အလွယ်တကူ ချက်စို့အတူ

by နန်းစန်းစန်းအေး – အဓိပတိ (ဖြူး) for Food Magazine

          ‘‘လူတစ်ယောက်နဲ့ တစ်ယောက်က အကျိုးပေးမတူကြဘူးနော်’’

          ‘‘ဒါပေါ့၊ လူချင်းတူပေမယ့် အသက်ရှူတာချင်းက ကွာတယ်ဆိုသလားပဲ’’

          ‘‘အသက်လည်း ထွက်လေ၊ ဝင်လေ အတူတူရှူကြတာပဲ မဟုတ်လား’’

          ‘‘အဲဒါကိုက ကွာနေလို့နေမှာပေါ့။ နေပါဦး၊ ဘာ ပြောချင်လို့ အကျိုးပေးမတူဘူးလို့ ပြောတာလဲ’’

          ‘‘ပညာနဲ့လုပ်တဲ့ အလုပ်ကိုတော့ မပြောလိုပါဘူး။ ဘာမဟုတ်တဲ့ ဈေးရောင်းကြတဲ့ အလုပ်တွေမှာ ရောင်းကုန်ချင်း၊ ပစ္စည်းချင်း၊ ဈေးချင်းတူနေတာတောင်မှ ရောင်းကောင်းတဲ့သူက ရောင်းကောင်းပြီး ဘာမှ မရောင်းရဘဲ ထိုင်နေရတဲ့သူတွေရှိလို့ပါ’’

          ‘‘ဈေးရောင်းတာ ပညာမဟုတ်ဘူးထင်နေတဲ့ပုံပဲ။ လူတွေအားလုံး နည်းအမျိုးမျိုးနဲ့ ဈေးရောင်း နေကြတယ်။ ပညာရှိက ပညာရောင်းတယ်။ အသံကောင်းရင် အသံရောင်းတယ်။ စာအရေးကောင်းရင် စာရေးပြီးရောင်းတယ်။ ရုပ်ချောရင် ရုပ်ပြပြီးရောင်းတဲ့ အလုပ်လုပ်ရတယ်။ အဲဒီအလုပ်ပေါ်မှာ ဘယ်လောက်အားစိုက်ထုတ်ပြီး လုပ် တယ်ဆိုတဲ့ အရာပေါ်မှာ မူတည်ပြီးတော့ အကျိုးပေးတွေ ကွာလာတယ်။ ပစ္စည်းချင်းတူရင်တောင် ဖော်ရွေတဲ့ ဈေးသည်ဆီ ပိုဝယ်ချင်ကြတယ်။ ဖော်ရွေတာချင်းတူရင် အဆစ်ပေးတဲ့သူဆီ ပိုလာမယ်’’

          ‘‘ဈေးရောင်းရတဲ့ဘဝလည်း မလွယ်လှပါလားနော်’’

          ‘‘လောကကြီးမှာ လွယ်တယ်ဆိုတဲ့အလုပ် ဘာမှ မရှိဘူး’’

          ‘‘အလွယ်လိုချင်ရင်တော့ အလိမ်ခံရဖို့ တော်တော် နီးစပ်နေပြီလို့မှတ်’’

          ‘‘အလွယ်ဆုံးဟင်းချက်တာလောက်တော့ ဖြစ်လိမ့်မယ်’’

          ‘‘ဟင်းလည်း မချက်တတ်ရင် စားမဖြစ်တာတွေ ပုံလို့’’

          ‘‘အဲဒါလည်း ဟုတ်တာပဲ’’

          ‘‘ဟင်းချက်နည်းသင်တန်းတွေမှာ ဟင်းအမျိုးပေါင်း ၁ဝ၊ ၂ဝ ကို နှစ်သိန်း၊ သုံးသိန်းပေးပြီး တက်ရ တာလည်း ဟင်းချက်နည်းတွေ ရောင်းတာပဲပေါ့။ အခု အလကား အလွယ်လိုချင်တဲ့သူကို ဟင်းချက်နည်း တစ်နပ်စာ ပေး လိုက်မယ်’’

          ဝက်သား ငါးဖယ်လုံးအစပ်နှင့် ပိန်းဥဟင်းရည်၊ သခွားသီးသုပ်၊ နံနံပင် ငါးပိထောင်းဟင်း၊ ဝက်သား မိုးခိုသား အမြှောင်းတစ်မြှောင်း ၁၅ ကျပ်သား (သို့) ၂ဝ ကျပ်သားကို ကြိတ်စက်နဲ့ကြိတ်မယ်။ ကြိတ်စက်မရှိရင် ဓားနဲ့နုပ်နုပ်စဉ်းမယ်။ ငါးဖယ် ၁ဝ ကျပ်သားနဲ့ အတူ ကြက်သွန်ဖြူ ၅ မြွှာ၊ စပါးလင်တစ်ချောင်း၊ ချင်း လက်တစ်ဆစ်နဲ့အတူ သမအောင် ရောထောင်းမယ်။ ဆား လက်ဖက် ရည်ဇွန်းတစ်ဇွန်း၊ အရသာမှုန့်တစ်ဇွန်းနဲ့ သကြား ဇွန်း တစ်ဝက်စီ ထပ်ဖြည့်ပြီး ဝက်သား စဉ်းထားတာနဲ့ ရောနယ်မယ်။

          ချက်မယ့်အိုးထဲ ဆီ ၁ဝ ကျပ်သားထည့်။ ဝက်သား၊ ငါးဖယ်တွေကို အဆုပ်ဆုပ်ပြီး ကြော်မယ်။ မီးအရှိန် အနေ တော်မှာ အတွင်းသားတွေပါ ကျက်အောင် ကြော်ပေးမယ်။ အနံ့မွှေးပြီး ကျက်ရင် အသားလုံးတွေ ဆယ်ယူမယ်။ ကျန်တဲ့ ဆီထဲ ကြက်သွန်နီနှစ်ဥကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ၁ဝ မြွှာ ညက်အောင်ထောင်းထားတာ ထည့်ကြော်မယ်။ ဝါရွှေရောင်သန်းလာရင် မီးလျှော့ပြီး ငရုတ်သီးမှည့် ၁ဝ တောင့် ထောင်းထားတာနဲ့အတူ ဝက်သား၊ ငါးဖယ်လုံးတွေ ထည့်မွှေမယ်။ ဆား၊ အရသာ အနေတော်ဖြစ်အောင် မြည်းပြီးရင်တော့ ဝက်သားငါးဖယ်အစပ်ကြော်ရပါပြီ။

          ပိန်းဥဟင်းရည်အတွက် ရှမ်းပြည်ပိန်းကြီးကြီး တစ်ဥကို အခွံနွှာ၊ ရေဆေးပြီး အနေတော်တုံးမယ်။ ဆီ စတီးဇွန်းတစ်ဇွန်းထဲကို ကြက်သွန်ဖြူ ၅ မြွှာ ထည့်ကြော်မယ်။ ကြက်သွန်ဖြူနံ့မွှေးရင် ပုစွန်ခြောက်မှုန့် လက်တစ် ဆုပ်နဲ့အတူ နနွင်းလက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့် မွှေပေးမယ်။ ရေဆေးထားတဲ့ ပိန်းဥတွေ ထပ်ထည့်ပြီး လုံးမယ်။ ရေလီတာဝက်ဖြည့်ပြီး ပိန်းဥတွေ နူးအောင်တည်မယ်။ ပိန်းဥနူးရင် အချဉ်ရည်အနေနဲ့ သောက်ချင်ရင် ဟင်းဂလာချဉ်ဖတ် ၃ စည်း၊ ငါးပိလက်တစ်ဆစ် ထပ်ဖြည့်ပေးမယ်။ ရေအနေတော်နဲ့ ပွက်ပွက်ဆူလာရင်တော့ ပိန်းဥဟင်းရည်ရပါပြီ။ အရသာကိုတော့ လိုအပ်သလို ဖြည့်ပေးရပါမယ်။

          သခွားသီးသုပ်အတွက် သခွားသီးကြီးကြီးတစ်လုံး ကို နှစ်ခြမ်းခွဲပြီး အစေ့ထုတ်မယ်။ အသားတွေကို ခြစ်နဲ့ အမျှင်ဖြစ်အောင် ခြစ်ပြီး ကြက်သွန်ဖြူဆီချက်၊ နှမ်းထောင်း၊ မြေပဲထောင်း၊ မန်ကျည်းမှည့်အရည်၊ ဆား၊ အရသာတို့နဲ့ ရောပေါင်းသုပ်ပါ။

          နံနံပင်ငါးပိထောင်းအတွက် နံနံပင်တစ်စည်း၊ ငါးပိကင်တစ်ဇွန်း၊ ပုစွန်ခြောက်မှုန့် လက်တစ်ဆုပ်၊ ငရုတ် သီး ၁၅ တောင့် အားလုံးရောထောင်းရင် နံနံပင်ငါးပိထောင်း ဖြစ်ပါပြီ။

          ဒီလို လွယ်လွယ်နည်းတွေပေးပြီး ချက်ကြည့်ကြတဲ့အခါ လုပ်နေကျ လက်အချိန်အဆတွေ၊ မီးအပြင်း အပျော့တွေ၊ ဟင်းစပ်တွေရဲ့  နယ်သားအကျတွေမှာ ဟင်းအရသာတွေ ကွာနေဦးမှာ အမှန်ပါပဲ။ အရေးကြီး တာကတော့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ် သန့်ရှင်းဖို့ကိုလည်း ထည့်စဉ်းစားရပါဦးမယ်။ အလွယ်ကူဆုံးတွေကို စလုပ်ကြည့်လိုက်ပါ။

 

ဝက်သား ငါးဖယ်လုံးအစပ်ကြော်

ပါဝင်ပစ္စည်းများ

ဝက်သား (မိုးခိုသား)  –  ၁၅ ကျပ်သား

ငါးဖယ်  –  ၁၀ ကျပ်သား

ဆီ  –  ၁၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၁၅ မြွှာ

ကြက်သွန်နီ  –  ၂ ဥ

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စပါးလင်  –  ၁ ချောင်း

ချင်း  –  လက်တစ်ဆစ်

အရသာမှုန့်  –  ၁ ဇွန်း

သကြား  –  အနည်းငယ်

ငရုတ်သီးမှည့်  –  ၁၀ တောင့်

 

ပိန်းဥဟင်းဂလာချဉ်ဟင်းရည်

ရှမ်းပိန်းဥ (အကြီး)  –  ၁ ဥ

ဆီ  –  စတီးဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၅ မြွှာ

ပုစွန်ခြောက်မှုန့်  –  လက်တစ်ဆုပ်

နနွင်း  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ရေ  –  လီတာဝက်

ဟင်းဂလာချဉ်ဖတ်  –  ၃ စည်း

ငါးပိ  –  လက်တစ်ဆစ်

 

နံနံပင် ငါးပိထောင်း

နံနံပင်  –  ၁ စည်း

ငါးပိကင်  –  ၁ ဇွန်း

ပုစွန်ခြောက်မှုန့်  –  လက်တစ်ဆုပ်

ငရုတ်သီး  –  ၁၅ တောင့်

Facebook Comments