အဆီစားသုံးမှုများခြင်း၊ အဝလွန်ခြင်းနှင့် ကင်ဆာ

မိမိတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေ က အစာလမ်းကြောင်းတစ်လျှောက်မှာ ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားမှုနှင့် နှီးနွှယ်ဆက်စပ်ပတ်သက်နေပါ တယ်။ အစာလမ်းကြောင်းဆိုင်ရာမှာ ပါးစပ်၊ လည်ချောင်း၊ အစာြွပန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီးတို့သာမက လုပ်ငန်းသဘောအရ ပတ်သက်နေတဲ့ အသည်း၊ သည်းခြေ၊ ပဲ(န်)ခရိယက်(စ်) (Pancreas) တို့လည်း ပါဝင်ပါတယ်။ ပဲ(န်)ခရိယက်(စ်)က အင်ဆူလင် (Insulin) ဟော်မုန်းထုတ်လုပ်ပေးတဲ့အပြင် အစာခြေ အင်ဇိုင်း (Digestive Enzymes) တွေလည်း ထုတ်လုပ် ပေးတဲ့အတွက် အစာလမ်းကြောင်းထဲမှာ ထည့်သွင်း

ပြောဆိုခြင်း ဖြစ်ပါတယ်။

နေ့စဉ်စားသုံးတဲ့ အစားအစာတွေက အစာလမ်း ကြောင်း ပြင်ပက ရင်သား၊ ကျောက်ကပ် စတဲ့  အင်္ဂါတွေ မှာ ကင်ဆာရောဂါဖြစ်တာနှင့်လည်း နှီးနွှယ်ဆက်စပ် ပတ်သက်မှုရှိပါတယ်။ ြွကက်ကလေးတွေကို အဆီများ များကျွေးလေ ရင်သားကင်ဆာဖြစ်နိုင်ခြေများလေ ဆိုတဲ့ အချက်ကို ၁၉၅၀ ပြည့်နှစ်လောက်မှာ Silverstone နဲ့ Tannenbaum ဆိုသူ ပညာရှင်တို့က အစီရင်ခံခဲ့ပါ တယ်။ သူတို့က နိုင်ငံအသီးသီးမှာ လူတွေရဲ့ အဆီစားသုံးမှု ပမာဏနှင့် ကင်ဆာဖြစ်နှုန်း/ကင်ဆာကြောင့် သေနှုန်း တို့ရဲ့ ဆက်နွှယ်မှုကို သုတေသနပြုခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ စာတမ်းတင်ခဲ့ရာမှာ အဆီစားသုံးမှုများတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေ ကင်ဆာရောဂါ ပိုပြီးအဖြစ်များတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ်တွေအတွင်းမှာ နိုင်ငံအများအပြား က အဆီစားသုံးမှု လျှော့ချရေးပေါ်လစီတွေ ချမှတ်ခဲ့ကြ ပါတယ်။ ချမှတ်ရတဲ့အကြောင်းရင်းတွေအနက် တစ်ခုက အဆီစားသုံးမှုများခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားမှု ဆက်စပ်ပတ်သက်နိုင်တယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ ပါတယ်။ အဆီစားသုံးမှုများခြင်းက-

–           ကယ်လိုရီ (Calorie – အင်အား) ရရှိမှုကို များစေ ပါတယ်။

–           ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းနှင့် အားကစား မှန်မှန် ပြုလုပ်ခြင်းက-

–           ခန္ဓာကိုယ်မှာ အဆီကို လျော့စေပါတယ်။

–           ကိုယ်အလေးချိန်ကို လျော့စေပါတယ်။ အဝလွန် ခြင်းမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

ပညာရှင်တွေအနေနဲ့ အဆီနှင့် ကင်ဆာရောဂါတို့ရဲ့ ဆက်နွှယ်ပတ်သက်မှုကို လေ့လာတဲ့အခါ-

  • အဆီစားသုံးမှုများခြင်းနှင့် ကင်ဆာရောဂါဖြစ်ခြင်း တို့ရဲ့ တိုက်ရိုက်ပတ်သက်မှု၊
  • အဆီစားသုံးမှုများခြင်းကြောင့် ကယ်လိုရီရရှိမှုများ ခြင်းနှင့် ကင်ဆာဖြစ်ခြင်းတို့ရဲ့ ပတ်သက်မှု၊
  • အဆီစားသုံးမှုများခြင်းကြောင့် ကိုယ်အလေးချိန် တက်ခြင်း၊ အဝလွန်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ခြင်း တို့ရဲ့ ပတ်သက်မှု၊
  • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကင်ဆာရောဂါ တို့ရဲ့ ပတ်သက်မှု စသဖြင့် ရှုထောင့်အမျိုးမျိုး ခွဲခြား ပြီး ဆန်းစစ်ရပါတယ်။ စာရှုသူတွေအနေနဲ့တော့ အားလုံးကို ရောပြီး သိထားရုံနှင့် လုံလောက်ပါ တယ်။

 

အဆီစားသုံးခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားမှုတို့ တိုက်ရိုက် ဆက်စပ်ပတ်သက်ပုံ

အဆီနှင့် ကင်ဆာရောဂါတို့ရဲ့ တိုက်ရိုက်ဆက်စပ်ပုံ ကို ဝက်သား၊ အမဲသား၊ ဆိတ်သား စတဲ့ အဆီများတဲ့ အသားတွေကို ကင်ပြီး စားတဲ့ ဥပမာနှင့် တင်ပြပါမယ်။

သုတေသနတွေအရ မီးကင်ထား၊ မီးဖုတ်ထား၊ ဘာဘီကျူး (Barbecue) လုပ်ထားတဲ့ အစားအစာတွေမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ပစ္စည်းတွေ ပါလာနိုင် ပါတယ်။ ဒီပစ္စည်းတွေက ကာလကြာရှည်လာတဲ့အခါ ကင်ဆာရောဂါဖြစ်လာစေနိုင်တယ်ဆိုတာ တွေ့ထားပါ တယ်။ အသားတွေကို အပူချိန်ပြင်းပြင်းနှင့် မီးကင်၊ မီးမြှိုက်တဲ့အခါတွေမှာ အသားတွေနဲ့ တွဲပြီးပါနေတဲ့ အဆီ တွေက တဖျစ်ဖျစ်မြည်ပြီး အပြင်ကို ထွက်လာပါတယ်။ အဲဒီအဆီတွေက မီးသွေးပေါ်၊ မီးဖိုပေါ်ကိုကျပြီး ပြင်းလှတဲ့ အပူရှိန်ကြောင့် အခိုးအငွေ့အဖြစ် ပျံတက်လာပါတယ်။ အဲဒီ အဆီခိုး၊ အဆီငွေ့တွေမှာ Polycyclic Aromatic Hydrocarbons (PAH) ဆိုတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါ တယ်။ အဆီငွေ့တွေက အပေါ်ကို ပျံတက်လာပြီး အသား ကို အငွေ့ရိုက်ပါတယ်။ ဒီလိုနဲ့ အသားမှာ PAH ဒြပ်ပေါင်း တွေ ကပ်ငြိနေပါတော့တယ်။ အသားကင်တွေမှာ မီးခိုး ရိုက်ထားလို့ အရောင်မည်းနေတဲ့ အပိုင်းတွေမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ PAH ဒြပ်ပေါင်းတွေ ရှိနေတယ်လို့ ပြော တာပါ။

မည်းတူးနေတဲ့ အသားကင်တွေကို လူက စားလိုက် ပြီး PAH ဒြပ်ပေါင်းတွေက လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အင်ဇိုင်း (Enzyme) တွေရဲ့ ဓာတ်ပြုပြင်ပေးမှု (Bioactivation) ကြောင့် ဒီဒြပ်ပေါင်း တွေက ခန္ဓာကိုယ် ရုပ်ကလာပ်စည်း (Cell – ဆဲလ်) တွေ ထဲက  ဒီအင်အေ (DNA) ကို ဖျက်ဆီးနိုင်စွမ်း (တစ်နည်း) ကင်ဆာဖြစ်စေနိုင်စွမ်းကို ရရှိသွားခြင်း ဖြစ်ပါတယ်။ ဒီလို ဓာတ်ပြုပြင်ပေးမှု (Bioactivation) ပြုလုပ်နိုင်စွမ်းက လူတစ်ယောက်နှင့်တစ်ယောက် မတူပါဘူး။ ဒါကြောင့် လည်း လူတစ်ယောက်က အကင်တွေစားပြီး ကင်ဆာ မဖြစ်ပေမယ့် အခြားတစ်ယောက်မှာ ကင်ဆာဖြစ်လာနိုင် ပါတယ်။ သူတစ်ပါးမှာ ကင်ဆာမဖြစ်ပေမယ့် မိမိမှာ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်သူကတော့ အကင်စာတွေ ခဏခဏစားနေတာ ဘာကင်ဆာမှ မဖြစ် ပါဘူးဆိုပြီး သူများလုပ်သလို လိုက်မလုပ်ဖို့ သတိပေးချင် ပါတယ်။

ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ခြင်းဟာ အစာမျိုြွပန် (Oesophagus) မှာ Adenocarcinoma အမျိုးအစား ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ကို များစေပါ တယ်။ အစာမျိုြွပန် (Oesophagus) ဆိုတာ လည်ချောင်း (Phatynx) နှင့် အစာအိမ် (Stomach) ကို ဆက်ထားတဲ့ ြွပန်ဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ ရှိပါတယ်။

အဆီစားသုံးမှုများခြင်းနှင့် အူမကြီး၊ စအိုကင်ဆာ

အဆီစားသုံးမှုများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတို့က အူမကြီးနှင့် စအိုကင်ဆာဖြစ်ခြင်း၊ အူမကြီးနှင့် စအိုကင်ဆာတွေကြောင့် သေဆုံးမှုနှုန်း မြင့် ခြင်းတို့နှင့် ဆက်နွှယ်နေတယ်ဆိုတာ နိုင်ငံတကာမှာ တွေ့ ရပါတယ်။ အဆီစားသုံးမှုများခြင်းကြောင့် အဆီတွေကို အစာချက်ရာမှာကူညီဖို့ သည်းခြေအိတ် (Gall Bladder) ထဲက သည်းခြေရည် (Bile) တွေ အူထဲကို များများဝင်လာ ပါတယ်။ သည်းခြေရည်ထဲက အက်စစ် (Bile Acid) တွေ က အူမကြီးထဲကို ရောက်တဲ့အခါ အူမကြီးဆဲလ်တွေ

ကို ဖောက်ပြန်ပြောင်းလဲစေနိုင်စွမ်းရှိ (Potentially Mutagenic) ခြင်း၊ ကင်ဆာဖြစ်လာစေနိုင်စွမ်းရှိခြင်း က ဒီနေရာမှာ အဆီစားသုံးမှု များခြင်းနှင့် အူမကြီး ကင်ဆာဖြစ်ရခြင်းတို့ရဲ့ ဆက်နွှယ်မှုအတွက် ဖြေရှင်းချက် တစ်ခုဖြစ်ပါတယ်။

 

အဆီစားသုံးမှုများခြင်းနှင့်  ရင်သားကင်ဆာ

အဆီစားသုံးမှု များခြင်းက ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို များစေသလားဆိုတာ ပညာရှင်တွေကြားမှာ နှစ် ၃၀ လောက် ငြင်းခုံကြပြီးတဲ့နောက် ပြည့်ဝဆီစားသုံးမှု များလွန်းတဲ့ အမျိုးသမီးတွေမှာ ကင်ဆာအမျိုးမျိုးဖြစ်ပွား နှုန်း မြင့်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဥရောပ နိုင်ငံ ၁၀ နိုင်ငံမှာ နေထိုင်ကြသူအမျိုးသမီးဦးရေ ၃၃ရဝဝဝ ကို ၁၁ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုကြီးတစ်ခုအရ ပြည့်ဝဆီ အများဆုံး စားသုံးတဲ့ အမျိုးသမီးတွေက ပြည့်ဝဆီ အနည်းဆုံး စားသုံးတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ် ၃၀% လောက် ပိုများတာကို တွေ့ခဲ့ရပါတယ်။

အဆီမျိုးစုံ စားသုံးမှု ပမာဏများခြင်း၊ ပြည့်ဝဆီ စားသုံးမှု ပမာဏများခြင်းတို့က ရင်သားကင်ဆာနှစ်မျိုး ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို များစေတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီ ရင်သားကင်ဆာနှစ်မျိုးက အီစထရိုဂျင် receptor (အီစထရိုဂျင်ကို လက်ခံနိုင်တဲ့နေရာ) ရှိတဲ့ ကင်ဆာမျိုးနှင့် ပရိုဂျက်စထရုံး receptor (ပရိုဂျက်စထရုံး ကို လက်ခံနိုင်တဲ့နေရာ) ရှိတဲ့ ကင်ဆာမျိုးတွေ ဖြစ်ပါ တယ်။ အီစထရိုဂျင် receptor ရှိတဲ့ ရင်သားကင်ဆာ မျိုးက အီစထရိုဂျင်ဆိုတဲ့ အမျိုးသမီးမျိုးပွားဟော်မုန်း ကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားပွားများ ပျံ့နှံ့နိုင်စွမ်း ပိုကောင်းကြပါတယ်။ ပရိုဂျက်စထရုံး receptor ရှိတဲ့ ရင်သားကင်ဆာမျိုးကတော့ ပရိုဂျက်စထရုံးဆိုတဲ့ အမျိုးသမီး မျိုးပွားဟော်မုန်းကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားပွားများ ပျံ့နှံ့နိုင်စွမ်း ပိုပြီးကောင်းကြပါတယ်။ ဒီလိုအမျိုးအစား ရင်သားကင်ဆာတွေက အဆီစားသုံးမှု များသူ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်နိုင်တယ်လို့ ပြောခြင်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံ တွေက အမျိုးသမီးတွေမှာ အများဆုံးဖြစ်တဲ့ ရင်သား ကင်ဆာတွေက အီစထရိုဂျင် receptor ရှိတဲ့ ကင်ဆာ

မျိုးနှင့် ပရိုဂျက်စထရုံး မနခနစအသမ ရှိတဲ့ ကင်ဆာမျိုးတွေ ဖြစ်နေတဲ့အတွက် သူတို့ဆီမှာ ရင်သားကင်ဆာ ကာကွယ် ရေးလုပ်ငန်းတစ်ရပ်အနေနဲ့ အဆီစားသုံးမှုကို အထူး ဆင်ခြင်ကြဖို့ တိုက်တွန်းထားပါတယ်။

 

ဝဖြိုးခြင်းနှင့် ရင်သားကင်ဆာ

မီးယပ်သွေးဆုံးပြီးအရွယ် အမျိုးသမီးတွေမှာဖြစ်တဲ့ ရင်သားကင်ဆာရောဂါက အဝလွန်ခြင်းနှင့် နှီးနွှယ်

ဆက်စပ်မှု ရှိပါတယ်။ ဒီအရွယ်မှာ အဝလွန်သူတွေက မဝသူတွေထက် ကင်ဆာရောဂါဖြစ်နိုင်တဲ့ အန္တရာယ်

၅၀% လောက် ပိုပါတယ်။ သွေးထဲမှာ အီစထရိုဂျင် (Oestrogen) အာနိသင်ရှိတဲ့ ဟော်မုန်းတွေရဲ့ ပမာဏ များနေတာ ကြောင့်လို့ ယူဆရပါတယ်။ အဝလွန်သူတွေရဲ့ ခန္ဓာကိုယ်မှာ အများအပြားရှိနေတဲ့ အဆီဆဲလ် (Fat Cells) တွေကနေ အီစထရိုဂျင် အာနိသင်ရှိတဲ့ ဟော်မုန်း တွေကို ထုတ်လုပ်ပါတယ်။ အီစထရိုဂျင်အာနိသင်ရှိတဲ့ ဟော်မုန်းက ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို များစေပါတယ်။ မီးယပ်သွေးမဆုံးမီအရွယ်မှာ အဝလွန် ခြင်းက ရင်သား ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို မများစေ ပေမယ့်  ဒီအဝလွန်မှုအခြေအနေက မီးယပ်သွေးဆုံးပြီး တဲ့ အရွယ်အထိ ဆက်ပြီးရှိနေလျှင်တော့ အဲဒီအချိန်မှာ အန္တရာယ်ပေးလာနိုင်ပါတယ်။

 

ဝဖြိုးခြင်းနှင့်  သားအိမ်၊ မျိုးဥအိမ်ကင်ဆာ

အဝလွန်တဲ့အမျိုးသမီးတွေမှာ သားအိမ်ကိုယ်ထည် ကင်ဆာ (Endometrial Cancer) ဖြစ်နိုင်တဲ့ အန္တရာယ် က မဝတဲ့သူတွေမှာထက် ၃ ဆလောက် ပိုပါတယ်။

သားအိမ်ကိုယ်ထည်ကင်ဆာ ဖြစ်ပွားမှုကလည်း မီးယပ်သွေးဆုံးပြီးတဲ့အရွယ် အဝလွန်သူတွေမှာ အဆီ ဆဲလ်တွေက ထွက်တဲ့ အီစထရိုဂျင်အာနိသင်ရှိတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

အသက်ငယ်ရွယ်စဉ် ကလေးဘဝမှာ အရမ်းဝခဲ့

တဲ့ အမျိုးသမီးငယ်တွေဟာ အသက်ကြီးလာတဲ့အခါ မျိုးဥအိမ် (Ovary) ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုများပါ တယ်။

သည်းခြေအိတ်မှာ ကျောက်တည်ခြင်းက သည်းခြေ ကင်ဆာရောဂါဖြစ်ရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်သလို အဝလွန်ခြင်းက သည်းခြေကင်ဆာဖြစ်နိုင်ခြေကို များစေ ပါတယ်။

 

နို့ထွက်အဆီများ (Dairy Fat)

မလိုင်အပြည့်နို့၊ ထောပတ်၊ မလိုင် အစရှိတဲ့ အဆီ များတဲ့ နို့ထွက်အစားအစာတွေ အများအပြား စားသုံးခြင်း က ရင်သားကင်ဆာ ကုသခံထားရသူတွေမှာ ဆက် လက်ပြီး အသက်ရှင်သန်နိုင်မှုအခွင့်အလမ်းကို ယုတ် လျော့စေတယ်လို့ ၂၀၁၃ ခုနှစ် မေလထုတ် Journal of The National Cancer Institute မှာ ဖော်ပြထားပါတယ်။ ဒါဟာ ဒီအစားအစာများမှ ဖြစ်လာတဲ့ အီစထရိုဂျင် ဟော်မုန်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အနီးအနားကို ထိုး ဖောက်နေပြီဖြစ်တဲ့ ရင်သားကင်ဆာခံစားထားရသူ အမျိုးသမီးဦးရေ ၁၈၉၃ ဦးကို ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ၁၂ နှစ်ကျော် စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသန The Life After Cancer Epidemiology(LACE) Study မှာ အဆီများများစားတဲ့လူတွေက သေနှုန်းပိုမြင့်တာကို တွေ့ရပါတယ်။ အီတလီမှာပြုလုပ်တဲ့ သုတေသနမှာတော့ ဒါမျိုးမတွေ့ရပါဘူး။ ဒါဟာ အီတလီ နိုင်ငံက နို့ချက်စက်ရုံတွေမှာ ကျင့်သုံးတဲ့ နို့ချက်နည်းစနစ် တွေက နို့ထဲမှာ ပါလာတဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏ ကို လျှော့ချနိုင်လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါ တယ်။

၁၉၈၄ ခုနှစ်အတွင်း အီတလီနိုင်ငံမှာ ရင်သား ကင်ဆာလူနာဦးရေ ၃၆၈ ဦးနှင့် ကင်ဆာမရှိသူ အမျိုး သမီးဦးရေ ၃၇၃ ဦးကို နှိုင်းယှဉ်လေ့လာခဲ့တဲ့ သုတေသန မှာတော့ သုတေသီ Talamini နှင့် အဖွဲ့က နွားနို့သောက် ခြင်း၊ နို့ထွက်အစားအစာများစားသုံးခြင်းနှင့် ရင်သား ကင်ဆာဖြစ်ပွားမှုတို့ရဲ့  ဆက်စက်ပုံကို တွေ့ရှိခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ရင်သားကင်ဆာလူနာ ဦးရေ ၁၀၁၀ ဦးနှင့် ကင်ဆာမရှိသူဦးရေ ၁၉၅၀ ဦးကို နှိုင်းယှဉ် လေ့လာခဲ့တဲ့ သုတေသနမှာ သုတေသီ Le နှင့် အဖွဲ့က မလိုင်အပြည့် နွားနို့သောက်ခြင်း၊ ဒိန်ခဲစားသုံး ခြင်းနှင့် ရင်သားကင်ဆာဖြစ်ခြင်းတို့ရဲ့ ဆက်စပ်ပတ်သက် မှုကို တွေ့ရှိခဲ့ပါတယ်။ ထောပတ်စားသုံးမှု၊ ဒိန်ချဉ်စားသုံးမှု တို့နှင့် ရင်သားကင်ဆာဖြစ်ပွားမှုတို့ရဲ့ ဆက်စပ်မှုကိုတော့ မတွေ့ခဲ့ရပါဘူး။ လေ့လာမှုတွေမှာ တွေ့ရချက်တွေ ကွဲလွဲ တာက လူမျိုးမတူခြင်း၊ နို့ချက်တဲ့စနစ်မတူခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

 

ဝဖြိုးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကင်ဆာ

ကယ်လိုရီစားသုံးမှုများခြင်း၊ ဝဖြိုးခြင်းနှင့် ကိုယ် လက်လှုပ်ရှားမှုနည်းခြင်းတို့က ကင်ဆာရောဂါကြောင့် သေဆုံးမှုတွေရဲ့ ၃၀% မှ ၃၅% လောက်နှင့် သက်ဆိုင်နေ ပါတယ်။ ကိုယ်အလေးချိန်များလွန်းခြင်းက ကင်ဆာ အမျိုးမျိုးနှင့် ဆက်နွှယ်နေတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းနှင့် ပြောမယ်ဆိုရင် ၁၄% မှ ၂၀% လောက် ရှိပါ တယ်။ ဗြိတိန်နိုင်ငံ (United Kingdom – UK) နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ BMI (Body Mass Index) များခြင်းက ကင်ဆာရောဂါ ၁၀ မျိုးလောက် (အနည်းဆုံး) ဖြစ်ပွားခြင်းနှင့် ဆက်နွှယ်နေတာကို တွေ့ရပါတယ်။ Body Mass Index-BMI (ခန္ဓာကိုယ် ဒြပ်ထု အညွှန်းကိန်း) ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်

အလေးချိန်နှင့် အရပ်အမောင်းကို အချိုးချပြီး တွက်တဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန်များပြီး အရပ် က နိမ့်နေလျှင်BMI များတယ်၊ အဝလွန်တယ်ပေါ့။ နှစ်စဉ် ဗြိတိန်နိုင်ငံ (UK) မှ နိုင်ငံသား ၁၂ဝဝဝ လောက်မှာဖြစ်တဲ့ ကင်ဆာတွေက ဝဖြိုးခြင်းနှင့် ဆက်စပ်နေတာကို တွေ့ရ ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကလည်း ကင်ဆာ ရောဂါဖြစ်ပွားမှုကို နည်းအမျိုးမျိုးနှင့် အားပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းက ကိုယ်အလေးချိန် များစေရုံသာမက ကိုယ်ခံစွမ်းအားစနစ် (Immune System) အပေါ်  မကောင်းတဲ့သက်ရောက်မှု၊ အင်ဒိုခရိုင်း စနစ် (Endocrine System) တွေအပေါ်  မကောင်းတဲ့ သက်ရောက်မှုတွေလည်း ရှိပါတယ်။ အစားအသောက် ကြောင့် ကင်ဆာရောဂါဖြစ်တယ်ဆိုရာမှာ ဟင်းသီး ဟင်းရွက်တွေ စားသုံးမှုနည်းခြင်း၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေ စားသုံးမှု နည်း ခြင်းတို့ထက် ကယ်လိုရီစားသုံးမှု များလွန်းခြင်းနှင့် ဝဖြိုး ခြင်းတို့ရဲ့ သက်ရောက်မှုက ပိုများတယ်လို့ ဆိုပါတယ်။

အဆီစားသုံးမှုနှင့်  ကင်ဆာဆဲလ်များ ပျံ့နှံ့နိုင်စွမ်း

UK Charity Worldwide Cancer Research က တစ်စိတ်တစ်ပိုင်း ရန်ပုံငွေ ထောက်ပံ့ပြီး  The Institute for Research in Barcelona မှာ Professor Salvador ဦးဆောင်ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ ထူးခြားတဲ့ တွေ့ရှိချက်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါက ကင်ဆာ ဆဲလ်တွေမှာ CD36 ဆိုတဲ့ ပရိုတင်းတစ်မျိုးကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ ပရိုတင်းက ကင်ဆာဆဲလ် တွေရဲ့  အဝေးကို  ပျံ့နှံ့နိုင်စွမ်း (Metastasis) ကို  အားပေး ပါတယ်။ ကင်ဆာဆဲလ်တွေ ပျံ့နှံ့ပုံကို နှစ်မျိုးရှိတယ်လို့

သိထားနိုင်ပါတယ်။ ရင်သားမှာဖြစ်လာတဲ့ ကင်ဆာဆဲလ် တွေ ချိုင်း (ဂျိုင်း) ထဲက သားနံရည်ကျိတ်တွေဆီ ရောက်ရှိ ပျံ့နှံ့နေတာကို အနီးအနားသို့ ထိုးဖောက်ရောက်ရှိခြင်း (Local Invasion) လို့ ခေါ် ပြီး ရင်သားကင်ဆာဆဲလ်တွေ ဦးနှောက်ထဲအထိ ပျံ့နေတာ၊ အသည်းထဲက ကင်ဆာ ဆဲလ်တွေ အဆုတ်ထဲအထိ ပျံ့နေတာ၊ ဆီးကျိတ်ထဲက ကင်ဆာဆဲလ်တွေ အရိုးအထိ ပျံ့နေတာမျိုးကိုတော့ Metastasis လို့ ပြောပါတယ်။ ရင်သားထဲက ကင်ဆာ ဆဲလ်တွေ ဘယ်မှမပျံ့ဘဲ ရင်သားထဲမှာတင် ရှိနေတာ ထက် ချိုင်း (ဂျိုင်း) ထဲက သားနံရည်ကျိတ်တွေဆီ ပျံ့နေ တာက အခြေအနေ ပိုဆိုးတယ်။ ဦးနှောက်ထဲအထိ ပျံ့နေ တာက ပိုပြီးဆိုးတယ်ဆိုတာ လူအများ သိထားကြပြီး ဖြစ်ပါတယ်။ အဲဒီလို ကင်ဆာဆဲလ်တွေ စတင်ဖြစ်ပေါ်ရာ မူလအင်္ဂါအစိတ်အပိုင်းမှ အဝေးတစ်နေရာမှာရှိတဲ့ အင်္ဂါ တစ်ခုဆီကို ရောက်ရှိပျံ့နှံ့မှုကို ကင်ဆာဆဲလ်တွေရဲ့ နံရံ (Cell Wall) မှာ ရှိတဲ့ CD36 ဆိုတဲ့ ပရိုတင်းတွေက အားပေးတယ်ဆိုတာ သိလာပါပြီ။ CD36 တွေရဲ့ ထူးခြား ချက်က ဖက်တီးအက်စစ် (Fatty Acid) ဆိုတဲ့ အဆီ အက်စစ်တွေကို ရယူအသုံးပြုကြခြင်းပဲ ဖြစ်ပါတယ်။ အဆီစားသုံးမှုများခြင်းက CD36 ပရိုတင်းတွေရဲ့ ဖက်တီး အက်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ကင်ဆာဆဲလ်တွေ ပျံ့နှံ့မှုကို အားပေးနိုင်သလားဆိုတာ ဆက်လက်လေ့လာကြရဦးမှာ ဖြစ်ပါတယ်။

Facebook Comments

by ဒေါက်တာလှကြည် for Food Magazine
Menu