
29 - December - 2017
by Myint Oo Tha for Food Magazine
အညာဒေသရဲ့ အိမ်တိုင်းမှာ ချက်လေ့ရှိတဲ့ဟင်းပါ။ ပင်လယ်နဲ့ဝေးကွာတဲ့ဒေသဖြစ်လို့ ပင်လယ်စာရှားပါတဲ့အတွက် တာရှည်ခံငါးပိတစ် (သို့) ငါးဆားနယ်ကိုပဲ ချက်ကြပါတယ်။ အညာဟင်းထုံးစံအတိုင်း ခရမ်းချဉ်သီးနဲ့ ချက်ထားလို့ အနှစ်များများနဲ့ စားကောင်းပါတယ်။ ဆီပြန်ဟင်း ဒါမှမဟုတ် ရေချိုဟင်း (ဆီကျန်ရေကျန်) ချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
ငါးပိတစ် (သို့) ငါးဆားနယ် – ၅ဝဝ ဂရမ် (အနေတော်အရွယ်တုံးထားပါ)
ခရမ်းချဉ်သီး – ၃ဝဝ ဂရမ် (ပါးပါးလှီးထားပါ)
ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း – ၁ဝ တောင့်
နံနံပင် – ၃ ပင်
ဆီ – စားပွဲဇွန်း ၃ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
အသားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ – ၂ဝဝ မီလီလီတာ
ကြက်သွန်နီ – ၁၄ဝ ဂရမ်
ကြက်သွန်ဖြူ – ၃ဝ ဂရမ်
ငရုတ်သီးမှုန့် – စားပွဲဇွန်း ၃ ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငါးပိတစ်ကို အနေတော်အရွယ်တုံးပြီး ဆားများပြောင်စင်သွားအောင် ရေဆေးပါ။
၂။ ခရမ်းချဉ်သီးကို ပါးပါလှီးထားပါ။
၃။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်တို့ကို ရောပြီးထောင်းပါ။
၎။ ပြီးလျှင် ဆီအိုးတည်ပြီး ဆီပူသည်နှင့် ထောင်းထားတဲ့ ကြက်သွန်ကို ဆီသတ်ပါ။
၅။ အနံ့မွှေးလာသည်နှင့် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး ချက်ပါ။
၆။ ငံပြာရည်၊ အသားမှုန့်ထည့်ပြီး ခရမ်းချဉ်သီးကျေသည်အထိ ချက်ပါ။
၇။ ခရမ်းချဉ်သီးကျေသည်နှင့် ငါးပိတစ်ထည့်ပြီး ချက်ပါ။
၈။ ငါးပိတစ်အသားတင်းလာသည်နှင့် ရေထည့်ပြီး ချက်ပါ။
၉။ ဆီပြန်လာလျှင် အပေါ့အငန်မြည်းပါ။ လိုအပ်ပါက ဆားထည့်ပါ။ ပြီးလျှင် ငရုတ်သီးစိမ်းနှင့် နံနံပင်ထည့်ချက်ပြီးလျှင် အဆင်သင့်ဖြစ်ပါပြီ။