အဓိပ္ပာယ်ရှာရင်း ချက်ဖို့ဟင်း

အဓိပ္ပာယ်ရှာရင်း ချက်ဖို့ဟင်း

          ဩဂုတ်လမှာတော့  ဆရာမနန်းစန်းစန်းအေးက “ဝက်နံရိုးပဲတောင့်ရှည်ချက်” အပါအဝင် ဟင်းလျာအတွဲအစပ်  ခုနစ်မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲ အစပ်များကတော့ –

၁။      ကြက်သားသခွားသီးချက်၊ ပန်းဂေါ်ဖီသနပ်၊ ကိုက်လန်ဖူးဟင်းချို၊ ဆင်ခရမ်းချဉ်သီးထောင်း။

၂။      ဝက်နံရိုးပဲတောင့်ရှည်ချက်၊ မုန်ညင်းဖြူ၊ ကြက်ဥဟင်းချို၊ ခရမ်းချဉ်သီးငါးပိချက်၊ အင်ဥသုပ်။

၃။      ငါးသလောက်ပေါင်း၊ သံပရာသီးသုပ်၊ ဒန့်သလွန်သီးဟင်းရည်၊ ငါးပိဖျော်။

၎။      ဘဲဥကြော်ချက်၊ ကျောက်ဖရုံသီးကြက်ရိုးဟင်းချို၊ ကြက်သားသုပ်၊ ပုစွန်ခြောက် ငါးပိကြော်။

၅။      ပင်လယ်စာပြောင်းဖူးဟင်း၊ အာလူးပြုတ်ကြော်၊ ဂုံမင်းဆူးပုပ်ဟင်းချို၊ သရက်သီးထောင်း။

၆။      ဆတ်သားခြောက်ခရမ်းသီးနှပ်၊ ပဲမှိုခရုဆီကြော်၊ မုန်လာထုပ်ဟင်းချို။

၇။      ဆိတ်ဖူးဖားသားခြောက်စပ်၊ ဝက်နံရိုးကြာမဆိုင် ဟင်းရည်၊ ကုလားပဲနှပ်သုပ်၊ ငါးငါးပိချက်၊ အပြုတ်စုံ။

          အဲဒီဟင်းလျာအတွဲအစပ် ခုနစ်မျိုးထဲမှ ဝက်နံရိုး ပဲတောင့်ရှည်ချက်၊ မုန်ညင်းဖြူ၊ ကြက်ဥဟင်းချို၊ ခရမ်းချဉ် သီးငါးပိချက်၊ အင်ဥသုပ်တို့ကို တင်ဆက်ပေးလိုက်ပါတယ်။

          “မမ  တစ်ရက်တရားစခန်း သွားမလို့ဆို”

          “အေးဟယ်… သွားမလို့ဆို စိတ်ကူးရင်း ပျက်ရင်း ဖြစ်နေလို့”

          “များတွေ တစ်လ၊ နှစ်လ၊ သုံးလ ဝင်ကြတာများ။ မမကျမှ တစ်ရက်ကိုပဲ ကြိုးစားနေရတယ်လို့”

          “အေးလေ ပါရမီ ပါမလာဘူးလား၊ နိဗ္ဗာန်နဲ့ မနီးစပ်ဘူးလား မသိပါဘူးဟယ်”

          “ကြိုးစားပေါ့မမရ။ မမပြောသလိုမျိုး အောင်မြင်ချင်ရင် ထပ်ခါထပ်ခါ အဖန်တလဲလဲ လုပ်မှဖြစ်မှာပေါ့”

          “အေးပေါ့ဟယ်… မရပ်မနားလုပ်ကြည့်ရမှာပေါ့”

          “တစ်ပတ်တစ်ရက်၊ တစ်လကို လေးရက်ကြီးများတောင်ပေါ့”

          “ဟေး… လှောင်သလိုပြောင်သလို လာလုပ်မနေနဲ့။ အလိုလိုမှ စိတ်တိုနေရတဲ့ အထဲ”

          “ဘာလဲ အိမ်အကူမလာပြန်ဘူးလား”

          “လာလွန်းလို့ ခက်နေတာဟေ့… မနက် ၉ နာရီလာတယ်။ ၃ နာရီလုပ်ပြီးပြန်တယ်။ တစ်ရက်တလေလေးများ နောက်ကျပြန်ရရင် မကြည်မသာနဲ့ စိတ်တိုရော။ သူတို့ သားအဖချည်းပဲရှိရင် မခိုင်းတတ်ပြန်တော့ တံမြက်စည်း လှည်းပြီးတော့ ပြန်ရော။ မမရှိတဲ့ ရက်တွေကြတော့ ထောင့်စေ့အောင် လုပ်ခိုင်းလို့ မကြည်လင်တော့ပြန်ဘူး။ သူအလုပ်လုပ်လို့ ကောင်းအောင်ကိုပဲ အပြင်ခဏခဏ သွားပေးရမယ့်ပုံ”

          “အဲဒါကြောင့် မမကို တရားစခန်းဝင်စေချင်တာ။ ဘာလေးပဲဖြစ်ဖြစ် စိတ်တိုနေတတ်တာတွေ၊ ခံစားနေရ တာတွေ လျော့နည်းပြီး ပျောက်သွားစေတယ်”

          “ဗိုက်ဆာတာတွေ၊ စားချင်တာတွေ၊ လိုချင်တာတွေ ရော မလျော့နည်းစေဘူးလား”

          “ကျန်တာတွေကတော့ စိတ်ထားရင် ထားတတ်သလို လျော့စေမှာပါ။စားချင်တာကတော့ အခုလောလောဆယ် မလျော့သေးဘူး။ ထမင်းစားကြစို့ မမရာ။ ဘာဟင်းတွေချက်ထားလဲ”

          “ဝက်နံရိုးနဲ့ ပဲတောင့်ရှည်ချက်ထားတယ်။ မုန်ညင်းဖြူနဲ့ ကြက်ဥဟင်းချို၊ ခရမ်းချဉ်သီးငါးပိချက်နဲ့ အင်ဥသုပ်ပေါ့”

          ဝက်နံရိုး ၅၀ ကျပ်သား၊ ရေစင်အောင်ဆေးပြီး အနေတော်တုံးမယ်။ ဆား အရသာ လက်ဖက်ရည်ဇွန်း တစ်ဝက်စီနဲ့အတူ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ အရောင်တက်လာအောင် စတီးဇွန်းအသေးတစ်ဇွန်းစီလောက် ထည့်ပြီး နယ်ထားမယ်။

          ချက်မယ့်အိုးထဲ ဆီ ငါးကျပ်သား၊ ကြက်သွန်နီ နှစ်ဥ၊ ချင်းလက်တစ်ဆစ်၊ ငရုတ်သီးပွငါးတောင့် အစေ့ထုတ်၊ ရေစိမ်ပြီး ရောထောင်းထားတဲ့ အဆာထည့်ကြော်မယ်။ ကြက်သွန်ဖတ်တွေ ရွှေဝါရောင်တောက်ပြီး အနံ့မွှေးလာရင် နယ်ထားတဲ့ ဝက်နံရိုးထည့်လုံးမယ်။ နံရိုးထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင်၊ ရေ ၁၀ သား တစ်ခွက်ဖြည့်ပြီး အဖုံးအုပ်၊ မီးအရှိန်လျှော့။ ဝက်နံရိုးကပ်အသားတွေ နူးသွားအောင် တည်မယ်။ အိုးချခါနီးရင် လတ်ဆတ်တဲ့ ပဲတောင့်ရှည်ငါးတောင့်(သို့) ၁၀ တောင့် တုံးပြီး ထည့်မယ်။ ပဲတောင့်ရှည်အရသာဝင်ပြီး ကျက်ရင် ဟင်းအိုးချလို့ရပါပြီ။ ဆားအရသာကိုတော့ ကိုယ့်အကြိုက် လိုတိုးပိုလျှော့လုပ်ပါ။

          ကြက်ဥမုန်ညင်းဟင်းချိုကတော့ အရိုးပြုတ်ရည်၊ ဒါမှမဟုတ် ငါးကင်၊ ပုစွန်ကင်တွေ ဖဲ့ထည့်ထားတဲ့ ရေ ဆူဆူထဲ ကြက်သွန်ဖြူငါးတက်ကို ဓားပြားရိုက်၊ နှမ်းဆီ တစ်ဇွန်း၊ ဆားအရသာ အနေတော်ထည့်ပြီး မုန်ညင်းဖြူ ရွက်တွေ ခတ်ဖို့ပါ။ ကြက်ဥအသေးတစ်လုံး အနှစ်နဲ့အကာ ရောခေါက်ပြီး ပွက်ပွက်ဆူနေတဲ့အထဲ လောင်းထည့်လိုက်ရင် ကြက်ဥ မုန်ညင်းဟင်းရည် ဖြစ်ပါပြီ။ အချဉ်အစပ် ကြိုက်ရင် ဗီနီကာ တစ်ဇွန်း၊ ငရုတ်သီး သုံး၊ လေးတောင့် ဖြည့်ပေးပါ။

          ခရမ်းချဉ်သီးငါးပိချက်အတွက် ခရမ်းချဉ်သီး သုံးလုံး၊ ကြက်သွန်ဖြူငါးတက်၊ ငါးပိစိမ်းစား စတီးဇွန်းတစ်ဇွန်း၊ ဆီ စတီးဇွန်းသေးတစ်ဇွန်း၊ ငရုတ်သီးအမှည့် ၁၀ တောင့်၊ ပုစွန်ခြောက်အမှုန့် လက်တစ်ဆုပ်စာဆို ချက်လို့ရပါပြီ။ ဆီနဲ့ကြက်သွန်ဖြူထောင်းကို အနံ့မွှေးအောင် အရင်ထည့်တည်မယ်။ ငါးပိထပ်ထည့်ပြီး၊ ငါးပိကျက်ရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီးနဲ့အတူ ပါဝင်ပစ္စည်းတွေထည့်မယ်။ အပေါ့အငန် အရသာအနေတော်မြည်းပြီးရင် ခရမ်းချဉ်သီးငါးပိချက် ရပါပြီ။ နံနံပင် နှစ်ပင်၊သုံးပင်ခတ်ရင် ပြည့်စုံပါတယ်။

          အင်ဥသုပ်အတွက် အင်ဥ ၁၀ ကျပ်သားကို ခဲ၊ သလဲ ပြောင်အောင် ပွတ်ဆေးပြီး အလုံးလိုက်ပြုတ်မယ်။ အင်ဥကျက်ရင် ထက်ခြမ်းခွဲပြီး ဆီချက် စတီးဇွန်းတစ်ဇွန်း၊ ပဲမှုန့်၊ ငံပြာရည်၊ ငရုတ်သီးအကျက်မှုန့်၊ သံပရာရည် အရသာအနေတော်ထည့်ပြီး ဖွဖွရောနယ်ရင် ရပါပြီ။ အဆိပ်အတောက်တွေကင်းအောင် ကန်စွန်းရိုးနီလေးနဲ့ တွဲဖက်စားရင် အဆင်ပြေပါတယ်။

          တစ်နေ့ တစ်နေ့ ထမင်းတွေ၊ ဟင်းတွေချက်ပြီး စားလိုက်၊ စိတ်ရဲ့လိုချင်တာတွေ ဖြည့်လိုက်၊ လူ့ဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုဖွင့်ဆိုကြရမှာပါလိမ့်။

နန်းစန်းစန်းအေး

အဓိပတိ (ဖြူး)

Facebook Comments