အမဲရင်အုပ်သားငရုတ်ကောင်းဆော့စ် နှင့် သီးရွက်စုံ ကြက်ဥကြော်လိပ် (Beef Brisket with Pepper Sauce & Vegetable Egg Roll)

( အမဲရင်အုပ်သားငရုတ်ကောင်းဆော့စ် နှင့် သီးရွက်စုံ ကြက်ဥကြော်လိပ် )

(Beef Brisket with Pepper Sauce & Vegetable Egg Roll)

          ဒီလအတွက် ရွေးချယ်ဖော်ပြပေးလိုတဲ့ နောက်ထပ်ဟင်းလျာ အတွဲလေးကတော့ ‘အမဲရင်အုပ်သား ငရုတ်ကောင်းဆော့စ်နှင့် သီးရွက်စုံကြက်ဥကြော်လိပ်’ လေးပါ။ အနောက်တိုင်း အစားအစာပြင်ဆင် နည်းလေး တွေကိုအခြေခံပြီး ပြည်တွင်းမှာရနိုင်တဲ့ အသီးရွက်လေးတွေနဲ့ ပေါင်းစပ်ပြင်ဆင်ထားပါတယ်။  အမဲရင်အုပ်သား ဆိုတာကတော့ ပြည်ပကတင်သွင်းတဲ့အသားမျိုး ပါ။ ပြည်တွင်းမှာတော့ တွေ့ ရခဲပါတယ်။ အရမ်းနူးညံ့ပြီး အဆီ တစ်ထပ်အသားတစ်ထပ် ကြိုက်သူများအတွက်တော့ WOW !!! SO BEAUTIFUL ပေါ့ဗျာ။ အမဲရင် အုပ်သား ကို မထူမပါးလှီးပြီး ကြက်သွန်ဖြူ၊ ဆေ့ခ်ျအရွက်၊ ဆား၊ ငရုတ်ကောင်း၊ ဝိုင်နီတို့နဲ့ ပေါင်းစပ်ပြင်ဆင်ထားတာမို့ အနောက်တိုင်း အစားအစာ ပြင်ဆင်ပုံလေးဆိုပါတော့ဗျာ။ ရုံးပတီသီးနဲ့ ပဲညွှန့်ကို ထောပတ်နဲ့ ဆား ၊ ငရုတ် ကောင်း၊ အသားမှုန့် အနည်းငယ်နဲ့ ကြော်ထားတာကလည်း တစ်မျိုးဆန်းနေမှာပါ။ အမဲသားလို အနီရောင် အသားတွေကို ဝိုင်နီ၊ ငရုတ်ကောင်းတို့နဲ့ တွဲဖက်တည်ခင်းထားတာကတော့ အစာကြေလွယ်စေမှာပါ။ ကဲ… အင်အားပြည့်စေမယ့် အမဲရင်အုပ်သား ငရုတ်ကောင်း ဝိုင်နီဆော့စ်လေးနဲ့ ရုံးပတီသီးပဲညွှန့်ကြော်လေး ချက်ကြည့်ကြရအောင်။

အမဲရင်အုပ်သား ငရုတ်ကောင်းဆော့စ်

►   ပါဝင်ပစ္စည်းများ

♦   အမဲရင်အုပ်သား   –   ၅ ကျပ်သား

♦   သံပရိုသီး   –   ၁/၂ လုံး

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –    အနည်းငယ်

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   ဆေ့ချပ်အရွက်   –   ၅ ရွက်

♦   ရမ်(မ်)အရက်   –   ၅ ဇွန်း

♦   ဝိုင်အနီ   –   ၅ဝ မီလီလီတာ

♦   သံပရိုသီး   –   တစ်ခြမ်း

♦   ရို့ (စ်)မယ်ရီ   –   အနည်းငယ်

♦   ထောပတ်   –   ၃ ဇွန်းခန့်

♦   နှမ်းရွက်   –   ၁ဝ ရွက်

♦   အမဲသားမှုန့်   –   ၁ ဇွန်း

►   ချက်ပြုတ်ပုံအညွှန်း

၁။      အမဲရင်အုပ်သားကို လက်တစ်လုံးခန့် အထူလှီးထားပြီး သံပရိုရည်အနည်းငယ်၊ ဆား၊ ငရုတ်ကောင်း မှုန့်၊ ကြက်သွန်ဖြူ၊ ရို့စ်မယ်ရီနှင့် ဆေ့ (ခ်ျ)အရွက်တို့ဖြင့် အရသာသွင်းပါ။

၂။      ဒယ်အိုးကို ထောပတ်ထည့်၍ အပူပေးပြီး အသင့်အရသာသွင်းထားသော အမဲရင်အုပ်သားကို အိုးကပ် ကြော်ပါ။

၃။      အမဲရင်အုပ်သား အရောင်ညိုလာလျှင် ရမ် (မ်)အရက်အနည်းငယ် ထည့်ချက်၍ မီးသင်းပြီး ဝိုင်နီထည့် ချက်ပါ။

၎။      ဝိုင်နီအနည်းငယ်ခန်းလျှင် ရေသန့်နှင့် ဖျော်ထားသော အမဲသားမှုန့်ကို ထည့်ချက်ပါ။

၅။      အမဲရင်အုပ်သား ငရုတ်ကောင်းဆော့စ်ကို နှမ်းရွက်အနည်းငယ်ဖြင့် တည်ခင်းပါ။

သီးရွက်စုံကြက်ဥကြော်လိပ်

ပါဝင်ပစ္စည်များ

♦   ပန်းဂေါ်ဖီ   –   အနည်းငယ်

♦   ဖရုံသခွားသီး   –   ၁/၂ လုံး

♦  ကုဆိုင်   –   ၁ စည်း

♦   ကြက်သွန်ဖြူ   –   ၂ တက်

♦   ခရမ်းရောင်ကြက်သွန်နီ   –   ၁/၂ လုံး

♦   ထောပတ်   –   ၁ ဇွန်း

♦   ကြက်ဥ   –   ၂ လုံး

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ချိစ် (Cheese)   –   ၁ဝဝ ဂရမ်

♦   ဆလတ်ရွက်   –   အနည်းငယ်

►   ချက်ပြုတ်ပုံအညွှန်း

၁။      ပန်းဂေါ်ဖီကို သန့်စင်ပြီး အပွင့်ငယ်လှီး၍ ဖရုံသခွားသီးကို လက်ချောင်းပုံလှီးပြီး ဆားရည်တွင် စိမ်ထား ပါ။

၂။      ကုဆိုင်ကို သန့်စင်ပြီး ၂ လက်မခန့်လှီးထားပါ။

၃။      ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ခရမ်းရောင် ကြက်သွန်ကိုလည်း နုပ်နုပ်စဉ်းထားပါ။

၎။      ဒယ်အိုးတွင် ထောပတ်အနည်းငယ်နှင့် အသင့်လှီးထားသော ခရမ်းရောင်ကြက်သွန် နီ၊ ကြက်သွန်ဖြူ ကို ဆား၊ ငရုတ်ကောင်းမှုန့်ထည့် ဆီသတ်ပြီး အသင့်ရေစစ်သန့်စင်ထားသော သီးရွက်စုံကို ထည့်ကြော်ပါ။

၅။      သီးရွက်စုံ အနည်းငယ်ကျက်လျှင် ကုဆိုင်နှင့် အသင့်မွှေထားသော ကြက်ဥကို ထည့်ချက်ပြီး ချိစ် (Cheese) အုပ်၍ သီးရွက်စုံကြက်ဥကြော်ကို လိပ်ထားပါ။

၆။      အသင့်ကြော်ပြီး လိပ်ထားသော သီးရွက်စုံကြက်ဥကြော်လိပ်ကို ဆလတ်ရွက် အနည်းငယ်နှင့် တွဲဖက် တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments