ကျောက်ကျောနှင့် သံပရာအုန်းနို့ (Agar Agar with Lime & Coconut Milk)

by Syi Lwin Foods Garden for Food Magazine

          ကျောက်ကျောကလည်း အုန်းနို့ပါမှ စားကောင်းတာဆိုတော့ အုန်းသီးအုန်းနို့စားရင် သတိထားရမယ့် သူတွေအတွက် သံပရာရည်ထည့်လို့ ချဉ်ဆိမ့်လေး လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ (ကျောက်ကျောဗန်း ၈ x ၈ လက်မအကျယ်)

သံပရာ အုန်းနို့ကျောက်ကျောလုပ်ရန်

ကျောက်ကျောမှုန့်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း (တယ်လီဖုန်းပုံ ကျောက်ကျော)

သကြား  –  စားပွဲဇွန်း ၆  ၁/၂ ဇွန်း

သံပရာအခွံ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အခွံခြစ်ထားပါ)

သံပရာရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

အုန်းနို့ရည်  –  ၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်၊ ၅၀ဝ မီလီ)

မုန့် Colour အစိမ်းရောင်  –  ၂ စက်

ပြုလုပ်နည်း

          မကပ်သော ဇောက်နက်အိုးထဲ သံပရာ၊ အုန်းနို့နှင့် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မီးအနေတော်ဖြင့် တည်ပါ။ အရည်များဆူပွက်လာလျှင် အဆက်မပြတ် မွှေပါ။ ပွက်ပွက်ဆူလာလျှင် မီးဖိုပေါ်မှချပြီး ဗန်းအပြန့်ထဲ လောင်းထည့်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံပါ။ အေးခဲသွားလျှင် ပုံစံပုံဖော် ဓားခွက်ဖြင့် လိုသလို လှီးပါ။

အုန်းနို့ကျောက်ကျောလုပ်ရန်

ကျောက်ကျောမှုန့်  –  လက်ဖက်ရည်ဇွန်း ၃  ၁/၂ ဇွန်း (တယ်လီဖုန်းပုံ ကျောက်ကျော)

သကြား  –  စားပွဲဇွန်း ၆  ၁/၂ ဇွန်း

အုန်းနို့ရည်  –  ၂  ၁/၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်၊ ၅၅၀-၆၀ဝ မီလီ)

ပြုလုပ်နည်း

          ဇောက်နက်အိုးထဲ အုန်းနို့၊ ကျောက်ကျောနှင့် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး မီးအနေတော်ဖြင့် တည်ပါ။ အရည်များ ဆူပွက်လာလျှင် အဆက်မပြတ် မွှေပါ။ ပွက်ပွက်ဆူလာလျှင် မီးဖိုပေါ်မှချပြီး ဗန်းအပြန့်ထဲ လောင်းထည့်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံပါ။ အေးခဲသွားလျှင် ပုံစံပုံဖော် ဓားခွက်ဖြင့် လိုသလို လှီးပါ။  အအေးကြိုက်သူများအတွက် စားခါနီးမှ ရေခဲသေတ္တာထဲက ထုတ်စားလျှင် ပိုကောင်းပါတယ်။

Facebook Comments