ကောင်းအောင်စိတ်ထား ချက်စို့လား

by ဒေါ်နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) for Food Magazine

          မေလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ငါးကြင်း မြီးချဉ်စပ်” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ် ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ပုစွန်ငါးဖယ်လုံးဆီပြန်၊ ဖရုံညွန့် ဖရုံဖူးကြော်၊ မန်ကျည်းသီးငါးပိထောင်း။

၂။       ကြက်တောင်ပံမလာချက်၊ ဟင်းနုနယ်ရွက်ကြော်၊ ပဲဝါလေးဟင်းရည်၊ မရန်းသီးငါးပိချက်။

၃။       ဆိတ်ကလီစာ ပူဒီနာချက်၊ အာလူးထောင်း၊ မန်ကျည်းရွက်ဟင်းရည်၊ ငရုတ်သီးစိမ်း ငါးပိထောင်း။

၎။       ငါးနုသန်းအိုးကပ်၊ ဒန့်ဒလွန်သီးဟင်းရည်၊ သရက်သီးသုပ်၊ ငရုတ်သီးအညာထောင်း။

၅။       ဝက်သုံးထပ်သားပြုတ်ကြော်၊ ခရမ်းချဉ်သီးချက်၊ မြေပဲငရုတ်သီးထောင်း၊ မုန်လာဥသုပ်။

၆။       ငါးကြင်းမြီးချဉ်စပ်၊ ကုလားပဲသီးစုံဟင်း၊ ငရုတ်သီးပုစွန်ခြောက်ကြော်၊ အတို့စုံ။

၇။       ကဏန်းအသားမွှေချက်၊ ဇရစ်ရိုးအချဉ်ရွက်ဟင်းရည်၊ ရေကျိုငါးပိကြော်၊ ဆေးမြင်းခွာရွက်သုပ်။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးကြင်း မြီးချဉ်စပ်၊ ကုလားပဲသီးစုံဟင်း၊ ငရုတ်သီး ပုစွန်ခြောက်ကြော်၊ အတို့စုံတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

ကောင်းအောင်စိတ်ထား ချက်စို့လား

          “ဟယ်တော့… ဆံပင်တွေညှပ်ပစ်တယ်။ အရင်က ဆံပင်ရှည်ရှည်မှ ကြိုက်တယ်ဆို”

          “ရာသီဥတုက ပူ၊ ခေါင်းတွေက ရှုပ်နဲ့ဆိုပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာ။ အခု ဆံပင်တိုကို  အိမ်က  ကလေး တွေက  ပြုံးစိစိနဲ့ ကြည့်ကြည့်နေတာ ပိုစိတ်ညစ်ဖို့ကောင်းတယ်”

          “တိုပြီးမှပဲ နောင်တရတဲ့အသံနဲ့ လုပ်မနေပါနဲ့။ ညီမကြည့်တာတော့ အရင်ကထက် ပိုနုပျိုတယ်”

          “အဟုတ်ပြောတာလား”

          “တကယ်ပြောတာပါ မမရဲ့။ ဆံပင်လေးတစ်ခုနဲ့တော့ ဘာမှခံစားမနေနဲ့။ ကိုယ့်သဘောနဲ့ကိုယ် ညှပ်တယ်။ ပတ်ဝန်းကျင်က ဘာပြောမလဲဆိုတာ ဂရုစိုက်မနေနဲ့။ လှ မလှက သူတို့အလုပ်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ပဲ မှတ်ထားလိုက်”

          “အိုကေ… ကောင်းလိုက်တဲ့ စိတ်ကူးကွယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းတာလည်း စိတ်ဖိစီးမှုတွေများစေတယ်”

          “ဒါပေါ့ မမရ … ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်ဖို့ ကိုယ်ပဲ တတ်နိုင်တယ်။ ကြားထဲက ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ ကောင်းတယ်ထင်လို့ လုပ်ပြီးပြီ။ ဘာမှ စိတ်ထဲမထားနဲ့”

          “အားပေးကောင်းတယ်ကွယ်၊ အခုမှပဲ လွတ်လပ် ပေါ့ပါးသွားတော့တယ်။ ကိုယ်ပိုင်တဲ့ ဆံပင်ကိုယ်ညှပ်တယ်၊ ဘာဖြစ်လဲနော့”

          “အမြင်မှန်ရသွားရင်လည်း ထမင်းစားကြရအောင် မမရာ”

          “ကိုယ့်အတွက်ဆို အကောင်းတွေပဲ ချက်စားကြတာပေါ့”

          “ပုစွန်တုပ် လက်သီးဆုပ်လောက်ကြီးတွေ၊ ငါးကောင်လုံးပေါင်းနဲ့ ဘဲကင် ကြွပ်ကြွပ်ရွရွ၊ ပူပူနွေးနွေးတွေချည်း၊ တစ်ခါတည်း စားလိုက်မလား”

          “ညီမလေး… အဲဒါတွေ စားချင်လို့လား။ ဒါဆိုရင်တော့ ဆိုင်သွားမှဖြစ်မှာ”

          “နောက်တာပါ မမရ။ မမချက်ကျွေးတဲ့ အချို၊ အချဉ်၊ အစပ် အကုန်ပါတဲ့ မြန်မာဟင်းအတွဲတွေကိုပဲ စားမှာပါ”

          ဒါဆို ငါးမြီးချဉ်စပ်နဲ့ ကုလားပဲသီးစုံဟင်း ချက်ထားတယ်။ နယ်မှာဆိုတော့ ချောင်းငါးကြင်းဖြူရှိတယ်။ အမြီးပိုင်း ၃၀ ကျပ်သား (သို့) ၂၅ ကျပ်သားကို အကြေးခွံ သန့်စင်ပြီး အတုံးလိုက်ကိုပဲ ဓားရာသင့်သလိုပေးမယ်။ ရေစင်အောင်စစ်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရသာ ဇွန်းတစ်ဝက်၊ နနွင်း နည်းနည်းပေါင်းနယ်ပြီး ဆီ ၂၀ ကျပ်သားထဲ ထည့်ကြော်မယ်။ မီးအပူချိန်အနေတော် ထားရမှာဖြစ်ပြီး ငါးကြင်းတွေ ရွှေဝါရောင်တောက်လာရင် ဆယ်ယူပြီး ဆီစစ်ထားလိုက်မယ်။

          ချက်မယ်ဆို ဆီ ၂ ကျပ်ခွဲသားထဲကို ကြက်သွန်ဖြူ ၂ ဥ နုပ်နုပ်စဉ်း ထည့်ကြော်မယ်။ အကြည်ရောင်ပေါက် လာရင် ခြေထားတဲ့ ခရမ်းချဉ်သီးအနှစ် စတီးဇွန်း ၂ ဇွန်း၊ မန်ကျည်းမှည့် အရည် ၅ ကျပ်သား ၁ ခွက်၊ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း ၁၀ တောင့်၊ သို့မဟုတ် အစပ် ကြိုက် သလောက် ဖြည့်ထည့်မယ်။ ပွက်ပွက်ဆူလာရင် ဆား၊ အရသာ အနေတော်ဖြစ်အောင် မြည်းပြီး ထည့်မယ်။ အချို၊ အချဉ်၊ အစပ်အရသာ အနေတော်ဖြစ်ရင် နံနံပင်၊ ကြက်သွန်မြိတ်ခတ်ပြီး ကြော်ထားတဲ့ ငါးကြင်းပေါ် လောင်း ချလိုက်မယ်။ ပူပူနွေးနွေးစားရင် အကောင်းဆုံးဖြစ်တဲ့ ငါးကြင်းမြီးချဉ်စပ်ပါ။

          ကုလားပဲသီးစုံဟင်းအတွက် လူများရင် ကုလားပဲ ၁၀ ကျပ်သား၊ နည်းရင် ၅ ကျပ်သား နူးအောင်ပြုတ်ပြီး ဆီ ၂ ကျပ်ခွဲသားထဲကို ကြက်သွန်နီ ၁ ဥ၊ ဇီရာ၊ ကရဝေး၊ ပျဉ်းတော်သိမ်၊ သစ်ကြံပိုးခေါက် နည်းနည်းစီပေါင်းပြီး ဆီသတ်မယ်။ အနံ့မွှေးလာရင် ပြုတ်ပြီး ခြေထားတဲ့ ကုလားပဲအိုးထဲ လောင်းထည့်မယ်။ ပွက်ပွက်ဆူအောင် တည်ပြီး အိမ်မှာ အဆင်သင့်ရှိနေတဲ့ ရုံးပတီသီး ၃ တောင့်၊ ခရမ်းသီး ၁ လုံး၊ ပဲတောင့်ရှည် ၃ – ၄ တောင့်၊ အာလူးပြုတ် ၂ – ၃ လုံး၊ ဂျူးမြစ်ရှိသလောက်ပေါင်းပြီး ပဲဟင်းအိုးထဲ ထည့်မယ်။ ဆား၊ အရသာ၊ မဆလာ လိုသလောက်ခတ် ပြီးရင် သီးစုံပဲဟင်းရပါပြီ။ ရေကိုတော့ အနေတော်ချိန်ဆ ထည့်ဖို့ လိုပါမယ်။

          အငန်အတွက် ငရုတ်သီးပုစွန်ခြောက်ကြော်လေး ထပ်ဖြည့်ပေးလိုက်မယ်။ အသုပ်ဆိုရင်တော့ သခွားသီး၊ ပူဒီနာသုပ်နဲ့ လိုက်ဖက်ပါမယ်။

          တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော ကိုယ့်ကိုယ်ကိုယ် အချစ်တတ်ဆုံးဖြစ်ဖို့ ကောင်းသောအလုပ်တွေနဲ့ ကြိုးစားရင်း ချက်ကြည့်ဖို့ ဟင်းအတွဲပါ။

နန်းစန်းစန်းအေး

အဓိပတိ (ဖြူး)

၁၁၀/၅ ဖာလုံ

အမြန်လမ်း၊ ဖြူးမြို့နယ်။

 

ငါးကြင်းမြီးချဉ်စပ်

ငါးကြင်းကြော်ရန်အတွက်

ချောင်းငါးကြင်း  –  ၃၀ ကျပ်သား (အမြီးပိုင်း)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်  –  ဇွန်းတစ်ဝက်

ဆီ  –  ၂၀ ကျပ်သား

ချက်ရန်

ဆီ  –  ၂ ကျပ်ခွဲသား

ကြက်သွန်ဖြူ  –  ၂ ဥ

ခရမ်းချဉ်သီးအနှစ်  –  စတီးဇွန်း ၂ ဇွန်း

မန်ကျည်းရည်  –  ၁ ခွက် (၅ ကျပ်သား)

ငရုတ်သီးစိမ်း  –  ၁၀ တောင့်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

 

ကုလားပဲသီးစုံဟင်း

ပါဝင်ပစ္စည်းများ

ကုလားပဲ  –  ၁၀ ကျပ်သား

ဆီ  –  ၂ ကျပ်ခွဲသား

ကြက်သွန်နီ  –  ၁ ဥ

ရုံးပတီသီး  –  ၃ တောင့်

ခရမ်းသီး  –  ၁ လုံး

ပဲတောင့်ရှည်  –  ၃ – ၄ တောင့်

အာလူးပြုတ်  –  ၂ လုံး

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ဇီရာ၊ ကရဝေး၊ ပျဉ်းတော်သိမ်၊ သစ်ကြံပိုးခေါက် အနည်းငယ်စီ

Facebook Comments