
29 - October - 2019
အလှူငါးခြောက်ဟင်း
by Sofia for Food Magazine
တစ်သက်မှာ တစ်ခါသာ စားဖူးပြီး ဘယ်တော့မှ မမေ့နိုင်တဲ့ ငါးခြောက်ဟင်းလေး ဖြစ်ပါတယ်။
အလှူငါးခြောက်ချက်ကို ငယ်ငယ်က မန္တလေးမှာ မှတ်မှတ်ရရ တစ်ခါပဲ စားခဲ့ဖူးတာပါ။ အိမ်ရှေ့အိမ်က အလှူမှာ ကူညီလုပ်ပေးခဲ့ရင်းက မှတ်မိသလောက် ပြန်ပြီး ချက်စား ကြည့်ဖြစ်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ငါးခြောက် (ငါးကွမ်းရှပ်) – ၄ဝဝ ဂရမ်
ကြက်သွန်ကြော် – ၅၀ ဂရမ်
အုန်းသီးအဖတ် – ၅၀ ဂရမ်
မြေပဲထောင်း – ၆၀ ဂရမ်
ကြက်သွန်ဖြူ – ၄ မြောင်း
အရောင်တင် – စားပွဲဇွန်း ၁ ဇွန်း
နနွင်းမှုန့် – အနည်းငယ်
ဆား – အနည်းငယ်
(ချက်သည့် ငါးခြောက်အပေါ် မူတည်၍ ချိန်ဆပါ။)
ဟင်းခတ်မှုန့် – ၁ ဇွန်း
ထောပတ် – ၈၀ မီလီလီတာ (၅ ကျပ်သား)
ဆီ – ၈၀ မီလီလီတာ
ပြုလုပ်နည်း
၁။ ငါးခြောက်ကို် လိုသလိုလှီးဖြတ်၍ ရေဆေးပြီး ရေစစ်ထားပါ။
၂။ အိုးတစ်လုံးထဲ ဆီနှင့် ထောပတ်ထည့်ပြီး ငါးခြောက်ကို မွှေးလာသည်ထိ ဆီပူထိုးပါ။
၃။ ပါဝင်ပစ္စည်းများ ကြက်သွန်ဖြူထောင်း၊ ကြက်သွန်ကြော်၊ မြေပဲထောင်းနှင့် အုန်းသီး
တို့ကို ထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့်၊ အရောင်တင်ထည့်ပါ။ အရသာဖြည့်စွက်ပါ။
ပြီးလျှင် ရေမြုပ်အောင်ထည့်ပြီး ငါးခြောက်နူးအိပြီး အနှစ်ကျသည်အထိ တည်ပါ။
၄။ လိုအပ်ပါက ရေထပ်ထည့်ပြီး ဆီပြန်လာပါက ပန်းကန်ထဲ ထည့်ပြီး တည်ခင်းသုံးဆောင် နိုင်ပါပြီ။
လိုက်ဖက်သော ဟင်းအတွဲ
ပဲတီချဉ်သုပ်၊ ပဲနီလေးကြာဆံဟင်းချို၊ ငရုတ်သီးကြော်။