အမဲကညွတ်လိပ်နှင့် သီးရွက်စုံသုပ်

by Chef Ko Sunny for Food Magazine

          ဒီလအတွက် ပရိသတ်ကြီးကို ထပ်မံဖော်ပြပေးလိုက်တဲ့ ဟင်းလျာနောက်တစ်မျိုးကတော့ ဂျပန်အစားအစာပြင်ဆင်နည်းကို အခြေခံပြီး ပြင်ဆင်ထားတဲ့ “အမဲ ကညွတ်လိပ်နှင့် သီးရွက်စုံသုပ်” လေးပါပဲ။ အမဲမိုးခိုသားကို ပါးပါးလေး လှီး၍ ထုပြားပြီးတော့ ကညွတ်လေးတွေနဲ့ လိပ်ထားတာပါ။ အနံ့အရသာကတော့ ဂျပန် တာရီယာကီဆော့စ်လေးနဲ့ ပြင်ဆင်ထားတာမို့  တစ်မူထူးခြားပြီး အာဟာရလည်း ဖြစ်စေမှာပါ။ သီးရွက်စုံသုပ်ကိုလည်း ငရုတ်ပွ (ဝါ၊ စိမ်း) နှင့် မုန်လာဥနီ၊ ဂျပန်သခွားသီး၊ ခရမ်းချဉ်သီးတို့နဲ့ ပြင်ဆင်ထားပြီး ဂျပန်နှမ်းဆီမွှေး အချဉ်ဆော့စ်နဲ့ ပြင်ဆင်ပေးထားပါတယ်။  အဆာပြေ အစားအစာလိုလည်း သုံးဆောင်နိုင်ပြီး ထမင်းဖြူပူပူလေးနဲ့လည်း အလွန်လိုက်ဖက်တဲ့ “အမဲကညွတ်လိပ်နှင့် သီးရွက်စုံသုပ်” လေး ချက်ကြည့်ကြရအောင်…OK…

ပါဝင်ပစ္စည်းများ

အမဲမိုးခိုသား  –  ၁၅  ကျပ်သား

ရေကညွတ်  –  ၁၀  ချောင်း

ဘူလ်ဂိုဂီ အရသာဆော့စ်  –  ၃  ဇွန်း

သံလွင်ဆီ  –  လက်ဖက်ရည်ဇွန်း ၂  ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်   –  အနည်းငယ်

သံပရာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဂျပန်သခွားသီး  –  ၅  လုံး

မုန်လာဥနီ  –  ၅  လုံး

ခရမ်းချဉ်သီး  –  ၁  လုံး

ငရုတ်ပွဝါ  –  ၅ တောင့်

ငရုတ်ပွစိမ်း  –  ၅ တောင့်

ကြက်သွန်နီ  –  ၁  လုံး

ဂျပန်နှမ်းဆီမွှေးအချဉ်ဆော့စ်  –  ၁  ဇွန်း

သံပရာသီး  –  ၁  စိတ်

ပင်စိမ်းရွက်  –  အနည်းငယ်

ဆလတ်ရွက်  –  အနည်းငယ်

ပြုလုပ်နည်း

၁ ။      အမဲမိုးခိုသားကို ပါးပါးလေးလှီး၍ ထုပြားပြီး သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဘူလ်ဂိုဂီ အရသာဆော့စ်တို့နှင့် အရသာသွင်းထားပါ။

၂ ။      ရေကညွတ်ကို အခွံနွှာ၍ အရင့်ပိုင်းများ ဖယ်ထုတ်ပြီး အသင့်အရသာသွင်းထားသော အမဲမိုးခိုသားပြားနှင့် လိပ်ထားပါ။

၃ ။      မုန်လာဥနီ၊ ဂျပန်သခွားသီး၊ ငရုတ်ပွဝါ၊ ငရုတ်ပွစိမ်းနှင့် ကြက်သွန်နီတို့ကို အမျှင်လှီး၍ ရေခဲရေစိမ်ထားပြီး ခရမ်းချဉ်သီးကိုလည်း အစေ့ထုတ်၍ အမျှင်လှီးထားပါ။

၎ ။      ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်နှင့် အသင့်ပြင်ဆင်ထားသော အမဲကညွတ်လိပ်ကို အိုးကပ်ကင်၍ အနည်းငယ်ကျက်လျှင် ဘူလ်ဂိုဂီ အရသာဆော့စ်ထည့်ပြီး ကျက်အောင် ချက်ထားပါ။

၅ ။      အသင့် ရေခဲရေစိမ်ထားသော သီးရွက်စုံများကို သန့်စင်ထားသော ဆလတ်ရွက်ပေါ်တင်၍ ဂျပန်နှမ်းဆီမွှေးအချဉ်ဆော့စ်ဆမ်းပြီး အသင့်ချက်ထားသော အမဲကညွတ်လိပ်ကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဘူလ်ဂိုဂီ အရသာဆော့စ်တို့နှင့်အတူ ပင်စိမ်းရွက်၊ သံပရာသီးတို့ဖြင့် အလှဆင်တည်ခင်းပါ။

Facebook Comments

Menu