အမဲသားလက်ဖက်ဟင်း (Beef Curry with Green Tea)

by Sofia for Food Magazine

          နေ့တိုင်း အသားဟင်းတစ်ခွက်ကို ပုံစံအမျိုးမျိုးနဲ့ ပြောင်းချက်စားဖြစ်နေတဲ့ အိမ်မှာ ဆီပြန်တစ်လှည့်၊ နှပ်ချက်တစ်လှည့် ရိုးအီနေကြပြီမို့ ဒီတခါတော့ အသင့်ရှိနေတဲ့ လက်ဖက်စိမ်းနဲ့ရောပြီး နှပ်ချက်လေး ချက်ပေးထားပါတယ်။ ဘယ်သူက စပြီး ထွင်ချက်ခဲ့မှန်း သေချာမသိပေမယ့် လိုင်းပေါ်မှာတော့ မကြာမကြာတွေ့နေရလို့ လိုက်ချက်စားဖြစ်ခဲ့တဲ့ ဟင်းလေးပါ။အိမ်သားတွေကတော့ အထူးအဆန်းလေးမို့ စားကောင်းပါ့မလား တွေးနေကြပေမယ့် စားပြီးတဲ့အခါမှာတော့ အသားဟင်းချက်တဲ့ရက်တိုင်း အီလို့မစားချင်တဲ့ သားတော်မောင်ကတော့ နောက်ရက်ပါ ထပ်ချက်ခိုင်းနေပါသေးတယ်။ ကဲ… ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

အသား  –  ၅၀ဝ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ကြော်  –  ၅၀ ဂရမ်

ဒိန်ချဉ်/ရှလကာရည်  –  စားပွဲဇွန်း ၃ ဇွန်း

ချင်း၊ ကြက်သွန်ဖြူ  –   ၂ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  –  ၁၀ဝ မီလီလီတာ

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

လက်ဖက်စိမ်း  –  ၁၀ဝ ဂရမ်

နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       အသားကို လိုသလိုလှီးဖြတ်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ကြော်၊ ဒိန်ချဉ် (သို့) ရှလကာရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်၍ သမအောင်မွှေပေးပြီး အရသာဝင်အောင် ၁၅ မိနစ်ခန့် နှပ်ထားပါ။(ဆိုဖီယာတော့ အတုံးကြီးကြီးချက်တဲ့အခါကျရင် ၁ ရက် ကြိုနှပ်ထားပါတယ်။ အတုံးကြီးချက်တဲ့ အသားဟင်းတိုင်းကိုလည်း ဒိန်ချဉ်သုံးပါတယ်။ ဒိန်ချဉ်ကြောင့် ဟင်းရဲ့အရသာ ပိုကောင်းသလို အမြန်လည်း နူးအိပါတယ်။ အသားများ ကြေသွားခြင်းလည်း မရှိနိုင်လို့ပါ)

၂။       အိုးထဲ ဆီထည့်ပြီး အပူပေးကာ ကြက်သွန်နီကို အရောင်သန်းရုံ ကြော်ပါ။ ပြီးလျှင် နှပ်ထားတဲ့အသားကို ထည့်ကြော်ပါ။ အသားမှ ထွက်လာသော အရည်များ ခန်းသည်အထိ ကြော်ပါ။

၃။       ပြီးလျှင် ရေအနည်းငယ်စီထည့်ပြီး အသားနူးသည်အထိ မီးအသေးဆုံးဖြင့် တည်ပါ။ မကြာမကြာမွှေပါ။

၎။       အသားနူးလာပါက လက်ဖက်စိမ်းကို ရေဆေး၍ ရေစင်အောင်ညှစ်ပြီး ထည့်ကာ ဆီပြန်လာသည်အထိ တည်ထားပါ။

၅။       အသားနှင့်လက်ဖက် နူးအိပြီး ဆီပြန်လာပါက အရသာအပေါ့အငန်မြည်း၍ နံနံပင်အုပ်ကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Facebook Comments