခန်းစာတွေပေါ့ ညီမလေးရဲ့။ ၀ယ်လည်း ချိုချိုသာသာ၊ ရောင်းလည်း စိတ်ပါလက်ပါဆို ပိုမကောင်းဘူးလား”

          “မေးရင် မပြောချင်သလိုလို၊ ဖုန်းအပြောမပျက်၊ လှည့်မကြည့်တဲ့ ဈေးသည်တွေဆိုလည်း ဘယ်တော့မှ မ၀ယ်ဘူး။ မမလို ကျေးဇူးတင်ဖို့များတော့ အဝေးကြီး”

          “အဲဒါတော့ ဟုတ်တယ်။ ဖုန်းထဲက စကားသံတွေ ပိုအရေးကြီးတယ်ဆိုတဲ့ အချိုးကတော့ မမလည်း မကြိုက်ဘူး”

          “မကြိုက်တာတွေ ဘေးဖယ်ပြီး ကြိုက်တာတွေပဲ လုပ်ကြပါစို့ မမရာ”

          “ဟုတ်တယ် ညီမရေ၊ အခု မမ၀ယ်လာတဲ့ ချောင်းငါးတွေကို မီးကင်ပြီး မန်ကျည်းမှည့် အနှစ်လေးနဲ့ချက်မယ်။ ခြံထဲမှာ စိုက်ထားတဲ့ အော်ဂဲနစ် မုန်လာကို ကြက်ဥနဲ့ကြော်၊ ပြောင်းဖူးလေးတွေ ပါးပါးလှီးပြီး ဟင်းရွက်စုံနဲ့ ဟင်းရည်ချက်။ အငန်အတွက်တော့ ငံပြာရည်ဖျော်ဆို မကောင်းဘူးလား”

          “ကောင်းပြီးသားမို့ ချက်ကြစို့ပေါ့”

          ငါးမြွေထိုး နှစ်ဆယ်သား အရိအရွဲတွေပြောင်အောင် ဆား၊ နနွင်းနဲ့နယ်၊ ရေစင်စင်ဆေးပြီး ဘယ်ညာဓားရာ သုံး၊ လေးချက်ပေးမယ်။ ရေစင်အောင်စစ်ပြီး မီးအနေတော်မှာ အရေခွံကျွမ်းသွားအောင် ကင်ပေးမယ်။ ငါးမီးကင်ကို နှစ်ပိုင်းစီဖြတ်ပြီး ဆား၊ အရသာ၊ နနွင်း လက်ဖက်ရည်ဇွန်းရဲ့  တစ်ဝက်စီ ထည့်နယ်ထားမယ်။

           ချက်မယ့်အိုးထဲ ဆီငါးကျပ်သားထည့်၊ ကြက်သွန်နီ တစ်ဥ၊ ကြက်သွန်ဖြူနှစ်ဥ၊ စပါးလင် လက်သုံးလုံး၊ ငရုတ်ပွ သုံးတောင့် အစေ့ထုတ်၊ ရေစိမ်ပြီး ပေါင်းထောင်းထားတဲ့ အဆာထည့်ကြော်မယ်။ ကြက်သွန်ဖတ်တွေ ရွှေဝါရောင် တောက်ပြီး အနံ့မွှေးလာရင် ခရမ်းချဉ်သီးတစ်လုံးကြီးကြီး ကြိတ်ထားတာ ထပ်ထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းရင် ငါးတွေထည့်လုံးမယ်။ ငါးထဲ အရသာဝင် လောက်ရင် မန်ကျည်းမှည့်ကွမ်းသီးလုံး နှစ်လုံးစာလောက် ရေဖျော်ထားတာ ပေါင်းထည့်မယ်။ အဖုံးအုပ်ပြီး သုံးမိနစ် တည်ရင် ငါးဟင်းကျက်ပါပြီ။ ငရုတ်သီးစိမ်းအပွ၊ နံနံပင် သုံးပင်အုပ်၊ အရသာ အနေတော်မြည်းပြီးရင် အိုးချလို့ ရပါပြီ။ လတ်ဆတ်တဲ့ငါးမို့ လေးလေးပင်ပင်ကို ချိုပါတယ်။

          မုန်လာဥကြက်ဥကြော်အတွက် မုန်လာဥတွေကို ရေစင်စင်ဆေး၊ ပါးပါးအချောင်းတွေလှီး၊ ကြက်သွန်ဖြူနီ ဆီသတ်၊ ကျက်အောင်ကြော်၊ ရေခန်းပြီး ဆီပြန်ရင် ကြက်ဥတစ်လုံး ခေါက်ပြီး ရောမွှေလိုက်ရင် မုန်လာဥ ကြက်ဥကြော် ဖြစ်ပါပြီ။

          ပြောင်းဖူးဟင်းရည်အတွက် ရေတစ်လီတာ ပွက်ပွက် ဆူထဲကို  ငါးမီးကင်တစ်ကောင်ရဲ့ အသား၊ ကြက်သွန်ဖြူ ငါး မြွှာ ဓားပြားရိုက်၊ ငါးပိစိမ်းစား တစ်လက်မပေါင်းထည့်၊ စားခါနီးရင် ပြောင်းဖူးတစ်ဖူး ပါးပါးလှီး၊ ကင်ပွန်းညွန့်၊ စွယ်တော်ရွက်နု၊ ပဲညွန့်၊ ဖရုံညွှန့်၊ ဘူးညွန့်၊ ဆလတ်ဖူး၊ မုန်ညင်းဖူး၊ ကိုက်လန်ဖူး စတာတွေထဲက ရှိတဲ့အညွန့်တွေ ပေါင်းထည့်။ ဆား၊ အရသာ အနေတော်မြည်းပြီးရင်တော့ ပြောင်းဖူးအညွန့်စုံ ဟင်းရည်ရပါပြီ။

          ငံပြာရည်ဖျော်အတွက် မီးအေးအေးမှာ ကြက်သွန် ဖြူကြော်၊ ငရုတ်သီးခွဲခြမ်းလေး မွှေးအောင်လှော်၊ ပုစွန် ခြောက်မှုန့် လက်တစ်ဆုပ်ပေါင်းထည့်၊ ငံပြာရည် နှစ်ကျပ် သား တစ်ခွက်လောင်းထည့်၊ အငန်ပေါ့အောင် ရေနည်း နည်းထပ်ဖြည့်။ ပွက်ပွက်ဆူလာရင် ငံပြာရည်ဖျော် ရပါပြီ။ စားခါနီး သံပရာသီးတစ်စိတ် ညှစ်ထည့်လိုက်ပါ။ စားလို့ ကောင်းတဲ့ ဟင်းအငန်တစ်ခွက် ရပါပြီ။

          ဈေးနှုန်းအသင့်အတင့်နဲ့ စားလို့ကောင်းအောင် ချက်တက်ရင် ရေရှည်မှာ အိမ်က စီးပွားရေးအတွက် ဝင်ငွေနဲ့ ထွက်ငွေမျှတပြီး ပျော်စရာကောင်းတဲ့ဘဝကို ထူထောင်နိုင် မှာပါ။ “ဥစ္စာဖြို စားဖိုက” ဆိုတဲ့ စကားပုံကို မေ့ထားလို့ ရပါပြီ။

ငါးမြွေထိုးမီးကင်ချက်

ပါဝင်ပစ္စည်းများ

ငါးမြွေထိုး  –  ၂၀ ကျပ်သား

ဆီ  –  ၅ ကျပ်သား

နနွင်း  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်သွန်နီ  –  ၁ ဥ

ကြက်သွန်ဖြူ  –  ၂ ဥ

စပါးလင်  –  လက် ၃ လုံး

ငရုတ်ပွ  –  ၃ တောင့်

ခရမ်းချဉ်သီး  –  ၁ လုံး

မန်ကျည်းမှည့်  –  ကွမ်းသီးလုံး ၂ လုံးစာ (ရေဖျော်ထားပါ)

နံနံပင်  –  ၃ ပင်

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မုန်လာကြက်ဥကြော်

ပါဝင်ပစ္စည်းများ

မုန်လာဥ  –  ၁ လုံး

ကြက်ဥ  –  ၁ လုံး

ကြက်သွန်ဖြူ/နီ

အရသာမှုန့်  –  အနည်းငယ်

ပြောင်းဖူးအညွန့်ဟင်းရည်

ပါဝင်ပစ္စည်းများ

ပြောင်းဖူး  –  ၁ ဖူး

ရေ  –  ၁ လီတာ

ငါးမီးကင်  –  ၁ ကောင်

ကြက်သွန်ဖြူ  –  ၅

Facebook Comments