
13 - July - 2015
အိမ်မှာတော့ တစ်ခါတလေ ဒီလိုမျိုးအသားကို နုပ်နုပ်စဉ်းပြီး အသားလုံးဆီပြန် လုပ်စားလေ့ရှိပါတယ်။ ကြက်သား၊ အမဲသား ဒါမှမဟုတ် ဝက်သား စသဖြင့် နှစ်သက်ရာအသားတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ဒီမှာတော့ အမဲသားကို သုံးပြထားပါတယ်။ ချင်းနိုင်နိုင်သုံးထားတာကြောင့် အနံ့မွှေးကြိုင်ပြီး ထမင်းဖြူဖြူနဲ့ လိုက်ဖက်လှပါတယ်။
► ပါဝင်ပစ္စည်းများ
♦ အမဲသား – ၂၅ဝ ဂရမ်
♦ ချင်း – လက်တစ်ဆစ်စာ
♦ ပြောင်းကော်မှုန့် – လက်ဖက်ရည် ၁ ဇွန်း
♦ ကြက်သားမှုန့် – လက်ဖက်ရည် ၁ ဇွန်း
♦ ကြက်သွန်ဖြူ – ၅ မြွှာ
♦ ကြက်သွန်နီဥကြီး ၂ ဥ + ချင်းလက်တစ်ဆစ်စာ+ ကြက်သွန်ဖြူ ၅ မြွှာ
♦ ဆား – အနည်းငယ်
♦ ငရုတ်သီးအရောင်တင်မှုန့် – အနည်းငယ်
♦ ဆီ – အနည်းငယ်
► ချက်နည်း
၁။ နုပ်နုပ်စဉ်းထားသော အမဲသားကို ချင်း၊ ကြက်သွန်ဖြူနုပ်နုပ်စဉ်းနဲ့ ရောနယ်ပါ။
၂။ ပြောင်းကော်မှုန့်၊ ကြက်သားမှုန့်နဲ့ ဆားအနည်းငယ်ထည့်ကာ စေးလာအောင်နယ်ကာ အရွယ်တော် အလုံးလေးများလုံးထားပါ။
၃။ ဆီစားပွဲဇွန်း ၅ ဇွန်းကို အပူပေးကာ ကြိတ်ထားသော ကြက်သွန်နီ၊ ဖြူနှင့် ချင်းများထည့်ကာ ဆီသတ်ပါ။
၎။ ကြက်သွန်နွမ်းလျှင် ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ထည့်ကာ အသားလုံးများထည့်ပေးပါ။
၅။ အိုးမကပ်စေရန် အသာလှုပ်ပေးပြီး အသားလုံးများ အရောင်ပြောင်းမှ ဇွန်းသုံးကာ အသာအယာမွှေပါ။
၆။ ဆီပြန်လျှင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen