အမဲသားလုံး ခေါက်ဆွဲပြုတ် (Beef Ball Noodle Soup)

by Chef Sunny for Food Magazine

          ဒီလအတွက် ပရိသတ်ကြီးကို ဖော်ပြပေးလိုတဲ့ အစားအစာတစ်မျိုးကတော့ ပြင်ဆင်ရတာလွယ်ကူပြီး အင်ဒိုချိုင်းနား အစားအစာကို အခြေခံပြင်ဆင်ထားတဲ့ ‘‘Beef Ball Noodle Soup’’ (အမဲလုံး ခေါက်ဆွဲပြုတ်) ဟင်းလျာလေးပါပဲ။ အမဲလုံးကို ဇီရာ၊ နံနံစေ့ စတဲ့ဟင်းခတ်အမွှေးအကြိုင်များနဲ့ ပြင်ဆင်ထားပြီး အရသာရှိပြီး အစာကြေလွယ်စေတဲ့ ဟင်းရည်နဲ့ တွဲဖက်ပြင်ဆင်ထားတာမို့ အာဟာရလည်းဖြစ်စေမှာပါ။ ဂျုံခေါက်ဆွဲ နဲ့ မုန်ညင်းစိမ်းလေးပါ တွဲဖက်ထားလိုက်တော့ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပြည့်စုံသွားတာပေါ့ဗျာ။ ကဲ… ထူးခြားတဲ့ အမဲလုံးခေါက်ဆွဲပြုတ်လေး ပြင်ဆင်ကြည့်ကြရအောင်… OK

ပါဝင်ပစ္စည်းများ

အမဲသား စဉ်းကော  –  ၁၅  ကျပ်သား

ငါးဖယ်ခြစ်  –  ၅  ကျပ်သား

ပြောင်းဖူးမှုန့်  –  ၂  ဇွန်း

ကြက်ဥ  –  ၁ လုံး

ကြက်သားအရသာမှုန့်  –  ၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၅ မြွှာ

ချင်းအရည်  –  အနည်းငယ်

ပင်စိမ်းရွက်  –  အနည်းငယ်

လေးညှင်းပွင့်  –  ၂  ပွင့်

ဖာလာစေ့  –  ၂ စေ့

နာနတ်ပွင့်  –  ၁ ပွင့်

သစ်ကြံပိုးခေါက်  –  ၁ ချောင်း

ဇီရာစေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံစေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အမဲသား အရသာအနှစ်  –  ၁  ဇွန်း

ကော်မှုန့်   –  ၁ ဇွန်း

မုန်ညင်းစိမ်း  –  အနည်းငယ်

ရေသန့်   –  ၁  လီတာ

ပဲငံပြာရည်အငန်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အချို  –  လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ငရုတ်ချဉ်ဆော့စ် (ငါးပိထောင်းငရုတ်ချဉ်)  –  အနည်းငယ်

သံပရာရည်  –  ၁ စိတ်

ဂျုံခေါက်ဆွဲ  –  ၁၀ဝ ဂရမ်

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁ ။      အမဲသား စဉ်းကောကို ငါးဖယ်ခြစ်၊ ပြောင်းဖူးမှုန့်၊ ကြက်သားအရသာမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်းအရည်၊ ပင်စိမ်းရွက်တို့နှင့် ရောကြိတ်ပါ။ ဇီရာစေ့၊ နံနံစေ့တို့ကိုလည်း အနည်းငယ်လှော်၍ထောင်းပြီး ရောမွှေ၍ အမဲအသားလုံး ပြင်ဆင်ထားပါ။

၂ ။      ရေသန့်ထဲ အမဲသားအရသာအနှစ်၊ ပဲငံပြာရည်အငန်၊ ပဲငံပြာရည်အချို၊ ငရုတ်ကောင်းမှုန့်၊ လေးညှင်းပွင့်၊ ဖာလာစေ့၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး မီးမှန်မှန်ဖြင့် ဆူပွက်အောင်ကျိုပါ။ ကော်မှုန့်အနည်းငယ်ကို ရေဖြင့်ဖျော်ပြီး ဟင်းရည်ပျစ်အောင်ချက်၍ အသင့်လုံးထားသော အမဲသားလုံးများ ထည့်ပြီး အမဲသားလုံးရေပေါ်လာသည်အထိ ပြုတ်ထားပါ။

၃။       အမဲအသားလုံးဟင်းရည်ကျက်လျှင် ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အငန်၊ ပဲငံပြာရည်အချို၊ ကြက်သားအရသာမှုန့်တို့ နှင့် အရသာထိန်းညှိပြီး ဂျုံခေါက်ဆွဲ ထည့်ပြုတ်၍ မုန်ညင်းစိမ်း အုပ်ထားပါ။

၎။       အမဲအသားလုံးခေါက်ဆွဲပြုတ် ကျက်လျှင် ငါးပိထောင်းငရုတ်ချဉ်၊ သံပရာသီးစိတ်တို့နှင့် တွဲဖက်ပြီး ပင်စိမ်းရွက်နှင့် အလှဆင် တည်ခင်းပါ။

Facebook Comments

Menu