အညာသင်္ဘောသီးသုပ်

by Myint Oo Thar for Food Magazine

ယိုးဒယားသင်္ဘောသီးထောင်းတွေ ခေတ်စားလာတော့ မြန်မာသင်္ဘောသီးသုပ်

က ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါတယ်။ ကျွန်တော်တို့ငယ်ငယ်က ကျောင်းမုန့်စား တန်း၊ ဘုရားပွဲဈေးတန်းမှာဆိုရင် ဝယ်စားဖြစ် တာက သင်္ဘောသီးသုပ်ပါပဲ။ ဆီဝါနဲ့သုပ်ထား တဲ့ အဝါရောင်သင်္ဘောသီးသုပ်ကို ဖက်နဲ့ထုပ် ပြီး စားရတယ်။ အညာသင်္ဘောသီးသုပ်မှာ ထူးခြားတာက ပဲမှုန့်အစိမ်းကို တိုဟူးကျိုသလို ပျော့ပျော့လေးကျိုထားတဲ့ ပဲမှုန့်ချက် ထည့်ပြီး သုပ်ထားတာပါ။ ပြီးလျှင် ပဲမှုန့်အကျက်မှုန့် မထည့်ဘဲ စွန်တာနီပဲလှော်ကို ထောင်းပြီး ထည့်ပါတယ်။ စေးစေးပိုင်ပိုင်လေးဖြစ်အောင် နယ်ပြီး သုပ်ရပါတယ်။ ကြက်သွန်ဖူးပေါတဲ့ ရာသီဆိုရင် ကြက်သွန်ဖူးကို ပါးပါးလှီးပြီး ထည့် ပါတယ်။ ချဉ်ချဉ်စပ်စပ် ယိုးဒယားသင်္ဘောသီး ထောင်းကိုပဲ စွဲစွဲမြဲမြဲစားတဲ့ခေတ်မို့ အညာ သင်္ဘောသီးသုပ် ဒါမှမဟုတ် မြန်မာသင်္ဘော သီးသုပ်က ပျောက်ကွယ်နေပါပြီ။ ဒီလမှာ အမှတ်တရအနေနဲ့ သက်သတ်လွတ် အညာ သင်္ဘောသီးသုပ်နဲ့ မိတ်ဆက်ပေးပါရစေ။

(မရန်းပြားကို ခြေပြီး သုပ်တဲ့ မွန်သင်္ဘော သီးသုပ်လည်း မမြင်ရ၊ မစားရတာ ကြာပါပြီ။)

ပါဝင်ပစ္စည်းများ

သင်္ဘောသီးအစိမ်း –  ၁ စိတ် (ခြစ်နဲ့ ခြစ်ပါ)

ကြက်သွန်မြိတ် –  ၂ ပင် (ပါးပါးလှီးပါ)

ခရမ်းချဉ်သီး –  ၁ လုံး (အတုံးသေးသေးတုံးပါ)

ပဲမှုန့်ချက် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

မန်ကျည်းရည် –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်သီးလှော်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံပင် –   ၂ ပင် (ပါးပါးလှီးပါ)

ကုလားပဲ အကျက်မှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီချက်အဝါ –  စားပွဲဇွန်း ၁ ဇွန်း

(ကြက်သွန်ဖြူနဲ့ ဆီသတ်ထားတဲ့ ဆီဝါ)

ကုလားပဲမှုန့်ချက် –  စားပွဲဇွန်း ၁ ဇွန်း

ပဲမှုန့်ချက်နည်းကတော့-

ကုလားပဲမှုန့်အစိမ်း –  ၇၅ ဂရမ်

ရေ –  ၅ဝဝ မီလီလီတာ

ဆား –  အနည်းငယ်

(သက်သတ်လွတ်မဟုတ်လျှင် ဆားအစား ငံပြာရည်ထည့်ပါ။)

ပြုလုပ်နည်း

၁။        ကုလားပဲမှုန့်ချက်ဖို့အတွက် ကုလားပဲမှုန့်အစိမ်းကို ဆားထည့်ပြီး ရေနဲ့ ဦးစွာ ဖျော်ပါ။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး ကျိုပါ။ တိုဟူးနွေးကျိုထားတဲ့ နည်းနည်းပျစ်ပြီး တိုဟူးကျိုသလိုလည်း ခဲဖို့မလိုပါ။ ပျစ်လာလျှင် ခွက်ထဲထည့်ပြီး အအေးခံထားပါ။ အေးသွား လျှင် တိုဟူးလို မခဲဘဲ အပေါ်ယံတင်းတဲ့ အနေအထားရပါမယ်။

၂။         အသုပ်သုပ်မည့်ဇလုံထဲ ခြစ်ထားတဲ့သင်္ဘောသီးအစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ဆား၊ ပဲမှုန့်ချက်၊ မန်ကျည်းရည်၊ ငရုတ်သီးလှော်မှုန့်၊ ဆီချက် အဝါနှင့် ကုလားပဲမှုန့်အကျက်မှုန့်တို့ကို ထည့်ပြီး နယ်ပါ။ (ကြိုက်နှစ်သက်ပါက သံပရာရည်ညှစ်ပြီး ထည့်ပါ။)

 

Facebook Comments

Menu