အာဟာရဖြည့်စွက်ထားသော အစားအသောက်များ

by ဒေါက်တာလှကြည် for Food Magazine

          အိုင်အိုဒင်းအာဟာရဖြည့်ထားတဲ့ ဆား (အိုင်အိုဒင်းဆား) ကို မြန်မာနိုင်ငံမှာ မိသားစုအားလုံး စားနေကြတာ ၂၅ နှစ်လောက် ရှိနေပါပြီ။ ကလေးငယ်တွေအတွက် အာဟာရအမျိုးမျိုး ဖြည့်စွက်ထားတဲ့ ဖြည့်စွက်စာတွေ ဝယ်ယူရရှိနေတာလည်း ဆယ်စုနှစ်အတန်ကြာခဲ့ပါပြီ။ အခုဆိုရင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှာ မှတ်ပုံတင်ထားတဲ့ ကလေးဖြည့်စွက်စာတွေဟာ အရေအတွက်အားဖြင့်ရော၊ အမျိုးအစားအနေနဲ့ပါ ပိုမို များပြားလာနေပါတယ်။ မိသားစုတိုင်းစားသုံးနေကြတဲ့ဆန်ကို ဗီတာမင်နှင့် သတ္တုအာဟာရတွေ ဖြည့်စွက် ထုတ် လုပ်ရောင်းချနေတာလည်း ၂ နှစ်လောက် ရှိနေပါပြီ။

          အသက်ကြီးပိုင်း လူတချို့က “ငါတို့ တစ်သက်လုံး ရိုးရိုးဆားပဲ စားလာတာ။ အခုမှပဲ အိုင်အိုဒင်းဖြည့်ထားတဲ့ ဆားကိုစားရမယ်လို့” စသဖြင့် မလိုအပ်ဘဲ လုပ်နေတယ် ထင်ပြီး ပြောသူတွေ။ “ဆန်ပဲကွာ… တစ်သက်လုံး ဒီအတိုင်းပဲစားလာတာ။ အခုမှပဲ အာဟာရဖြည့်ဆန်စားမှဖြစ်တော့ မလိုလို ပြောနေကြတယ်။ အပိုတွေပါကွာ” စသဖြင့် ပြောသူတွေလည်း ရှိပါတယ်။ အာဟာရဖြည့်ဆန်စားဖို့ မိမိက စေတနာနဲ့ တိုက်တွန်းတာကို “ရိုးရိုးဆန် ပေါ်ဆန်းမွှေးလေးစားပြီး ဘားပလက် (Burplex) ဆေးတစ်ပြားပဲ သောက်လိုက်တော့မယ်ဗျာ” လို့ ပြန်ပြောတဲ့သူဟာ ဆရာဝန်တစ်ယောက်ဖြစ်နေလို့ အံ့ဩဖို့ကောင်းပါတယ်။ ဒီခေတ်က အာဟာရဖြည့်ထားတဲ့ အစားအစာတွေစားရမယ့်ခေတ်ဆိုတာ ဒီဆောင်းပါးမှာ ရှင်းပြချင်တာပါ။

ပြောင်းလဲနေသည့် ကမ္ဘာကြီး

          လူတွေ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးဟာ ယခင်နှင့် ယခု မတူတော့ဘူးဆိုတာကို သတိပြုစေချင်ပါတယ်။ အခုခေတ်ဟာ ရှေးယခင်ကလို တစ်မြို့၊ တစ်နယ်စီမှာ နေကြသူ တစ်ယောက်နှင့်တစ်ယောက်  စာတိုက်ကနေ စာပို့ပြီး မာကြောင်းသာကြောင်းမေးတဲ့ခေတ်၊ ရေးတဲ့ခေတ် မဟုတ်တော့ပါဘူး။ လက်ကိုင်ဖုန်း တစ်ချက်နှိပ်လိုက်ရင် တစ်ကမ္ဘာလုံး နေရာအနှံ့ စကားပြောနိုင်တဲ့ခေတ်၊ မိမိသိစေ ချင်တာကို ဖေ့စ်ဘွတ်ခ် (Facebook) ကနေ မိနစ်မဆိုင်း လှမ်းပြောလို့ရတဲ့ခေတ်၊ မိမိသိချင်တာကို အက်တာနက် (Internet) မှာ ရှာလို့ရတဲ့ခေတ်၊ လှမ်းမေးလို့ရတဲ့ခေတ် ဖြစ်ပါတယ်။ သူများနိုင်ငံတွေမှာ ဂျုံထဲကို ဗီတာမင် ဘီဝမ်း (Vitamin B1) စတဲ့ အာဟာရဓာတ်တွေဖြည့်ပြီး စားနေတာ၊ နွားနို့ထဲကို ဗီတာမင်ဒီဖြည့်ပြီးသောက်နေတာ နှစ်၇၀ ကျော်လို့ နှစ် ၈၀ နီးပါးရှိနေပါပြီ။ ဒါကိုတောင် မသိသေးဘူး ဆိုလျှင်တော့ ဖေ့စ်ဘွတ်စ်သုံးနေ၊ အင်တာနက်သုံးနေပေမယ့် ခေတ်မီတယ်လို့ မပြောနိုင်ပါဘူး။ အဲဒီအကြောင်းကို အခုဆောင်းပါးမှာ တင်ပြချင်တာပါ။

မြေဆီမြေနှစ် ကုန်ခန်းလာနေသည့် ကမ္ဘာမြေကြီး

          နှစ်ပေါင်းသန်းနှင့်ချီပြီး သက်တမ်းရှည်ကြာနေပြီ ဖြစ်တဲ့ မိမိတို့နေထိုင်ရာ ကမ္ဘာကြီးရဲ့ မြေထု၊ ရေထုနှင့် လေထုတွေမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပါပြီ။  ကမ္ဘာ့နိုင်ငံအများအပြားမှာ ရေတိုက်စားလို့ မြေဆီလွှာမှာရှိတဲ့ အိုင်အိုဒင်းအာဟာရတွေ လျော့နည်းနေပါပြီ။ မြန်မာနိုင်ငံမှာလည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (မြောက်ပိုင်း) စတဲ့ တောင်တန်းဒေသတွေမှာ တောင်ကျရေကြောင့် အိုင်အိုဒင်းအာဟာရချို့တဲ့ပြီး လူအများ လည်ပင်းကြီးရောဂါ ခံစားခဲ့ရတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ဝ ကျော်ကတည်းက ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြေပြန့်ဒေသတွေမှာ မြစ်ရေကြီးပြီး ရေပြန်ကျသွားတဲ့အခါ ကျရေနှင့်အတူ မြေဆီလွှာထဲက အိုင်အိုဒင်းတွေ မျောပါ ဆုံးရှုံးရတဲ့အတွက် အဲဒီဒေသတွေမှာလည်း လည်ပင်းကြီးရောဂါတွေ ဖြစ်ခဲ့တာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၆၀ ကတည်းက သိခဲ့ရပါတယ်။ လည်ပင်းကြီးရောဂါ ကာကွယ်ထိန်းသိမ်းရေးအတွက် ထိုးဆေးတွေ စားဆေးတွေသုံးပြီး ဆောင်ရွက်ခဲ့ပေမယ့် ရာနှုန်းပြည့် မအောင်မြင်ခဲ့ပါဘူး။ လည်ပင်းကြီးရောဂါအဖြစ်များတဲ့ တောင်တန်းဒေသတွေမှာ ကွက်ပြီး အိုင်အိုဒင်းဆား စားသုံးရေးစီမံချက်ကို အကောင်အထည်ဖော်ခဲ့တာလည်း ရာနှုန်းပြည့်မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားလုပ်ငန်း၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၊ ယူနီဆက်ဖ် (UNICEF) စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနှင့် လက်တွဲပြီး တစ်နိုင်ငံလုံး အိုင်အိုဒင်းဆားစားသုံးရေး စီမံချက်ကို ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ မြန်မာနိုင်ငံမှာ အိုင်အိုဒင်း ချို့တဲ့မှုပြဿနာကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ အစားအစာထဲမှာ ဘာကြောင့် အာဟာရဓာတ်တွေ ဖြည့်တင်းစားသုံးသင့်တယ်ဆိုတဲ့ သိသာထင်ရှားဆုံးနှင့် အခိုင်လုံဆုံး အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။

အစားအသောက် ထုတ်လုပ်စားသုံးပုံ ပြောင်းလဲလာခြင်း

          အာဟာရဖြည့် အစားအစာတွေ စားသုံးသင့်ကြောင်း အကြောင်းပြချက်နောက်တစ်ခုက လူတွေရဲ့ အစားအစာ ထုတ်လုပ်မှု၊ ပြင်ဆင်ချက်ပြုတ် စားသောက်ပုံအလေ့အထတွေ ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ယခင်က လူတွေဟာ စပါးကို မောင်းထောင်းပြီးရတဲ့ မောင်းထောင်းဆန်ကို စားသုံးခဲ့ကြပါတယ်။ ဂျုံကိုလက်နှင့်ကြိတ်ပြီးရတဲ့ ဂျုံမှုန့်ကြမ်းကြမ်းကို ပေါင်မုန့်စသဖြင့် မုန့်အမျိုးမျိုး ပြုလုပ်စားသုံးခဲ့ကြပါတယ်။ မောင်းထောင်းဆန်နှင့် လက်ဖြင့် ကြိတ်ထားတဲ့ ဂျုံမှုန့်ကြမ်းကြမ်းတွေမှာ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး (Vitamin B2)၊ နိုင်ယာစင် (Niacin) စတဲ့ ဗီတာမင်တွေ အများအပြား ပါဝင်နေပါတယ်။

          စက်မှုထွန်းကားလာတဲ့ခေတ် နောက်ပိုင်းမှာ ဆန်စက်တွေ၊ အမှုန့်ကြိတ်စက်တွေပေါ်လာပြီး လူတွေဟာ စက်ကြိတ်ဆန်ဖြူကို စားလာကြပါတယ်။ ပေါင်မုန့်နှင့် အခြားမုန့်အမျိုးမျိုးပြုလုပ်ရာမှာ စက်ကြိတ်ဂျုံမှုန့် နုနုလေးတွေကို အသုံးပြုကြပါတယ်။ စပါးကို စက်နှင့်ကြိတ်လို့ ထွက်သွားတဲ့ ဖွဲ၊ ဂျုံကို နုနေအောင် စက်နှင့် အမှုန့်ကြိတ်လို့ ထွက်သွားတဲ့ ဖွဲမှာ ဗီတာမင်ဘီဝမ်းနှင့် အခြားဗီတာမင် အချို့ ပါသွားပါတယ်။ မောင်းထောင်းဆန် စားခဲ့သူတွေ၊ ဂျုံကြမ်းနှင့်လုပ်တဲ့ ပေါင်မုန့်သာစားခဲ့သူတွေမှာ မဖြစ်ခဲ့ဘူးတဲ့ ရောဂါတွေဟာ စက်ကြိတ်ဆန်ဖြူစားသူတွေ၊ ဂျုံမှုန့်နုနု စားသူတွေမှာ ဖြစ်လာပါတယ်။ အထင်ရှားဆုံးက ဗီတာမင် ဘီဝမ်းချို့တဲ့လို့ဖြစ်ရတဲ့ ထုံနာစို (Wet Beriberi)၊ ထုံနာခြောက် (Dry Beriberi) နှင့် သူငယ်နာဘယ်ရီဘယ်ရီ (Infantile Beriberi) ရောဂါတွေ ဖြစ်ပါတယ်။

          ဘယ်ရီဘယ်ရီ (Beriberi) ဆိုတဲ့ ထုံနာစို၊  ထုံနာခြောက်ရောဂါဟာ အာရုံကြောတွေထိခိုက်ပြီး ကြွက်သားတွေ အားနည်းလာတဲ့ရောဂါလို့ သိထားနိုင်ပါတယ်။ ထုံနာခြောက်ရောဂါမှာ ခြေတွေ၊ လက်တွေ ထုံခြင်း၊ ကျဉ်ခြင်း၊ ခြေသလုံးကြွက်သားများနာခြင်း၊ လမ်းမလျှောက်နိုင်ခြင်း စတဲ့ လက္ခဏာတွေ ထင်ရှားပါတယ်။ ထုံနာစိုမှာ နှလုံး ကြွက်သားတွေ ထိခိုက်ပြီး မောခြင်း၊ ဖောရောင်ခြင်း၊ အသက်သေဆုံးခြင်းတို့ ဖြစ်ပါတယ်။ သူငယ်နာ ဘယ်ရီ ဘယ်ရီရောဂါက လသားအရွယ်ကလေးတွေမှာဖြစ်ပြီး အသက်ရှူရခက်ခြင်း၊ အသံဝင်ခြင်းလောက်သာ သတိထားမိရာက ရုတ်တရက် အသက်ဆုံးရှုံးသွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။

          ဘယ်ရီဘယ်ရီရောဂါမျိုးစုံဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ၊ ဂျပန်အပါအဝင် အာရှနိုင်ငံ တွေမှာ အနှံ့အပြား ဖြစ်ခဲ့ပါတယ်။ ဒါကို ဖြေရှင်းခဲ့တဲ့နည်းက ဂျုံမှုန့်မှာ ဗီတာမင်ဘီဝမ်းဖြည့်ပြီးမှ စားတဲ့ဗျူဟာ၊ ဆန်ကို ဗီတာမင်ဘီဝမ်းဖြည့်ပြီး စားတဲ့ဗျူဟာတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဂျုံမှုန့်ထဲကို ဗီတာမင်ဘီဝမ်းဖြည့်ပြီး စားနေတာ ၇၅ နှစ်လောက်ရှိပါပြီ။ ဖိလစ်ပိုင်မှာ ဆန်ကို ဗီတာမင်ဘီဝမ်းဖြည့်ပြီးစားနေတာ နှစ် ၅၀ လောက် ရှိပါပြီ။ မြန်မာနိုင်ငံမှာလည်း ဗီတာမင်ဘီဝမ်းအပါအဝင် အာဟာရဓာတ် ၈ မျိုး ဖြည့်ထားတဲ့ ဆန်ကို ဝယ်ယူရရှိနေပါပြီ။

နေရောင်ခြည် လုံလောက်အောင် မရရှိခြင်း

          လူတွေဟာ အာဟာရဓာတ်တွေကို အစားအစာများမှသာ ရရှိတာမဟုတ်ပါဘူး။ အခြားနည်းတွေနှင့်လည်း ရရှိနိုင်ပါသေးတယ်။ ဥပမာ- ဗီတာမင်ဒီကို နေရောင်ခြည်ရဲ့ အစွမ်းနှင့် လူရဲ့အရေပြားမှာ ထုတ်လုပ်ရရှိခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အရေပြားကို နေရောင်ခြည်နှင့် လုံလောက်အောင် ထိတွေ့နိုင်မှသာ ဗီတာမင်ဒီ အလုံအလောက် ရရှိပါတယ်။ ၁၉၄၀ ပြည့်နှစ်တွေမတိုင်မီက ကမ္ဘာ့မြောက်ပိုင်းမှ ကနေဒါ အစရှိတဲ့ အလွန်အေးတဲ့နိုင်ငံတွေမှာ နေရောင်ခြည်နှင့် အလုံအလောက်မထိတွေ့ရတဲ့အတွက် ကလေးတွေဟာ ဗီတာမင်ဒီချို့တဲ့ပြီး အရိုးပျော့ရောဂါတွေ ခံစားခဲ့ရဖူးပါတယ်။ ခြေထောက်လေးတွေ ခွင်နေတာ၊ နံရိုးမှာ ပုတီးစေ့လေးတွေလို အဖုအလုံးလေး တွေဖြစ်နေတာ၊ သူများထက် ခေါင်းပိုကြီးတာ၊ နဖူးမောက်တာ၊ ခါးလေးကုန်းနေတာတွေဟာ ကလေးအရိုးပျော့ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။

          ဗီတာမင်ဒီဟာ ငါးကြီးဆီမှာပါတာ၊ ကြက်ဥအနှစ်၊ ဘဲဥအနှစ်နှင့် အသည်းမှာ အနည်းငယ်ပါတာကလွဲလို့ လူအများ နေ့စဉ်စားနေကျ ဆန်၊ ဂျုံ စတဲ့ ကောက်နှံတွေ၊ ပဲအမျိုးမျိုးနှင့် အသား စတဲ့ သဘာဝအစားအစာတွေမှာ များများပါလေ့မရှိပါဘူး။ ဒါကြောင့် နွားနို့မှာ ဗီတာမင်ဒီ ဖြည့်ပြီး နေ့စဉ်နွားနို့သောက်တဲ့အကျင့်ကို ထူထောင်ခဲ့ရပါတယ်။ အခုအခါမှာ ကနေဒါ၊ ဆွီဒင် စတဲ့ ကမ္ဘာ့မြောက်ခြမ်း နိုင်ငံတွေမှာ လူတွေသောက်သုံးဖို့ ရောင်းချတဲ့ နွားနို့မှန်သမျှဟာ ဗီတာမင်ဒီ ဖြည့်ပြီးသားဖြစ်နေပါပြီ။ အဲဒီလို မဖြစ်မနေ ဖြည့်ရမယ်ဆိုတာလည်း စည်းကမ်းဥပဒေ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဗီတာမင်ဒီ ဖြည့်မထားတဲ့ ရိုးရိုးနွားနို့ကိုသောက်လို့ ဗီတာမင်ဒီ အလုံအလောက်မရနိုင်ဘူးဆိုတာတော့ သတိပြုစေချင်ပါတယ်။

ကလေးများအတွက် အာဟာရဖြည့်စွက်ထားသော အစာများ

          ၅ နှစ်အောက် ကလေးတွေဟာ အာဟာရမျိုးစုံ လုံလုံလောက်လောက် စားသုံးနိုင်ဖို့ အရေးကြီးတဲ့အရွယ် ဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ ဖြိုးမှုဟာ အသက် ၅ နှစ်ပြည့်တဲ့အချိန်မှာ ၉၀% လောက် ပြီးမြောက်နေပြီဖြစ်ပါတယ်။ ဆက်ပြီး ဖွံ့ ဖြိုးနိုင်စွမ်းဟာ ၁၀% လောက်သာ ကျန်ပါတော့တယ်။  ဒါကြောင့် အသက် ၅ နှစ်မတိုင်မီမှာ ဦးနှောက် အပြည့်အဝဖွံ့ ဖြိုးနိုင်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို  အလုံအလောက်ကျွေးရပါမယ်။ အလားတူပဲ ကလေးတစ်ယောက်ဟာ အရွယ်ရောက်တဲ့အခါ အရပ်အမောင်း ဘယ်လောက်ရှိနိုင်တယ်ဆိုတာကို အသက် ၃ နှစ်အရွယ် အရပ်အမောင်းကနေ ခန့်မှန်းနိုင်တာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့အာဟာရမျိုးစုံကိုလည်း အလုံအလောက် စားသုံးရဖို့ အရေးကြီးပါတယ်။

          ၅ နှစ်အောက်ကလေးတွေဟာ အာဟာရချို့တဲ့မှု အဖြစ်အများဆုံးအရွယ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာဆိုရင် ဗီတာမင်တွေထဲမှာ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်း၊ သတ္တုအာဟာရတွေထဲမှာ သံဓာတ်၊ အိုင်အိုဒင်းတို့ဟာ ချို့တဲ့မှုအများဆုံးဖြစ်တတ်တဲ့ အဏုအာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို သံဓာတ်ပါတဲ့ဆေးလုံးတွေ တိုက်ကျွေးခြင်း၊ နို့တိုက်မိခင်တွေကို ဗီတာမင်ဘီဝမ်း ဆေးလုံးတွေ တိုက်ကျွေးခြင်း၊ အသက် ၆ လမှ ၅ နှစ်အထိ ကလေးတွေကို ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်း၊ မိသားစုအားလုံးအတွက် အိုင်အိုဒင်းဖြည့်စွက်ထားတဲ့ အိမ်သုံးဆားသာ ထုတ်လုပ်ခြင်းတို့ကို စီမံချက်တွေအနေနဲ့ အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ အာဟာရဓာတ် ၈ မျိုး ဖြည့်ထားတဲ့ ဆန် (အားဖြည့်ဆန်) ထုတ်လုပ်ရောင်းချခြင်းကိုလည်း အားပေးလျက်ရှိပါတယ်။ ဒါတွေ အားလုံးဟာ ကလေးတွေအပေါ် များစွာအကျိုးသက်ရောက်ပါတယ်။

          အခုခေတ် မိသားစုအများစုဟာ စားဝတ်နေရေး အဆင်ပြေဖို့ လင်ရောမယားပါအပြင် အရွယ်ရောက်ပြီး သူမှန်သမျှ အလုပ်လုပ်ရတဲ့ခေတ် ဖြစ်ပါတယ်။ ယခင်ကလို မိခင်က အိမ်ထောင်ထိန်းသိမ်းရင်း ကလေးကို ထမင်းကျွေးပြုစုနေဖို့ မလွယ်ပါဘူး။ လူတစ်ယောက် အပိုထားနိုင်ဖို့လည်း မလွယ်ပါဘူး။ ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုဖို့ အချိန်ရှားလာပါပြီ။ ကလေးကို ရိုးရာအစားအစာတွေ စုံလင်မျှတအောင် ကျွေးဖို့ဆိုတာလည်း အထူးသဖြင့် မြို့ပေါ်ဒေသတွေမှာ ခက်ခဲလာနေပါတယ်။ မိသားစုတွေ အထူးသဖြင့် အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ မိခင်တွေအနေနဲ့ ကလေးတွေအတွက် အမှန်တကယ် အာဟာရ ပြည့်ဝပြီး ဥပဒ်ကင်းတဲ့ ဖြည့်စွက်စာတွေ အားကိုးနေကြရပါတယ်။

မြန်မာတို့၏ အာဟာရဗဟုသုတနှင့် အစာစားသုံးမှု အလေ့အကျင့်

          ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျေးဇူးကြောင့် မြန်မာမိဘအများစုဟာ မိခင်နို့တိုက်ကျွေးခြင်းကအစ ၅ နှစ် အောက်ကလေးတွေကို ဘယ်လိုကျွေးမွေးပြုစုရမယ်။အိုင်အိုဒင်းဆားစားဖို့၊ အသားနှင့် အသည်းတွေဟာ သံဓာတ်ြွကယ်ဝတဲ့ အစားအစာတွေဖြစ်ကြောင်း၊ ပဲအမျိုးမျိုးမှာပါတဲ့ သံဓာတ်ကို အူထဲကနေ သွေးထဲကို  များများစုပ်ယူနိုင်အောင် အသားကလေး နည်းနည်းရောပြီး စားသင့်ကြောင်း၊ ဗီတာမင်စီက သံဓာတ်စုပ်ယူမှုကို အားပေးကြောင်း၊ ထမင်းစားပြီး လက်ဖက်ရည်အချို သောက်လျှင်၊ လက်ဖက် ရည်ကြမ်းဖန်ဖန်သောက်လျှင်၊ လက်ဖက်သုပ်စားလျှင် သံဓာတ်စုပ်ယူမှု နည်းသွားနိုင် တဲ့အတွက် အဲဒီလိုအကျင့်မျိုးကို ရှောင်သင့်ကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ မလိုအပ်ဘဲ၊ ဆရာဝန်မညွှန်ကြားဘဲ အစားမရှောင်သင့်ကြောင်း၊ အစားအစာ အုပ်စု စုံလင်အောင်စားသင့်ကြောင်း၊  ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်လို  အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေမှာ ဗီတာမင်အေ ကြွယ်ဝကြောင်း၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်လို အဝါရောင်သစ်သီးတွေ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥဝါတို့လို အဝါရောင် သစ်ဥသစ်ဖုတွေဟာ ဗီတာမင်အေကြွယ်ဝကြောင်း ဗဟုသုတရှိနေကြသူတွေ များပါတယ်။

          အာဟာရဖြည့်ထားတဲ့ အစားအစာတွေနဲ့ပတ်သက်လို့ကတော့ မြန်မာတွေမှာ ဗဟုသုတနည်းနေဆဲဖြစ် ပါတယ်။ မိသားစုဝင်အားလုံး အာဟာရဖြည့်ထားတဲ့ဆန် (အားဖြည့်ဆန်)ကိုသာ စားသုံးသင့်တယ်ဆိုတဲ့သတင်း ဟာ ပြည်သူလူထုထံ သိပ်မရောက်သေးပါဘူး။ ဆရာဝန် အသိုင်းအဝိုင်းမှာပင် အာဟာရဖြည့်ဆန်အကြောင်း သိသူ အလွန်နည်းပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း (Myanmar Medical Association-MMA) က ကြီးမှူးပြုလုပ်တဲ့ အထွေထွေရောဂါကုဆရာဝန်များ (General Practioners–GP) သင်တန်းမှာ လွန်ခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က အာဟာရနှင့်ပတ်သက်ပြီး ဟောပြောပို့ချမှုတစ်ခု ပြုလုပ်ခဲ့ရပါတယ်။ သင်တန်းသား ၅၀-၆၀ လောက်ကို “အာဟာရဖြည့်ဆန် (Fortified Rice) စားနေတဲ့သူရှိလျှင် လက်ညှိုးထောင်ပါ” လို့ ပြောတဲ့အခါ လက်ထောင်တဲ့သူမရှိတာကို ဝမ်းနည်းစွာ တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆရာဝန် ညီလာခံ (Myanmar Medical Conference) မှာလည်း ဆေးဆိုင်တွေနှင့်အတူ အားဖြည့်ဆန် ဆိုင်ခန်းတစ်ခုဖွင့်ပြီး အသိပေးခြင်း၊ ရောင်းချခြင်း ပြုလုပ်ခဲ့ပေမယ့် စိတ်ဝင်စားတဲ့ ဆရာဝန်ဦးရေ အလွန်နည်းခဲ့ပါတယ်။ အာဟာရဖြည့်ဆန်အကြောင်း ရုပ်သံမီဒီယာ၊ ပုံနှိပ်မီဒီယာတွေကတစ်ဆင့် ပြည်သူလူထုကို အသိပေးခြင်း၊ ပညာပေးခြင်းလုပ်ငန်းတွေကို ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုနေ ပါပြီ။ ဆရာဝန်တွေအနေနဲ့ အားဖြည့်ဆန်အပါအဝင် အာဟာရဖြည့်ထားတဲ့ အစားအစာတွေကို စိတ်ဝင်စားသင့် ပါတယ်။ မိမိကိုယ်တိုင် စားသုံးသင့်တဲ့အပြင် မိမိကျန်းမာရေး စောင့်ရှောက်ပေးနေရတဲ့ မိသားစုတွေကိုလည်း ပညာပေးတိုက်တွန်းသင့်ပါတယ်။

အစားအသောက်၌ အာဟာရဖြည့်စွက်မှု သမိုင်း

          အစားအသောက်ကို အာဟာရဖြည့်ပြီး စားသုံးဖို့ သမိုင်းမှာ အစောဆုံး စိတ်ကူးရလာသူက ဘီစီ ၅၀ဝ (လွန်ခဲ့တဲ့နှစ် ၂၅၀ဝ) လောက်က ပါရှန်စစ်သည်တွေကို ဝိုင်အရက်ထဲမှာ သံမှုန့်တွေထည့်ပြီး သောက်စေခဲ့တဲ့ နြူညေစကျ ဆိုသူ သမားတော်တစ်ယောက် ဖြစ်ပါတယ်။  သိပံ္ပနည်းမကျလို့ မအောင်မြင်ခဲ့ပေမယ့် သူ့မှာ ဒီလိုစိတ်ကူး ပေါ်ပေါက်လာတာကိုတော့ အသိအမှတ်ပြုရပါမယ်။ ဒါကြောင့် အစားအသောက်တွေမှာ အာဟာရဓာတ်တွေ ဖြည့်ပြီး စားသုံးဖို့ အခုထိစိတ်မကူးသေးဘူး။ ရှိနေတာကို တောင် အသုံးမချဘူး ဆိုရင် ဆရာဝန်တစ်ယောက်အနေနဲ့ နှစ်ပေါင်း ၂၅၀ဝ လောက် ခေတ်နောက်ကျနေပြီလို့ ပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဂျုံမှုန့်ကို ဗီတာမင်ဘီဝမ်းဖြည့်ပြီးမှစားတာ၊ ကနေဒါနိုင်ငံမှာ နွားနို့ကို ဗီတာမင်ဒီဖြည့်ပြီးမှ သောက်တာတွေနဲ့ ယှဉ်လိုက်ရင် မြန်မာလူထုဟာ သူများထက် နှစ် ၈၀ လောက်  ခေတ်နောက်ကျနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၅၆ ခုနှစ်လောက်ကစပြီး ဆန်မှာ အာဟာရ ဖြည့်ပြီးစားဖို့ စီစဉ်ခဲ့တာနဲ့ ယှဉ်လိုက်လျှင်လည်း မြန်မာတွေက နှစ်ပေါင်း ၆၀ လောက် နောက်ကျနေပြီလို့ ပြောနိုင်ပါတယ်။ အခုဆိုလျှင် အစားအစာအမျိုးမျိုးမှာ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတွဲ၊ ဖောလစ်အက်ဆစ်  စတဲ့ ဗီတာမင်မျိုးစုံ၊ သံဓာတ်၊ ဇင့် (Zinc)၊ ကယ်လ်စီယမ်  စတဲ့သတ္တုအာဟာရမျိုးစုံ ဖြည့်သွင်းစားသုံးနေကြပါပြီ။

          စက်ရုံထုတ် အာဟာရဖြည့်အစားအသောက်တွေဟာ ဈေးကြီးတဲ့အတွက် ငွေကြေးအနေနဲ့ လက်လှမ်းမမီ ဖြစ်နေသူတွေ ရှိနေပါတယ်လို့ ဆင်ခြေပေးနိုင်ပါတယ်။ အဲဒီလို မိသားစုတွေအတွက် မိမိအိမ်မှာ ပြင်ဆင်ချက်ပြုတ်တဲ့ ထမင်းနှင့်ဟင်း၊ ဝယ်ယူစားသုံးနေကျ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ကွေကာအုတ် စတဲ့အစားအစာတွေကို မိခင်ကိုယ်တိုင် အာဟာရဖြည့်ပြီး ကလေးတွေကို ကျွေးနိုင်ပါတယ်။ Sprinkles ဆိုတဲ့ သံဓာတ်နှင့် ဗီတာမင်မျိုးစုံ အာဟာရမှုန့်ကလေးတွေဖြစ်ပါတယ်။ တစ်ခါသုံး အထုပ် ကလေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲမှာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်လျော်တဲ့ ဖော်မြူလာနှင့် ထုတ်လုပ်ထားတဲ့ Sprinkles အာဟာရမှုန့် အထုပ်ကလေးတွေလည်း ရှိပါတယ်ဆိုတာ အသိပေးလိုပါတယ်။

Facebook Comments