အမဲလိုင်းသား ငရုတ်ကောင်းဆော့စ်နှင့် ဗိုလ်စားပဲ ချယ်ရီ ခရမ်းချဉ်သီးသုပ် (Black Pepper Beef Striploin with French Bean & Cherry Tomato Salad)

by Chef Sunny for Food Magazine

        ဒီလမှာ ပရိသတ်ကြီးအတွက် ထပ်မံဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ “အမဲလိုင်းသား ငရုတ်ကောင်းဆော့စ်နှင့် ဗိုလ်စားပဲချယ်ရီ ခရမ်းချဉ်သီးသုပ်” လေးပါပဲဗျ။ အနောက်တိုင်းအစားအစာပြင်ဆင်နည်းကို အခြေခံပြင်ဆင်ထားတာမို့ လွယ်ကူပြီး အရသာကောင်းသလို အာဟာရလည်း ပြည့်ဝစေပါတယ်။ အမဲလိုင်းသားကတော့ ပြည်ပကတင်သွင်းတဲ့ အေးခဲအသားဖြစ်တာကြောင့် အလွန်နူးညံ့မှုရှိပါတယ်။ ဗိုလ်စားပဲကိုပြုတ်ပြီး ချယ်ရီခရမ်းချဉ်သီးလေးနဲ့ရောလို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှလကာရည်၊ သံလွင်ဆီတို့နှင့် ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားတာမို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အစာလည်းကြေလွယ်စေပါတယ်။ အမဲလိုင်းသားက ပရိုတင်းဓာတ်ပါဝင်မှုများသလို ဗိုလ်စားပဲချယ်ရီ ခရမ်းချဉ်သီးသုပ်လေးကလည်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတာကြောင့် တစ်နေ့တာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို အများဆုံး ဖြည့်တင်းပေးနိုင်ပါတယ်။ ကဲ… ရိုးရှင်းလွယ်ကူပြီး အာဟာရပြည့်ဝတဲ့ “အမဲလိုင်းသား ငရုတ်ကောင်းဆော့စ်နဲ့ ဗိုလ်စားပဲ ခရမ်းချဉ်သီးသုပ်” လေး ချက်ကြည့်ကြရအောင်… OK… WOW!!! SO BEAUTIFUL!!!

အမဲလိုင်းသားငရုတ်ကောင်းဆော့စ်

ပါဝင်ပစ္စည်းများ

အမဲလိုင်းသား  –  ၁၈၀ ဂရမ်

သံပရိုသီး  –  ၁ စိတ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၂ မြွှာ

ဆေ့ခ်ျအရွက်  –  အနည်းငယ်

ရို့စ်မယ်ရီအရွက်  –  အနည်းငယ်

သံလွင်ဆီ  –  ၂ ဇွန်း

ဘရောင်းဆော့စ်အမှုန့်  –  ၁ ဇွန်း

ဆန်အရက်  –  ၅၀ မီလီလီတာ

ဝိုင်နီ  –  ၅၀ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အမဲလိုင်းသားကို သံပရိုရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆေ့ခ်ျအရွက်၊ ရို့စ်မယ်ရီအရွက်၊ သံလွင်ဆီအနည်းငယ်တို့ဖြင့် အရသာသွင်းပါ။

၂။       ဒယ်အိုးကိုအပူပေးပြီး အရသာသွင်းထားသော အမဲလိုင်းသားကို အိုးကပ်ကြော်ပါ။

၃။       ငရုတ်ကောင်းအနည်းငယ်ကို ဆန်အရက်အနည်းငယ်နှင့် မီးသင်းပြီး ဝိုင်နီနှင့် အသင့်ဖျော်ထားသော ဘရောင်း ဆော့စ်ထည့်ချက်ပါ။

၎။       အသင့်ကြော်ထားသော အမဲလိုင်းသားကို ပါးပါးလှီး၍ အသင့်ကြော်ထားသော ဗိုလ်စားပဲနှင့် ချယ်ရီခရမ်းချဉ်သီးတို့ဖြင့် တွဲဖက်ပြီး အသင့်ချက်ထားသော ငရုတ်ကောင်းဆော့စ်နှင့် တွဲဖက်ကာ တည်ခင်းပါ။

ဗိုလ်စားပဲ၊  ချယ်ရီခရမ်းချဉ်သီးကြော်နှင့် အသုပ်

ပါဝင်ပစ္စည်းများ

ဗိုလ်စားပဲ  –  ၁၀ ကျပ်သား

ချယ်ရီခရမ်းချဉ်သီး  –  ၁၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၅ မြွှာ

ကြက်သွန်နီ  –  ၂ လုံး

သံလွင်ဆီ  –  ၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

သံပရိုသီး  –  ၁ စိတ်

သံလွင်သီး (စိမ်း+နက်)  –  ၁၀ လုံး

ဆလတ်နီ  –  အနည်းငယ်

ပါမီဆန်ချိစ်အမှုန့်  –  ၁ ဇွန်း

ကြက်သွန်ချဉ်  –  ၅ လုံး

ရွှေအပ်မှို  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဗိုလ်စားပဲတစ်ဝက်ကို သန့်စင်ပြီး ရေနွေးဖြင့်ပြုတ်ကာ အသင့်လှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ တစ်ဝက်စီနှင့် သံလွင်ဆီအနည်းငယ်တို့ဖြင့် ဆီသတ်ပြီး ကြော်ပါ။

၂။       အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ထိန်းညှိပါ။

၃။       ဗိုလ်စားပဲတစ်ဝက်ကို ပြုတ်ပြီး ရေခဲရေမှာ အသင့်လှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဖြင့် ရော၍ စိမ်ထားပါ။

၎။       ဗိုလ်စားပဲအေးလျှင် ရေစစ်ပြီး အသင့်လှီးထားသော ချယ်ရီခရမ်းချဉ်သီး၊ သံလွင်သီး၊ ကြက်သွန်ချဉ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံလွင်ဆီ၊ သံပရိုရည်တို့နှင့် ရောသုပ်ပြီး အအေးခံထားပါ။

၅။       အအေးခံထားသော ဗိုလ်စားပဲနှင့် ချယ်ရီခရမ်းချဉ်သီးသုပ်ကို ဆလတ်နီနှင့် ပါမာဆန်ချိစ်အမှုန့်၊ ရွှေအပ်မှို အနည်းငယ်ဖြင့် တွဲဖက်ကာ တည်ခင်းပါ။

၆။       အသင့်ကြော်ထားသော ဗိုလ်စားပဲ၊ ချယ်ရီခရမ်းချဉ်သီးကြော်ကို အမဲလိုင်းသား ငရုတ်ကောင်းဆော့စ်

နှင့် တွဲဖက်တည်ခင်းပါ။

Facebook Comments