အာလူးမှုန့်ရွှေကြည် (Potato Semolina Cake)

by Syi Lwin (Foodsgarden) for Food Magazine

          ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသော အာလူးနဲ့လုပ်ထားတဲ့ အာလူးရွှေကြည်ကိတ်ကို ကိုယ်တိုင်လုပ်ပြီး ပုံစံခွက်လေးတွေနဲ့လှီးကာ ဘူးထဲ လှလှပပထည့်ပြီး အဘိုးအဘွား၊ မိဘ၊ ဆရာသမားများကို ကန်တော့မယ်ဆိုရင် သိပ်ကို ကြိုက် နှစ်သက်ကြမှာပါ။ အချိုလျှော့ထားလို့ လူကြီးများအတွက် စားသုံးလို့ သင့်တော်တဲ့ အချိုပွဲလေးပါ။ ကိုယ်တိုင်လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

အာလူးမှုန့်  –  ၁ ခွက် (ရေ ၁  ၁/၂ ခွက်ဖြင့် ဖျော်ထားပါ)

ထောပတ်ဆီ  –  ၂ ကျပ်သား (အပူပေးပြီး အရည်အတိုင်းထည့်ပါ)

ပဲဆီ  –  ၄ ကျပ်သား (အိုးမကပ်အောင် ၁ ကျပ်သား ပိုထည့်လည်း ရပါတယ်)

အုပ်စု (က)

ဂျုံနု  –  ၁၀ ကျပ်သား

ရွှေကြည်မှုန့်  –  ၅ ကျပ်သား

သကြား  –  ၁၅ ကျပ်သား

အုန်းသီးအဖတ်  –  ၁ လုံး (အုန်းဖတ်များ ခြစ်ယူထားပါ)

ဆား  –  အနည်းငယ်

အုပ်စု (ခ)

ဘိန်းစေ့  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ဇလုံအကြီးထဲ နယ်ထားသော အာလူးမှုန့်အနှစ်ဖြင့် အုပ်စု (က) ပစ္စည်းများ ရောထည့်ပြီး  အားလုံးနှံ့အောင် နယ်ပါ။

၂။       မုန့်ဖုတ်ရန် ဗန်းထဲသို့ ထောပတ်ဆီနှင့် ပဲဆီရောထည့်ပြီး နယ်ထားသော အာလူးမှုန့်များကို ညီညီညာညာဖြန့်ပါ။

၃။       ပြီးမှ အုပ်စု (ခ) ပစ္စည်းများကို အပေါ်မှ ဖြူးပေးပါ။

၎။       မီးသွေးမီးဖြင့် ဗန်းကို အပေါ်အောက် မီးအပူဖြင့် ၅-၂၀ မိနစ်ခန့် ဖုတ်ပါ။ အရောင်ရဲပြီး အနံမွှေးလာလျှင် ဓားအသေးလေးဖြင့် အလယ်သားကို ထိုးကြည့်ပါ။ ဓားပြောင်ပြီး မုန့်သား ကပ်မပါလာဘူးဆိုလျှင် ရပါပြီ။ မီးဖိုပေါ်က ချပါ။ အနည်းငယ်အေးမှ လိုရာ ပုံစံလှီးပြီး အသင့်စားသုံးနိုင်ပါတယ်။

မှတ်ချက် – ဆီချိုသကြား အချိုနဲ့လုပ်လည်း ရပါတယ်။ ဆီများများ မစားလိုလျှင် မကပ်သော မုန့်ဖုတ်ဗန်းဖြင့်ဖုတ်ပါ။ အပေါ်မီး၊ အောက်မီးပါ အာဗင်နဲ့လည်း ဖုတ်လို့ရပါတယ်။ ၂၅၀ ဒီဂရီကို မိနစ် ၂၀-၂၅ မိနစ်ခန့်နဲ့ ဖုတ်ပေးပါ။

www.facebook.com/Syi Foodsgarden

Facebook Comments