အမဲသားသနပ် (Beef Pickle)

sofia_6

sofia_9

sofia_8

sofia_7

အမဲသားသနပ် (Beef Pickle)

            သနပ်လုပ်နည်းများစွာရှိတဲ့ထဲက သရက်သီး၊ သံပရာသီးကတော့ လူသိများပြီး အခြား အသားအစုံကိုလည်း အချိုအစပ်ချဉ်ငံအရသာအမျိုးမျိုး ပြုလုပ်လေ့ရှိပါတယ်။ အခုလုပ်ထားတာလေးကတော့ အမဲသားသနပ်ဖြစ်ပါတယ်။ မိမိနှစ်သက်ရာ ဆိတ်သား၊ ငါးခြောက်၊ ငါး၊ ပုစွန် တို့ဖြင့်လည်း အစားထိုးပြုလုပ်နိုင်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး အထားခံကာ ထမင်းမြိန်စေမဲ့ အမဲသားသနပ်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

►   ပါဝင်ပစ္စည်း

♦   အမဲသား   –   ၅ဝ ကျပ်သား

♦   ဆား   –   စားပွဲဇွန်း ၂ဇွန်း

♦   ဟင်းခတ်မှုန့်   –   အနည်းငယ်

♦   ချင်းကြက်သွန်ဖြူထောင်း   –   တစ်ဇွန်း

♦   သကြား   –   ၅ ဇွန်း

♦   ရှလကာရည်   –   200 ml

♦   ဆီသတ်ရွက်   –   တစ်ခက် (ပျဉ်းတော်သိမ်)

♦   အရောင်တင်ငရုတ်သီးမှုန့်   –   ၃ ဇွန်း

♦   ဆီ   –   ၁၆ဝ ဂရမ် (တစ်ဆယ်သား)

♦   အသားမဆလာ (meat curry powder)

   40 gm သို့မဟုတ် မဆလာ   –   ၃ ဇွန်း

♦   ကြက်သွန်ဖြူ   –   လက်တစ်ဆုပ်

♦   ငရုတ်သီးစိမ်း   –   အနည်းငယ်

♦   မုန်ညင်းစေ့   – တစ်ဇွန်း (နှစ်သက်က)

►   ပြင်ဆင်ပြုလုပ်ပုံ

၁။        အမဲသားကို ရေဆေးသန့်စင်ပြီး တလက်မခွဲခန့် အရွယ်လှီးထားပါ။

၂။        အသားကိုရေဆေးသန့်စင်ပြီး ဆားတစ်ဇွန်း၊ ဟင်းခတ်မှုန့်၊ ချင်းကြက်သွန်ဖြူဖြင့် နယ်ပြီး နူးအိအောင် ပြုတ်ထားပါ။

၃။        နူးအိပါက ဆီပူပူတွင် အတွင်းသားခြောက်ပြီ အနည်းငယ်ကြွပ်သည်ထိကြော်ကာ ဆယ်ယူဆီ စစ်ထားပါ။

၎။        ကြက်သွန်ဖြူ၊ ငရုတ်စိမ်းအသင့်ပြုလုပ်ပါ။

၅။        အိုးတစ်ခုတွင် ဆီပူအောင်တည်ပြီး ဆီသတ်ရွက်၊ အရောင်တင်၊ မုန်ညင်းစေ့၊ မဆလာ ဆီသတ်ပါ။ သကြား၊ ဆား၊ ရှလကာရည်ထည့်ပြီး ပျော်အောင်မွှေပေးပါ။ ဆူပွက်ပါက မီးပိတ်ပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ထည့်ပါ။

၆။        အသင့်ကြော်ထားသောအသားကြော်ထည့်ပြီး သမအောင်မွှေပြီး အရသာ အပေါ့အငန်မြည်းပါ။ ချိုချဉ်စပ်အရသာရပါက အအေးခံထားပါ။

၇။        လုံးဝအေးသွားသောအခါ ပုလင်းသန့်သန့်ကို ရေခြောက်အောင်သုတ်ပြီး ထည့်ပါ။ မျက်နှာပြင်ကို ဆီဖုံးအောင်ထည့်ပြီး ပုလင်းကို လေလုံအောင်ပိတ်ပြီး နှပ်ထားပါ။

၈။        တစ်ပတ်ခန့်နှပ်ပြီးပါက ရေခဲသေတ္တာတွင်ထည့်ပြီး သိမ်းဆည်းကာ လိုသလောက် ထုတ်ယူ သုံးဆောင်နိုင်ပါပြီ။ ပြုလုပ်ပြီး ချက်ချင်းလည်း သုံးဆောင်နိုင်ပြီး တာရှည်ထားလိုပါက အသားကြော်ချိန် အနည်းငယ် ခြောက်အောင်ကြော်ပြီး သေချာသိမ်းဆည်းပါက ၃ လ မှ၊ ၆ လ ထားပြီး သုံးဆောင်နိုင်ပါတယ်။

♦   Sofia   ♦

Facebook Comments

Menu