ကျောက်ပုစွန် သံပရာခရင်မ်ဆော့စ်နှင့် ရုံးပတီသီးပဲညွှန့်ကြော် (Steamed Lime Butter Lobster & Stir-Fried Okra with Bean Leaves)

ကျောက်ပုစွန် သံပရာခရင်မ်ဆော့စ်နှင့် ရုံးပတီသီးပဲညွှန့်ကြော်

(Steamed Lime Butter Lobster & Stir-Fried Okra with Bean Leaves)

        ဒီလမှာတော့ ပရိသတ်ကြီးအတွက် ရိုးရှင်းပြီး အရသာထူးခြားတဲ့ အနောက်တိုင်းဟင်းလျာအတွဲလေးနဲ့ တင်ဆက်ပါရစေ။ အဲဒီဟင်းလျာအတွဲလေးကတော့ ‘ကျောက်ပုစွန်သံပရာခရင်မ်ဆော့စ်နှင့် ရုံးပတီသီးပဲညွှန့် ကြော်’  ပါပဲ။ ကျောက်ပုစွန်ကို ရိုးရှင်းစွာ ရေနွေးငွေ့နဲ့ပေါင်းပြီး သံပရာရည်၊ ရို့မယ်ရီရွက်၊ ဟင်းချက်ခရင်မ်၊  ထောပတ်၊ ဆား၊  ငရုတ်ကောင်း တို့နဲ့ ဆော့စ်ချက်ပြီး လောင်းထားတာမို့ အနောက်တိုင်းဟင်းလျာပေမယ့် အလွန်လွယ်ကူမြန်ဆန်ပါတယ်။ အသီးအရွက်တွေကိုလည်း ရိုးရှင်းစွာ ထောပတ်၊ ဆား၊ ငရုတ်ကောင်းမှုန့် တို့နဲ့ ပြင်ဆင်ထားတာမို့ အရသာကောင်းမွန်ပါတယ်။ ကျောက်ပုစွန်ပေါတဲ့ ပင်လယ်ကမ်းခြေဒေသတွေနဲ့ အပန်းဖြေ ကမ်းခြေတွေရောက်တဲ့အခါ မိသားစုနဲ့သော်လည်းကောင်း၊ သူငယ်ချင်းမိတ်ဆွေများနဲ့ သော်လည်း ကောင်း ပြင်ဆင်ချက်ပြုတ် စားသုံးနိုင်စေရန် ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ . .  ကျောက်ပုစွန်နဲ့ ရုံးပတီသီး ပဲညွှန့်ကြော်လေး ချက်ကြည့်ကြရအောင်…OK ??? WOW !!! SO BEAUTIFUL !!

ကျောက်ပုစွန်သံပရာခရင်မ်ဆော့စ်

►   ပါဝင်ပစ္စည်းများ

♦   ကျောက်ပုစွန်  –   ၁ ကောင်

♦   သံပရာသီး   –   ၂ လုံး

♦   ရို့မယ်ရီ   –   အနည်းငယ်

♦   ဝိုင်ဖြူ   –   ၅ဝ မီလီလီတာ

♦   ဟင်းချက်ခရင်မ်   –   ၂ဝဝ မီလီလီတာ

♦   အသားမှုန့်   –   အနည်းငယ်

♦   ငရုတ်ကောင်းချဉ်   –   အနည်းငယ်

♦   ပါမီဆန်ချိစ်အမှုန့်   –   အနည်းငယ်

♦   ထောပတ်   –   ၅ ဇွန်း

►   ချက်ပြုတ်ပုံအညွှန်း

၁။      ကျောက်ပုစွန်ကို ဝမ်းဗိုက်မှ ရေယက်များကို ကတ်ကြေးဖြင့် သန့်စင်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းထားပါ။

၂။     သံပရာခရင်မ်ဆော့စ်အတွက် သံပရာရည်နှင့် ဝိုင်ဖြူကို ရို့စ်မယ်ရီအနည်းငယ်နှင့် ကျိုပြီး ဟင်းချက်ခရင်မ်ဖြင့် ရောချက်ပါ။

၃။      အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်၊ ပါမီဆန်ချိစ်အမှုန့်အနည်းငယ်တို့နှင့် ထိန်းညှိပါ။

၎။      သံပရာခရင်မ်ဆော့စ်အနည်းငယ်ပျစ်လာလျှင် ထောပတ်ထည့်၍ပျော်ဝင်သွားသည်အထိ အိုးအပူရှိန်နှင့်မွှေပေးပါ။

၅။      အသင့်ပေါင်းထားသော ကျောက်ပုစွန်ကို အနည်းငယ်အအေးခံပြီး ဝမ်းဗိုက်ဖက်မှ အခွံနုကို ကတ်ကြေးဖြင့်ဖြတ်၍ အတွင်းမှအသားကိုထုတ်ပါ။

၆။     ကျာက်ပုစွန်အစားကိုလှီး၍ ကျောက်ပုစွန်ခေါင်းအတွင်းမှ အဆီနှင့်တွဲဖက်ပြီး အသင့်ချက်ထားသော သံပရာခရင်မ်ဆော့စ်နှင့် တည်ခင်းပါ။

ရုံးပတီသီးနှင့်ပဲညွှန့်ကြော်

►   ပါဝင်ပစ္စည်းများ

♦   ရုံးပတီသီး   –   ၁ဝ တောင့်

♦   ပဲညွှန့်   –   ၁ စည်း

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ချင်း   –   အနည်းငယ်

♦   ထောပတ်   –   ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   အသားမှုန့်   –   အနည်းငယ်

♦   ရေနွေး   –   အနည်းငယ်

►   ချက်ပြုတ်ပုံအညွှန်း

၁။      ရုံးပတီသီးကို သန့်စင်ပြီး အတောင့်လိုက် ဓားရာပေးထားပါ။ ပဲညွှန့်ကိုအရွက်ခြွေပြီး သန့်စင်ထားပါ။

၂။      ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီကို လေးစိတ်လှီးထားပါ။

၃။      ချင်းအနည်းငယ်ကို ပါးပါးလှီးထားပါ။

၎။      ဒယ်အိုးတွင် ထောပတ်အနည်းငယ်နှင့် အသင့်လှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ကို ဆီသတ်ပြီး အသင့်သန့်စင်ထားသော ပဲညွှန့်ကို ထည့်ကြော်ပါ။

၅။     သန့်စင်ထားသော ရုံးပတီသီးကို ပဲညွှန့်နှင့်ရောကြော်ပြီး အရသာကို ဆား၊ ငရုတ်ကောင်း၊ အသားမှုန့်တို့ဖြင့် ထိန်းညှိပြီး ရေနွေးအနည်းငယ်ဖြင့် နူးအောင်ချက်ပါ။

www.facebook.com/Sunny Angelo

Facebook Comments