အမဲသားနှင့် မှိုစပါဂတီ (Meaty Mushroom Spaghetti)

by Syi Lwin (Foodsgarden) for Food magazine

          စပါဂတီဆို  အရသာသိပြီးသားဖြစ်ကြမှာပါ။ စပါဂတီ နှစ်သက်ကြသူတွေအတွက် စိတ်တိုင်းကျ အရသာဆိုတာ ရှိတတ်ကြပါတယ်။ ဒီစပါဂတီကတော့ စည့်ရဲ့ စိတ်တိုင်းကျ အရသာပါ။ ပြန်လုပ်စားကြည့်လို့ရအောင် ရှယ်လိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

ကာနိုလာဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်နီ  –  ၃ လုံး (နုပ်နုပ်လှီးထားပါ)

ကြက်သွန်ဖြူ  –  ၂ မြွှာ (နုပ်နုပ်လှီးထားပါ)

အမဲသားခါးဆစ်သား  –  ၄၅၀ ဂရမ် (အတုံးရှည်ရှည် သေးသေးလေးတွေ လှီးထားပါ)

မှို  –  ၂၄၀ ဂရမ် (ပါးပါးလှီးထားပါ)

ငရုတ်ပွအစိမ်း/ဝါ  –  ၁/၂ ခွက် (အတုံးသေးလှီးထားပါ၊ နှစ်ခုရောပါ)

ပါစတာဆော့စ်  –  ၁  ပုလင်း (အသင့်စားရန်  ဆော့စ်ပုလင်း)

ခရမ်းချဉ်သီးအတုံးတုံးပြီးသား သံဘူး  –  ၁ ခွက်  (ရေမသွန်ပါ)

ပင်စိမ်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အော်ရီဂါနိုမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စပါဂတီခြောက်  –  ၄၈၀ ဂရမ် (ပြုတ်ထားပါ)

ဆား  –  အနည်းငယ်

ငရုတ်ကောင်းနက်  –  အနည်းငယ်

ပါမီဆန်ချိစ်  –  ခြစ်ပြီးသား (လိုသလောက်)

ပြုလုပ်နည်း

၁။       အိုးအကြီးထဲ ဆီကို စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ဆီပူလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး မွှေပေးပါ။ ကြက်သွန်နူးလာသည်အထိ တည်ပါ။ အမဲသားတုံးထည့်ပြီး မွှေပေးပါ။ အမဲသားအထဲပိုင်း ပန်းရောင် အရောင်ပျောက်သည်အထိ တည်ပေးပါ။ ကျန်ဆီ စားပွဲဇွန်း ၁ ဇွန်း၊ မှိုနှင့် ငရုတ်ပွများကို ၂-၃ မိနစ်ခန့် တည်ပါ။ ပါစတာဆော့စ်၊ ခရမ်းချဉ်သီးနှင့် အရည်၊ ပင်စိမ်းနှင့် အော်ရီဂါနိုများ ထည့်ပြီး သေချာနှံ့အောင် မွှေပေးပါ။ အဖုံးအုပ်ပြီး ၁၅-၂၀ မိနစ်ခန့် တည်ပါ။ မကြာခဏ မွှေပေးပါ။

၂။       စပါဂတ်တီကို သူ့အညွှန်းအတိုင်း ချက်ထားပါ။ ရေစစ်ထားပါ။

၃။       စပါဂတီခေါက်ဆွဲပူပူနှင့် စပါဂတီဆော့စ်ကို ဇလုံထဲ သေချာထည့်ပြီး နှံ့အောင်ရောပါ။ ဆား၊ ငရုတ် ကောင်း လိုတာထပ်ဖြည့်ပြီး ချိစ်များများဖြူးကာ ချက်ချင်းသုံးဆောင်လျှင် ပိုကောင်းပါတယ်။

www.facebook.com/Syi Foodsgarden

Facebook Comments