အစားအသောက်မှ ခဲဆိပ်သင့်ခြင်း

by ဒေါက်တာလှကြည် for Food Magazine

          ခဲ (lead) သည် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်ရာတွင် အလွန်အသုံးဝင်သော သတ္တုတစ်မျိုး ဖြစ်သည်။ ခဲနှင့်ပြုလုပ်သည့်ပစ္စည်းများတွင် ဘက်ထရီ (battery) အိုးများ ဟအထဲတွင် ခဲအပြား (lead plate) များ ပါရှိသည်။]၊ ယခင်ခေတ်က ရေပိုက်များ၊ ဝိုင်ယာကြိုးများ၊ ခဲယမ်း စသည်တို့ကို လူသိများပါသည်။

          ခဲသတ္တုဓာတ်ပါဝင်သည့် ဓာတ်ပေါင်းအချို့သည် အရောင်လှလှကလေးများကို ဖန်တီးပေးနိုင်သဖြင့် အိမ်သုတ်ဆေးများ၊ ပန်းချီဆွဲသည့်ဆေးများ ပြုလုပ်ရာတွင် ခဲသတ္တုများကို ထည့်သွင်း အသုံးပြုခဲ့ကြသည်။ ရှေးခေတ်အဆောက်အအုံဟောင်းများ၏ နံရံ၊ မျက်နှာကြက် စသည့်နေရာများတွင် သုတ်ထားသောဆေးများ၊ ကလေး ကစားစရာများမှအစ ပစ္စည်းအမျိုးမျိုး ပြုလုပ်ရာတွင် အသုံးပြုထားသော အရောင်ခြယ်ဆေးများ၌ ခဲသတ္တု ဓာတ်များ ပါဝင်နေခဲ့ပါသည်။

          ခဲသတ္တုပါဝင်သည့် လောင်စာဆီများသည် အင်ဂျင် ၏ စွမ်းအားကို ပို၍ကောင်းစေသဖြင့် ခဲဓာတ်ပါဝင်သော လောင်စာဆီ (leaded gasoline) တို့ကို ကမ္ဘာတစ်ဝန်း၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါသည်။

          ခဲဆိပ်၏ အန္တရာယ်များပုံကို သေချာဂနစွာ မသိခဲ့သေးစဉ်က လူတို့အတွက် အသုံးကျသော ပစ္စည်း အမျိုးမျိုးပြုလုပ်ရာတွင် ခဲကို ထည့်သွင်းအသုံးပြုခဲ့ခြင်း၊ လောင်စာဆီများတွင် ထည့်သွင်းအသုံးပြုခဲ့ခြင်းတို့ကို လက်ခံခဲ့ကြသော်လည်း ယခုအခါ ခဲသတ္တု၏ အဆိပ်သင့်နိုင်ပုံကို ကောင်းကောင်းသိလာပြီဖြစ်သဖြင့် နိုင်ငံအများအပြားတွင် ခဲသတ္တုဓာတ် မပါဝင်သော အိမ်သုတ်ဆေး၊ ပန်းချီဆေးများသာ ထုတ်လုပ်ခြင်း၊ ခဲဓာတ်မပါသည့် လောင်စာဆီများသာ ထုတ်လုပ်ရောင်းချခြင်း၊ အသုံးပြု ခြင်း စသည်ဖြင့် ဥပဒေစည်းမျဉ်း စည်းကမ်းများသတ်မှတ်ပြီး အရေးယူဆောင်ရွက်နေကြပြီ ဖြစ်သည်။

ခဲဆိပ်သင့်ခြင်း

          လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင် အသုံး ဝင်သော ခဲသည် လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ လျှင်မူ ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါသည်။ ခဲသတ္တု သည် လူကို အဆိပ်သင့်စေနိုင်သည်ဆိုသည့် အချက်ကို ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၀ဝ၀ (ဘီစီ ၂၀ဝ၀) ခန့်ကပင် စတင်သိရှိခဲ့ကြပြီး ခဲဆိပ်သင့်ခြင်းအန္တရာယ်မှ ကာကွယ် ရန် ကြိုးပမ်းမှုများကို အေဒီ ၁၆ ရာစုလောက်ကပင် ပြုလုပ်ခဲ့ကြသည်။

လူတစ်ယောက်သည် –

–  ခဲသတ္တုဓာတ်ပေါင်းများ ပါဝင်နေသည့် လေ (အငွေ့များ) ကို ရှူရှိုက်မိခြင်း၊

–  ခဲသတ္တုဓာတ်ပေါင်းများ ပါဝင်နေသည့် ရေကို သောက်သုံးမိခြင်း၊

–  ခဲသတ္တုဓာတ်ပေါင်းများ ပါဝင်နေသည့် အစားအစာများကို စားမျိုမိခြင်း၊

–  ခဲသတ္တုဓာတ်ပေါင်းများ ပါဝင်နေသည့် အညစ် အကြေး၊ အမှုန်၊ ဖုန်များ ပါးစပ်အတွင်းသို့ ဝင်ရောက် ခြင်းတို့ကြောင့် ခဲဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။ ထို့ပြင် ခဲဓာတ်ပေါင်းများ သည် လူ၏ အရေပြားကို ဖောက်ထွင်း၍လည်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်ပါသည်။ ဥပမာ- ခဲသတ္တုဓာတ်ပေါင်းများပါဝင်သည့် အိမ်သုတ်ဆေး များ၊ ပန်းချီဆေးများကို အကာအကွယ်မဲ့ ကိုင် တွယ်ပြီး အလုပ်လုပ်ခြင်းကြောင့် အရေပြားတွင် ပေကျံခြင်း။

–         ခဲဓာတ်ပါသည့် အသုံးအဆောင်ပစ္စည်းများကို အရေပြားတွင် လိမ်းကျံခြင်း၊ ကိုင်တွယ်အသုံးပြု နေခြင်းနှင့် ဆော့ကစားခြင်းတို့ကြောင့်လည်း ခဲဆိပ်သည် အရေပြားကိုဖောက်ကာ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။

          ဘက်ထရီအိုးပြုပြင်ရေးလုပ်ငန်း၊ ခဲကို အရည်ကျို သည့်လုပ်ငန်းများမှ ထွက်ပေါ်လာသော ခဲဆိပ်ပါဝင်သည့် အငွေ့များကို ရှူရှိုက်ရခြင်း၊ ခဲဓာတ်ပါဝင်သည့် လောင်စာဆီကို အသုံးပြုသော မော်တော်ယာဉ်များ၊ အင်ဂျင်စက်များ၏ အိတ်ဇော (Exhaust) မှ ထွက်သည့်အငွေ့ကို ရှူရှိုက်ရခြင်းတို့သည် လူ့ခန္ဓာကိုယ်အတွင်းသို့  ခဲဆိပ်များ အသက်ရှူလမ်းကြောင်းမှ ဝင်လာနိုင်သည့် ဥပမာများ ဖြစ်ပါသည်။ ခဲဓာတ်ပေါင်းများ လမ်းကြောင်းအမျိုးမျိုးမှ ဝင်လာနိုင်ပုံကို  စုံလင်အောင်ပြောလျှင် အလွန်ရှည်လျား မည်ဖြစ်သည်။ ဤဆောင်းပါးတွင် ပါးစပ်မှဝင်သော ခဲဆိပ်များအကြောင်းကိုသာ တင်ပြပါမည်။

ပါးစပ်မှ ခဲဆိပ်ဝင်ခြင်း

          ခဲဓာတ်ပေါင်းပါဝင်သည့် အိမ်သုတ်ဆေးများ၊ ပန်းချီဆေးများဖြင့် ပေကျံနေသော လက်ကို စင်ကြယ်အောင် မဆေးဘဲ  အစားအသောက်များကို စားသုံးကြခြင်းကြောင့် ခဲဆိပ်များ ပါးစပ်မှ ဝင်ရောက်နိုင်ပါသည်။ ကမ္ဘာကျော်အီတာလျံ ပန်းချီဆရာကြီး Caravaggio သည် ခဲဓာတ်ပါသည့် ပန်းချီဆေးများနှင့် ထိတွေ့မှုများခြင်း၊ ထိုသို့ ထိတွေ့နေရခြင်းကို ဂရုပြုပြီး အကာအကွယ် မယူခဲ့ခြင်းကြောင့် ခဲဆိပ်သင့်ရောဂါ ရခဲ့သည်ဟူ၍လည်းကောင်း၊ နာမည်ကျော် ပန်းချီဆရာကြီးများဖြစ်ကြသော Francisco Goya နှင့် Vincent VanGogh တို့သည်လည်း ထိုသို့ဖြစ်ခဲ့နိုင်သည်ဟု ယူဆသူများ ရှိပါသည်။

          တစ်ချိန်က ကလေးများ ခဲဆိပ်သင့်ရခြင်းသည် ခဲဓာတ်ပါသော အိမ်သုတ်ဆေးများကြောင့် ဖြစ်ခဲ့ဖူးပါသည်။ ဟောင်းနွမ်းပြီး ကွာကျလာနေသော၊ ခဲဓာတ်ပါသည့် အိမ်သုတ်ဆေးများသည် အနီးတစ်ဝိုက်ရှိ မြေကြီး တွင်လည်းကောင်း၊ အိမ်ကြမ်းပြင်ပေါ်တွင်လည်းကောင်း၊ ထိုမှပျံ့လွင့်လာသော ဖုန်မှုန့်များနှင့် အမှုန်များတွင်လည်းကောင်း များပြားစွာ ရှိနေခဲ့သည်။ မြေကြီးပေါ်၌လည်းကောင်း၊ ကြမ်းပြင်ပေါ်၌လည်းကောင်း၊ လူးလှိမ့်ဆော့ ကစားတတ်သော၊ ဖုန်များ၊ အမှုန်များကို ကိုင်တွယ် ဆော့ကစားတတ်သော၊ ဖုန်များ၊ အမှုန်များ ပေကျံနေသည့်လက်ဖြင့် အစားအစာများကို ကိုင်တွယ်စားသောက် တတ်သော ကလေးများသည် ခဲဓာတ်ပေါင်းများကို စားမျိုမိကြခြင်းကြောင့် ဖြစ်သည်။

          ၁၉၉၀ ပြည့်နှစ်ခန့်က အမေရိကန်ပြည်ထောင်စုတွင် အိမ်ရာပေါင်း ၆၄ သန်းခန့်၌ ခဲဓာတ်ပေါင်းပါသော သုတ်ဆေးများကို  အသုံးပြုခဲ့ကြရာမှ ၂၀ဝ၀ ပြည့်နှစ်တွင် အိမ်ရာပေါင်း ၃၇ သန်းခန့်အထိ လျော့ကျခဲ့သည်ဟု ဆိုသည်။ ခဲဓာတ်ပါဝင်သည့် အိမ်သုတ်ဆေးဟောင်းများကို ပွတ်တိုက်၍ဖြစ်စေ၊ အပူပေး၍ဖြစ်စေ၊ ခွာသည့်အခါ ကွာကျလာသည့် အဖတ်များ၊ အမှုန်များ၊ အငွေ့များသည်  အန္တရာယ်ဖြစ်နိုင်သဖြင့် အမှုန်များကို မရှူမိစေရန်၊ ပျံ့လွင့်မသွားစေရန်၊ မြေကြီးပေါ်တွင် မကျန်ခဲ့စေရန် အထူးသတိပြုဖို့လိုပါသည်။ ခဲဓာတ်ပါသော သုတ်ဆေး ဟောင်းများကို မခွာဘဲ ခဲဓာတ်မပါသည့် ဆေးအသစ်ဖြင့် အပေါ်မှ ဖုံးအုပ်ပြီး သုတ်ခြင်းကို အားပေးကြသူများ ရှိပါသည်။ ခဲယမ်းမီးကျောက်များ ခဲယမ်းဆိုသည့်အတိုင်း ခဲယမ်းမီးကျောက်များ ပြုလုပ်ရာတွင် ခဲကို အသုံးများပါသည်။ ခဲထိပ်ဖူး၊ ခဲအလုံးကလေးများနှင့် ပြုလုပ်ထားသော နှစ်လုံးပြူးကျည်ဆန် ထိမှန်ထားသော သားကောင်သည်  အသက်မသေခဲ့လျှင် သူ၏ခန္ဓာကိုယ်အတွင်း၌ ခဲဓာတ်များ ပျံ့နှံ့နေမည် ဖြစ်ပါ သည်။ နောင်တစ်ချိန်တွင် ထိုတိရစ္ဆာန်ကို သတ်ဖြတ် စားသုံးမိသောသူသည်  ခဲဆိပ်သင့်နိုင်သည်။ ယခုအခါ ခဲထိပ်ဖူး၊ ခဲအလုံးလေးများနှင့် ပြုလုပ်သော ကျည်ဆန်များအစား သံမဏိ၊ သွပ်၊ ကြေးနီတို့နှင့် ပြုလုပ်သော ကျည်ဆန်များကို အသုံးပြုနေကြပြီဖြစ်သည်။ သို့သော် ခဲကျည်ဆန်များသည်  အလေးချိန် စီးခြင်း၊ သားကောင်ကို ထိမှန်ချက် ပို၍ကောင်းခြင်းတို့ကြောင့် ခဲကျည်ဆန်များကို ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်သည်။

          ရေတွင် ကျက်စားသော ရေကြက်၊ တောဘဲ စသည့် ငှက် (water fowl) များကို နှစ်လုံးပြူးနှင့် ပစ်သည့်အခါ ငှက်များကို မထိမှန်သော ခဲအလုံးလေးများသည် ရေကန်ထဲသို့ကျပြီး ထိုရေတွင် ခဲဓာတ်ပါဝင်မှုများပြားလာနိုင်ပါသည်။ ခဲဓာတ်ပါသည့်ရေကို သောက်မိခြင်းကြောင့်လည်း ခန္ဓာကိုယ်အတွင်းသို့ ခဲဆိပ်များ ဝင်ရောက်နိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ရေပျော်ငှက်များကို ခဲကျည်ဆန်ဖြင့် မပစ်ခတ်ရန် ဥပဒေဖြင့် ပိတ်ပင်ထားပါသည်။ ခဲဆိပ်သင့်ရောဂါ လူတစ်ယောက်သည် ခဲဓာတ်ကို အနည်းငယ်မျှပင် ထိတွေ့၊ ရှူရှိုက်၊ စားမျိုမိရုံနှင့် အဆိပ်သင့်နိုင်ပါသည်။ ခန္ဓာကိုယ်အတွင်းတွင် ခဲဓာတ်သည် ဤရွေ့ဤမျှရှိရုံနှင့် အန္တရာယ်မရှိနိုင်၊ ဤထက် ပို၍များမှသာ အန္တရာယ်ရှိနိုင်သည်ဟု သတ်မှတ်ချက် (threshold level) မရှိပါ။ ရုတ်တရက် ရောဂါခံစားရပြီး အသက်သေဆုံးနိုင်သည် အထိ ပြင်းထန်သော လတ်တလော ခဲဆိပ်သင့်ခြင်း (acute lead poisoning) ရှိသကဲ့သို့ ကာလတာရှည် တဖြည်းဖြည်း ခံစားရသည့် ခဲဆိပ်သင့်ခြင်း (chronic lead poisoning) လည်း ရှိသည်။ ခဲဆိပ်သည် ခန္ဓာကိုယ်အင်္ဂါအမျိုးမျိုးကို ထိခိုက်ဖျက်ဆီးနိုင်သည်။ ဦးနှောက်နှင့် အာရုံကြောစနစ် လုပ်ငန်းများကို  အဓိက ထိခိုက်နိုင်သည်။ ဓာတ်ဆီ စသည့် လောင်စာဆီများတွင် ပါဝင်သော အော်ဂဲနစ် (organic) ခဲဓာတ်ပေါင်းများသည်  အဆီတွင် ပျော်ဝင်ပြီး ဦးနှောက်နှင့် အာရုံကြောများအတွင်းသို့ ပိုမိုလွယ်ကူစွာ ထိုးဖောက် ဝင်ရောက်နိုင်သောကြောင့် အော်ဂဲနစ်မဟုတ်သော အင်အော်ဂဲနစ် (inorganic) ခဲဓာတ်ပေါင်းများထက် ပို၍ အဆိပ်ပြင်းသည်။ ခဲဆိပ် ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးတွင် ထိခိုက်သည်ကို အကျယ်ချဲ့ပြောမည်ဆိုလျှင် စာတစ်စောင်၊ ပေတစ်ဖွဲ့ ဖြစ်နိုင်သဖြင့် အရေးကြီးသော အချက်တို့ကိုသာ ဆောင်းပါးတွင် ရေးသားပါမည်။ ခဲဆိပ်သင့်ခြင်းကြောင့် ဦးနှောက်နှင့် အာရုံကြောများကို အများဆုံးထိခိုက်နိုင်သည်။ ဖြစ်နိုင်သည့် ဝေဒနာ (symptoms) များနှင့် လက္ခဏာ (signs) များမှာ-

ဇယားနှင့် ဖော်ပြလိုက်ပါတယ်။

ကလေးများ ခဲဆိပ်သင့်ခြင်း

          ကလေးများသည်  ခဲဆိပ်သင့်နိုင်သည့် အန္တရာယ်ကို ကြုံတွေ့ရန် အလားအလာ ပိုများရုံမျှမက ဤရောဂါ ဝေဒနာကိုလည်း ပိုမိုပြင်းထန်စွာ ခံစားရတတ်ပါသည်။ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က ရန်ကုန်ကလေးဆေးရုံကြီး၌ တာဝန်ထမ်းဆောင်ခဲ့စဉ် ရုတ်တရက်တက်ပြီး (fits ရပြီး) ဆေးရုံသို့ရောက်လာသည့် ကလေးတိုင်း ခဲဆိပ်ပါသည့် အငွေ့များကို ရှူနေရခြင်း၊ ခဲဆိပ်များရှိနေသော မြေကြီးတွင် ဆော့ကစားနေရခြင်း ရှိမရှိ သိနိုင်ရန် အိမ်မှာ၊ အိမ်အနီးပတ်ဝန်းကျင်မှာ ဘက်ထရီ ပြုပြင်ရောင်းချသည့် ဆိုင်ရှိသလားဆိုသည့် မေးခွန်းကို မမေ့မလျော့ မေးခဲ့ရပါသည်။ မိမိတို့ သံသယဖြစ်သည့်အတိုင်း ဖြစ်နေသည်ကိုလည်း မကြာခဏ တွေ့ခဲ့ရပါသည်။

သွေးထဲရှိ ခဲဓာတ်ပမာဏ

          ခဲဆိပ်သင့်ခြင်း၏ ပြင်းထန်မှုကို သိရှိရန် သွေးအတွင်း၌ရှိနေသည့် ခဲဓာတ်ပမာဏကို တိုင်းကြည့်နိုင်သည်။ သွေးထဲတွင် ခဲဓာတ်ပမာဏ မည်မျှလောက်ရှိရုံမျှနှင့် ဦးနှောက်ကို မထိခိုက်နိုင်ဟု သတ်မှတ်နိုင်ခြင်း မရှိပါ။ ရက်သတ္တတစ်ပတ်အတွင်း ဤမျှလောက်သော ခဲဓာတ်ပမာဏနှင့် ထိတွေ့ရရုံမျှဖြင့် အန္တရာယ်မရှိနိုင်ပါဟု ဆိုခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (cost-benefit) ပူးတွဲကော်မီတီ၏ ယခင် သတ်မှတ်ချက်ကို ၂၀၁၀ ပြည့်နှစ်တွင် ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ ကိုယ်ခံစွမ်းအားဆိုင်ရာလုပ်ငန်း၊ မျိုးပွားခြင်းလုပ်ငန်းများနှင့် နှလုံးသွေးကြောရောဂါများသည် သွေး ၁၀ဝ မီလီလီတာတွင် ခဲဓာတ် ၁၀ မိုက်ခရို ဂရမ် (၁၀ ကါ။၁၀ဝူာ) မျှ ရှိနေရုံနှင့် ဖြစ်နိုင်ပါသည်။ တစ်မိုက်ခရိုဂရမ်ဆိုသည်မှာ တစ်ဂရမ် (မြန်မာအလေးချိန် တစ်ပဲသားခန့်)၏ အပုံ တစ်သန်းပုံ တစ်ပုံ (၁။၁၀ဝ၀ဝ၀ဝ) မျှသာ ရှိသည်။

          ခဲဓာတ်နှင့် ထိတွေ့ရသည့်အတွက် ဦးနှောက် ထိခိုက်ဒဏ်ရာရသွားသော ကလေးများတွင် ဥာဏ်ရည် (IQ) နိမ့်ခြင်း၊ စိတ်ကို အာရုံတစ်ခုတွင် စူးစိုက်ထားနိုင်မှုနည်းခြင်းနှင့် အပြုအမူများ ပုံမှန်မဟုတ်ခြင်းတို့ ပါဝင်ပါသည်။ လူသည် အရေပြား၊ အရိုး၊ ကြွက်သား စသည်တို့တွင် ရရှိသောဒဏ်ရာကို အချိန်ယူပြီး ပြုပြင်နိုင်စွမ်းရှိသော်လည်း ဦးနှောက်တွင် ရရှိသောဒဏ်ရာကို ပြန်လည်ပြုပြင်နိုင်စွမ်း အလွန်နည်းပါသည်။ ထို့ကြောင့် ခဲဆိပ်သင့်ပြီး ဦးနှောက်လုပ်ငန်း ထိခိုက်ထားခြင်းသည် တစ်သက်လုံး ပြန်မကောင်းနိုင်တော့သည့် အခြေအနေမျိုး ဖြစ်သွားနိုင်ပါသည်။ သွေး ၁၀ဝ မီလီလီတာတွင် ခဲဓာတ် ၅ မိုက်ခရိုဂရမ် (5 ug/100 ml) မျှ ရှိနေရုံနှင့် ကလေးတွင် ဦးနှောက်ကိုသုံး၍ ပြုလုပ်ရသော လုပ်ငန်းများနှင့် အပြုအမူများ ထိခိုက်နိုင်သည်ဟု သိရပါသည်။ ခဲဆိပ်ကြောင့် ဦးနှောက်နှင့် အပြုအမူဆိုင်ရာ ဖွံ့ဖြိုးမှုများ ထိခိုက်ခြင်းသည် မိသားစုများအတွက် လည်းကောင်း၊ လူ့အသိုင်းအဝိုင်းအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း ဖွံ့ဖြိုးမှုရှုထောင့်မှကြည့်လျှင် အလွန်နစ်နာဆုံးရှုံးနိုင်သည်ကို မြင်တတ်ဖို့ အရေးကြီးပါသည်။

          ခဲဆိပ်သင့်နေသော ကလေးများတွင် အရိုးများ၌ ခဲဓာတ်များ စုမိနေသည့် လက္ခဏာကို ဓာတ်မှန်တွင် တွေ့ရတတ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ခဲဆိပ်ပြဿနာ

          ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ခဲဆိပ်ကြောင့် အသက်သေဆုံးသူ လူဦးရေသည် ၅၄၀ဝ၀ဝ (ငါးသိန်း လေးသောင်း) ကျော်ရှိမည်ဟု ခန့်မှန်းရပါသည်။ ခဲဆိပ်သင့်မှု အများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ထိုနိုင်ငံများတွင် ခဲဆိပ်၏ အန္တရာယ်ကို သိရှိနားလည်မှု ဗဟုသုတနည်းပါးခြင်း၊ လူအများကို ခဲဆိပ်၏ အန္တရာယ်မှ လုံလောက်စွာ ကာကွယ်ပေးနိုင်သည့် နည်းလမ်းများ အသုံးပြုနိုင်မှုမရှိခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ခဲဆိပ်သင့်ခြင်းသည် ဆင်းရဲနွမ်းပါးသူများတွင် ပို၍ အဖြစ်များပါသည်။ ထိုသူတို့ နေထိုင်ရာ၊ အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တွင် ခဲဆိပ်များနှင့် ထိတွေ့၊ ရှူရှိုက်မိနိုင်သည့်အန္တရာယ် ပို၍များခြင်း၊ ခဲဆိပ်သင့်နိုင်သည့်လုပ်ငန်းများကို လုပ်ကိုင်ကြရသူ အများစုသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် လူတို့ခံစားနေကြရသော ခဲဆိပ်သင့်ရောဂါ၏ ဒဏ်သည် ရောဂါအားလုံး (မြန်မာအလို ၉၆ ပါးသော ရောဂါများ) ကြောင့် သက်ရောက်သည့်ဒဏ်၏ ဝ.၆% ခန့် ရှိသည်ဟု ပညာရှင်များက တွက်ဆကြသည်။

          ကလေးသူငယ်များအား ခဲဆိပ်သင့်ခြင်းအန္တရာယ်မှ လျှော့ချရန် တစ်ဒေါ်လာသုံးစွဲတိုင်း ခံစားရနိုင်သည့် အကျိုးဖြစ်ထွန်းမှု ပမာဏသည် တန်ဖိုးအားဖြင့် ၁၇ ဒေါ်လာ မှ ၂၂၀ ဒေါ်လာအထိ ရှိနိုင်သည်ဟု လေ့လာသိရှိရပါသည်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအနက် ကာကွယ်ဆေးထိုးလုပ်ငန်းများထက် ဤလုပ်ငန်းက ပို၍တွက်ခြေကိုက်သည်။ (cost-benefit ပိုများပါသည်) ဟု ဆိုကြသူများပင် ရှိသည်။

ဝိသမလောဘသမားများကြောင့်ဖြစ်သည့် ခဲဆိပ်

          အထက်ပါတို့မှာ ခဲကို လူတို့အတွက် အကျိုးပြုနိုင် သည့်နေရာများတွင် အသုံးပြုခဲ့ကြရာမှ တွေ့ရှိလာပုံ အကြောင်းအရာများ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဝိသမလောဘဖြင့် မိမိကိုယ်ကျိုးတစ်ခုတည်းအတွက် ခဲသတ္တုကို အသုံးချနေသူများ ယခင်က ရှိခဲ့သလို ယခုလည်း ရှိနေဆဲပင် ဖြစ်သည်။ ဥပမာ – ငါး၊ ပုစွန်များ၊ အသားများ၊ အစားအသောက်များ အလေးချိန်ပို၍စီးပြီး အမြတ်ငွေ များများရရှိစေရန် ရည်ရွယ်လျက် အစားအစာများတွင် ခဲသတ္တုထည့်သွင်းသူများ ယခင်က ရှိခဲ့သလို ယခုလည်း ရှိနေဆဲဖြစ်သည်။ ခဲသတ္တု၏ အဆိပ်သင့်နိုင်ပုံကို မသိမီက ထိုသို့ပြုလုပ်ခြင်းသည် စီးပွားရေးအတွက် လိမ်လည်မှုသာ ဖြစ်သော်လည်း ခဲသတ္တုကြောင့် အဆိပ်သင့်ကာ ရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပြီး ကလေးတို့၏ဦးနှောက်ကို ဖျက်ဆီးပစ်နိုင်ကြောင်း၊ အသက်ကိုပင် သေစေနိုင်ကြောင်း သိပါလျက် ခဲသတ္တုကို အစားအသောက်များတွင် တမင်ထည့်ခြင်းသည် စီးပွားရေးအတွက် လိမ်လည်သည့် ပြစ်မှုသာ မဟုတ်တော့ဘဲ လူ၏အသက်ကို သေစေသည့် ပြစ်မှုမြောက်သည်ဟု သတ်မှတ်သူများ ရှိနေပါပြီ။ ငါး၊ ပုစွန်နှင့် အခြားအစားအသောက်များထဲတွင် ခဲသတ္တုကို တမင်ထည့်ခြင်းကို လိမ်လည်မှုပြစ်ဒဏ် (ဥပမာ-ငွေဒဏ်) ထက် ပို၍ကြီးလေးသော ပြစ်ဒဏ် (ဥပမာ- ထောင်ဒဏ်) ပေးသည့်နိုင်ငံများ ရှိသည်။

Facebook Comments

Menu