အစားအသောက်သန့်ရှင်းမှုနှင့် အမီးဘား (Amoeba) ဝမ်းကိုက်ရောဂါ

by ဒေါက်တာလှကြည် for Food Magazine

အစားအသောက် သန့်ရှင်းမှုနှင့် ဆက်စပ်နေတဲ့ အမီး ဘားဝမ်းကိုက်ရောဂါအကြောင်းကို တင်ပြလိုပါတယ်။ ဝမ်းသွားတဲ့အခါ ချွဲနှင့်သွေးတွေပါလာတာကို “ဝမ်းကိုက် တယ်” လို့ ပြောကြပါတယ်။ အပူပိုင်းဒေသ ကူးစက်ရောဂါ (Tropical disease) တစ်မျိုးအဖြစ် သိထားကြတဲ့ အမီးဘားပိုးစွဲ (amoebiasis) ရောဂါ ခံစားရသူအဖြစ် ပထမဆုံး မှတ်တမ်းတင်ခံရသူက  အပူပိုင်းဒေသမှမဟုတ် ဘဲ ကမ္ဘာ့မြောက်ခြမ်း ရုရှားနိုင်ငံ St. Petersburg မြို့မှ ဖြစ်ပါတယ်။ ၁၈၇၅ ခုနှစ်က Losh ဆိုသူက မှတ်တမ်းတင် ထားခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ ၁၉၃၃ ခုနှစ် က ပြုလုပ်ခဲ့တဲ့ ပျော်ပွဲရွှင်ပွဲကြီးမှာ မသန့်ရှင်းတဲ့ သောက် ရေကြောင့် လူ ၁ဝဝဝ ကျော် အမီးဘား ဝမ်းကိုက်ရောဂါ ခံစားခဲ့ရပြီး ၉၈ ယောက် သေဆုံးခဲ့ပါတယ်။ မြို့ကို သောက် ရေဖြန့်ဝေပေးနေတဲ့ ရေပိုက်တစ်နေရာမှာ ရေဆိုးတွေ သောက်ရေထဲ ဝင်နေခြင်းကြောင့် ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် မေလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကာလအတွင်း ဂျော်ဂျီယာနိုင်ငံမှာ လူ ၁၇၇ ယောက် အမီးဘား ဝမ်းကိုက်ပိုး ကူးစက်ခံခဲ့ကြရတဲ့အနက်

၇၁ ယောက် ဝမ်းကိုက်ရောဂါ ခံစားခဲ့ရပြီး ၁၀၆ ယောက် မှာ အသည်း ပြည်တည်နာဖြစ်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အမီးဘားဝမ်းကိုက်ပိုးကြောင့် သေဆုံးသူဦးရေဟာ ၁၉၉၀ ပြည့်နှစ်က ၆၈ဝဝဝ ခန့်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ၅၅ဝဝဝ ခန့်သာ ရှိခဲ့တာကြောင့် လျော့သွားတယ်လို့ ဆိုနိုင်ပါတယ်။ စာရေးသူတို့ ဆေး ကျောင်းသားဘဝ (၁၉၆၃-၇၀) နှင့် ဆရာဝန်ဖြစ်စ အချိန် က အမီးဘား ဝမ်းကိုက်ရောဂါ လူနာတွေကို မကြာခဏ တွေ့ခဲ့ပါတယ်။ အမီးဘားပိုးကြောင့် အသည်းရောင်တဲ့ လူနာ၊ အသည်းမှာ ပြည်တည်နာဖြစ်တဲ့ လူနာတွေကိုလည်း တွေ့ ကြုံခဲ့ရပါတယ်။

အမီးဘား ဝမ်းကိုက်ပိုး

ဝမ်းကိုက်ရောဂါ ဖြစ်စေတဲ့ အမီးဘားပိုးကို Entamoeba Histolytica လို့ ခေါ်ပါတယ်။ ရှေးယခင်က အမီးဘားပိုးတွေကို အဏုကြည့်မှန်ပြောင်း (microscope မိုက်ခရိုစကုပ်) အောက်မှာ မြင်ရတဲ့ ပုံသဏ္ဌာန်အသွင် အပြင်ကို ကြည့်ပြီး ခွဲခြားခဲ့ရပါတယ်။ ယခုအခါမှာတော့ အမီးဘားပိုး ကူးစက်ခံရသူရဲ့သွေးထဲမှာ ပိုးတစ်မျိုးချင်းကို ဆန့်ကျင်တိုက်ခိုက်ဖို့ လူ့ခန္ဓာကိုယ်က သီးသန့်ထုတ်လုပ် တဲ့ ပဋိပစ္စည်း (specific antibody) ပရိုတင်းကို ရှာဖွေ ဖော်ထုတ်စစ်ဆေးတဲ့နည်းနှင့် ခွဲခြားနိုင်ပြီ ဖြစ်ပါတယ်။ အချို့နေရာတွေမှာ ဒီအင်န်အေ (DNA) ခွဲခြမ်းစိတ်ဖြာနည်း နှင့်လည်း တိတိကျကျ ခွဲခြားနိုင်ပါပြီ။

အမီးဘား ဝမ်းကိုက်ရောဂါ ကူးစက်ပုံ

အမီးဘားဝမ်းကိုက်ပိုးက မသန့်ရှင်းတဲ့ အစားအစာ၊ မသန့်ရှင်းတဲ့ လက်များမှ ကူးစက်ပါတယ်။ အမီးဘား အကောင် (Trophozoite) လေးတွေက လူရဲ့အူအတွင်းမှာ ခိုအောင်းနေပြီး အူနံရံကို ဖျက်ဆီးခြင်းဖြင့် ဝမ်းကိုက်ရောဂါ ကို ဖြစ်စေပါတယ်။ အမီးဘားတွေက လူစားသုံးတဲ့ အစား အသောက်တွေနဲ့ အူထဲမှာ ပုံမှန်မှီတင်းနေထိုင်ကြတဲ့ ဗက်တီးရီးယားတွေကို စားပြီး အသက်ရှင်နေကြခြင်း ဖြစ်ပါတယ်။

အမီးဘား အကောင်ကလေးတွေက အူထဲမှာ ပိုးအိတ် (cyst) ကလေးဖွဲ့ ပြီးတော့လည်း ရှိနေနိုင်ပါတယ်။ မစင်နှင့်အတူ အပြင်ကို ထွက်လာတဲ့ ပိုးအိတ် (cyst) ကလေးထဲမှာ အောင်းနေတဲ့ အမီးဘားကလေးတွေဟာ မြေပြန့်အိမ်သာနဲ့ တွင်းအိမ်သာတွေအနီး မြေကြီးမှာ တစ်လခန့်အထိ ရှင်သန်နေနိုင်ကြပါတယ်။ အဲဒီလို အိမ်သာတွေအနီးမှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် တွေကို ဖြစ်စေ၊ လူရဲ့မစင်ကို မြေဩဇာအဖြစ် သုံးစွဲတဲ့ စိုက်ခင်းတွေက ဟင်းသီးဟင်းရွက်တွေကိုဖြစ်စေ စားသုံးခြင်းကြောင့် အမီးဘား ပိုးအိတ်လေးတွေ ဗိုက်ထဲကို ဝင်လာကြ ခြင်း ဖြစ်ပါတယ်။ ပိုးအိတ် (cyst) ကလေးထဲမှာ အောင်းနေတဲ့ အမီးဘားကလေးတွေဟာ လက်သည်း အောက်မှာလည်း လေးမိနစ်၊ ငါးမိနစ်ခန့် အသက်ရှင် နေနိုင်ကြပါတယ်။ ဒါကြောင့် မစင်ပေကျံနေတဲ့ လက်ကို စင်ကြယ်အောင်မဆေးဘဲ အစာစားလျှင်လည်း အမီးဘား တွေ ဗိုက်ထဲကို ရောက်လာနိုင်ပါတယ်။ ဗိုက်ထဲရောက်မှ ပိုးအိတ် (cyst) ကလေးထဲက အကောင် (trophozoite) ကလေးတွေ ပေါက် (ထွက်) လာခြင်း ဖြစ်ပါတယ်။ ပိုးအိတ် (cyst) ကလေး  တစ်အိတ်တည်းကို မျိုမိရုံနှင့် ရောဂါရနိုင် ပါတယ်။

အမီးဘား ဝမ်းကိုက်ရောဂါ (amoebic dysentery)

အမီးဘားပိုး ကူးစက်ခံရသူအများစု (၉၀% ခန့်)ဟာ ဘာဝေဒနာမျှ မခံစားကြရပါဘူး။ အူရဲ့ မျက်နှာပြင်ကို ဖုံးအုပ် နေတဲ့ ချွဲအလွှာကြောင့် အမီးဘားပိုးတွေဟာ အူနံရံကို တိုက်ရိုက်မထိတွေ့နိုင်ကြပါဘူး။ အမီးဘားပိုးဟာ အူ မျက်နှာပြင်နှင့် ထိတွေ့ ပြီဆိုလျှင် ရောဂါလဏ္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမီးဘားပိုး ကူးစက်ခံရပြီး ပျမ်းမျှ ရက်သတ္တ နှစ်ပတ်မှ လေးပတ်အတွင်း ရောဂါလက္ခဏာ တွေ ပေါ်လာနိုင်ပါတယ်။ အမီးဘားကြောင့်ဖြစ်တဲ့ ဝမ်းပျက် ဝမ်းကိုက်ရောဂါမှာ အရည်အနည်းငယ်သာသွားတဲ့ အပျော့စား ဝမ်းပျက်ခြင်းအခြေအနေကနေ ဗိုက်ထဲမှာ ယစ်ယစ်နာပြီး ချွဲတွေ၊ သွေးတွေ တစ်နေကုန်သွားနေတဲ့ အပြင်းစား ဝမ်းကိုက်ရောဂါအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အမီးဘားတွေက ဗက်တီးရီးယားတွေကို စားသုံး ရာမှာ အသုံးပြုတဲ့ အစာခြေအင်ဇိုင်း (enzyme) တွေက အူနံရံအမြှေးတွေကို ဖျက်ဆီးပါတယ်။ အူနံရံတစ်ရှူးတွေ ပျက်စီးပြီး အူမကြီးမှာ အနာခွက် (ulcer) တွေ ဖြစ်လာပါ တယ်။ ဝမ်းကိုက်နေသူရဲ့ မစင်ကို မိုက်ခရိုစကုပ်နှင့် စစ်ဆေးကြည့်လျှင် အမီးဘားတွေဟာ သူတို့ဖျက်ဆီး လိုက်လို့ ထွက်လာတဲ့ သွေးနီဥတွေကို မျိုထားတာ မြင်နိုင် ပါတယ်။ (ပုံမှာ ပြန်ကြည့်ပါ) လူနာအများစုမှာ အမီးဘား တွေဟာ အူလမ်းကြောင်းအတွင်းမှာပင် ရှိနေကြပါတယ်။ လူနာ ၁၈% လောက်မှာတော့ အနာခွက်တွေ ဖြစ်လာတတ် ပါတယ်။ အချို့သောသူတွေမှာ အမီးဘားပိုးကြောင့် အူမကြီးရဲ့ အစပိုင်းနဲ့ အူမကြီးရဲ့ အဆုံးပိုင်း (စအိုအနီး)၊ အူနံရံမှာ amoeboma ခေါ်  မြင်းဖုကြီး ဖြစ်နေတတ်ပါတယ်။ အဖုအလုံးကြီးကို ကင်ဆာနှင့် မှားတတ်ပါတယ်။ အူမကြီး ရဲ့အစပိုင်းမှာဖြစ်တဲ့ အဖုအလုံးဟာ အူအတက်ပေါက်ရာမှ ဖြစ်လာတဲ့ အဖုအလုံး (appendicular mass) နှင့် မှားနိုင် ပါတယ်။ အမီးဘားတွေ အူနံရံထဲကို ထိုးဖောက်ဝင်ရောက် ဖျက်ဆီးတဲ့ လူနာတွေအတွက် ၁၀% ခန့်မှာ အမီးဘားတွေ ဟာ သွေးကြောတွေထဲ ရောက်သွားရာမှ အသည်းအပါ အဝင် ခန္ဓာကိုယ်အနှံ့ကို ပြန့်သွားနိုင်ပါတယ်။

အမီးဘား အသည်းရောင်ရောဂါ (amoebic hepatitis)

အမီးဘား အကောင်ကလေးတွေဟာ အူမကြီးရဲ့ နံရံ ထဲက သွေးကြောတွေထဲကနေ အသည်းဆီရောက်သွား ပြီး အသည်းရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အသည်း ဆဲလ်တွေ သေကျေပျက်စီးရာမှ အမီးဘားအသည်း ပြည် တည်နာ (amoebic liver abscess) ဖြစ်လာနိုင်ပါတယ်။ အမီးဘားအသည်းပြည်တည်နာမှာ ပြည်တွေဟာ အရေ ပြား ပြည်တည်နာမှာ တွေ့ရတဲ့ ပြည်နဲ့မတူ (နို့စိမ်း၊ နို့ဆီ တို့လို အစိမ်းရောင်၊ အဝါရောင်မဟုတ်) ဘဲ  စိမ်းစားငါးပိနဲ့ တူပါတယ်။ အမီးဘားဝမ်းကိုက်ပိုးကြောင့်ဖြစ်တဲ့ အသည်း ရောင်ရောဂါဖြစ်သူဟာ ဝမ်းဗိုက်ရဲ့လက်ယာဘက် အထက် နား အောက်ဆုံးနံရိုးတွေရှိရာနေရာမှာ နာခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးပျံခြင်းတို့ကို ခံစားရတတ်ပါတယ်။ အလိုလို နာနေနိုင်သလို အသက်ရှူလျှင်လည်း နာပါတယ်။ အသည်းတည်ရှိရာနေရာကို ရှေ့မှဖြစ်စေ၊ နောက်ကျောမှ ဖြစ်စေ လက်သီးဆုပ်နှင့် အသာလေး ထုကြည့်ရုံနှင့် အမယ်လေး… အဘလေး… အော်ရလောက်အောင် နာပါ တယ်။ အသည်းရောင်သူဟာ လက်ယာဘက်ပခုံးမှာလည်း နာနိုင်ပါတယ်။ အသည်းမှာဖြစ်ပေါ်တဲ့ နာကျင်မှုကို လက်ယာပခုံးမှာ နာတယ်လို့ ခံစားရတာကို referred pain လို့ ခေါ်ပါတယ်။

အမီးဘားကြောင့် အသည်းမှာဖြစ်တဲ့ ပြည်တည်နာ ဟာ ပေါက်သွားပြီး အဆုတ်နှင့် အသည်းကို ပိုင်းခြားထား တဲ့ ြွကက်သားပြားကြီး (diaphragm) အောက်မှာ ပြည် တွေအောင်းနေနိုင်ပါတယ်။ ြွကက်သားပြားကြီးကို ဖောက် ပြီး ရင်ဘတ်ထဲရောက်လာရာက အဆုတ်နှင့်နံရိုးကြားမှာ ပြည်တွေ အောင်းနေနိုင်ပြန်ပါတယ်။ ပြည်တွေဟာ အဆုတ်မြှေးကို ဖောက်ပြီး အဆုတ်ထဲအထိလည်း ဝင်သွား နိုင်ပါတယ်။

အမီးဘား ဝမ်းကိုက်ပိုးကူးစက်မှုကို အတည်ပြုရန် စစ်ဆေး စမ်းသပ်မှုများ

  • ဝမ်းကိုက်နေသူရဲ့ မစင်ထဲမှာ အမီးဘားပိုး (အကောင်) တွေကို မိုက်ခရိုစကုပ်ဖြင့် ရှာဖွေတွေ့ရှိ နိုင်ပါတယ်။
  • မစင်ထဲမှာ အမီဘားပိုးအိတ် (cyst) ကလေးတွေ ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။
  • အမီးဘားပိုး တစ်မျိုးချင်းကို ဆန့်ကျင်တိုက်ခိုက်ဖို့ ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ ပဋိပစ္စည်း (antibody) တွေကို သွေးထဲမှာ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ အမီး ဘားကို ရှာဖွေခြင်းထက် ပဋိပစ္စည်းတွေကို သွေးထဲ မှာ စစ်ဆေးတွေ့ရှိခြင်းက ပိုပြီးတိကျပါတယ်။ စစ်ဆေးတွေ့ရတဲ့နှုန်းလည်း ပိုပြီးမြင့်ပါတယ်။
  1. histolytica ပိုးအတွက် သီးသန့်ပဋိပစ္စည်း (specific antibody) ကို သွေးအတွင်း စစ်ဆေး တွေ့ရှိမှသာ အမီးဘားဝမ်းကိုက်ဖြစ်တယ်လို့ အတည်ပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံထားပါတယ်။
  • မစင်မှာ အမီးဘားပိုးရဲ့ပရိုတင်းကို အလွယ်တကူ စစ်ဆေးသိရှိနိုင်တဲ့ စမ်းသပ်ကိရိယာ (test kit) တွေ ပေါ်ပေါက်နေပါပြီ။
  • အမီးဘား ပိုးအိတ် (cyst) တွေကို အစားအသောက် တွေမှာ ရှာဖွေတွေ့ရှိနိုင်တဲ့နည်းလည်း ရှိပါတယ်။
  • မစင်မှာ အမီးဘားပိုးရဲ့ DNA ကို စစ်ဆေးနိုင်တဲ့ စမ်းသပ်မှုမျိုးလည်း ပေါ်ပေါက်နေပါပြီ။

အမီးဘားကြောင့်ဖြစ်တဲ့ အသည်းပြည်တည်နာ အတွက် အသည်းကို အာလ်ထရာဆောင်း (Ultra Sound) ရိုက်ခြင်း၊ စီတီစကင် (CT scan) နှင့် အမ်မ်အာရ်အိုင် (MRI) ရိုက်ခြင်း၊ ပြည်တည်နာမှ ပြည်ကို စုပ်ထုတ်ကြည့် ခြင်း၊ သွေးစစ်ဆေးကြည့်ခြင်းတို့ဖြင့်  အတည်ပြုနိုင်ပါ တယ်။

အသည်းမှာ ဖြစ်တဲ့ အနာရဲ့  ပြည်မှ အမီးဘား

အကောင်များကို ရှာဖွေတွေ့နိုင်တဲ့ အလားအလာဟာ ၂၀% သာ ရှိပါတယ်။

ရောဂါကူးစက်မှု ကာကွယ်ရေး

အမီးဘား ဝမ်းကိုက်ပိုး ကူးစက်မှုမှ ကာကွယ်ဖို့

  • ယင်လုံအိမ်သာ သုံးစွဲခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ခြင်း၊ အိမ်သာအနီး ဟင်းသီးဟင်းရွက်များ မစိုက်ပျိုးခြင်း၊ လူမစင်ကို မြေဩဇာအဖြစ် အသုံးမပြု ခြင်း။
  • ဟင်းသီးဟင်းရွက်များကို သန့်ရှင်းတဲ့ ရေနှင့် စင်ကြယ်အောင်ဆေးခြင်း၊ ချက်ပြုတ်ပြီးမှ စားသုံး ခြင်း၊ အနည်းဆုံး ရေနွေးဖြောပြီးမှ စားသုံးခြင်း၊ ရေကို ဆူပွက်အောင်ကျိုချက်ပြီးမှ (သို့) ဆေးခတ်ပြီးမှ သောက်သုံးခြင်း၊ ဆိုင်တွေမှာ ထမင်းစားတဲ့အခါ၊ ချက်ပြုတ်မထားတဲ့ ဟင်းသီးဟင်းရွက် (တို့စရာ စသည်) တို့ကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း။
  • အစာမစားမီ၊ အစားအသောက်များကို မကိုင်တွယ်မီ နှင့် အိမ်သာတက်ပြီးချိန်တွေမှာ လက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးကြောတဲ့အကျင့် ပြုလုပ်ခြင်း၊ မြေကြီးတွေ၊ ရွှံ့တွေနှင့် ညစ်ပေနေတဲ့ လက်ကို ရေနွေးနှင့်၊ ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးခြင်း၊ လက်သည်းကို အရှည်မခံဘဲ မှန်မှန်ညှပ်ခြင်း။
  • မျက်နှာသုတ်ပဝါ၊ လက်သုတ်ပဝါတို့ကို လူနာ အတွက် သီးသန့်ထား၍ အသုံးပြုခြင်း၊ လုံချည် စသည်တို့ကို လူနာနှင့် မျှဝေအသုံးမပြုခြင်း။

ယခုအခါမှာ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အိမ်သာ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအခြေအနေတွေ တိုးတက်လာခြင်း၊ Metronidazol နှင့်  မျိုးတူ ဝမ်းကိုက် ပျောက်ဆေးတွေကို အလွယ်တကူရရှိနိုင်မှု၊ ဆေးတွေရဲ့ အစွမ်းထက်မှုတို့ကြောင့် အမီးဘား အသည်းရောင် ရောဂါနှင့် အသည်းပြည်တည်နာ ဖြစ်ခြင်းတို့ဟာ လျော့ နည်းလာပါပြီ။ အမီးဘား ဝမ်းကိုက်ရောဂါ ဖြစ်သူတွေ ကိုတော့ တွေ့နေရဆဲ ဖြစ်ပါတယ်။

ရောဂါ ကုသခြင်း

ပြင်းထန်တဲ့ အမီးဘားဝမ်းကိုက်ရောဂါ၊ အမီးဘား အသည်းရောင်ရောဂါနှင့် အသည်းပြည်တည်နာတို့ကို ယခင်က Emetine ထိုးဆေးနှင့် Dehydro-emetine ထိုးဆေးတွေ အသုံးပြုပြီး ကုသခဲ့ကြရပါတယ်။

မြန်မာတွေ မက်ထရိုလို့ ပြောလေ့ရှိတဲ့ Metronidazol ဆေးဟာ အမီးဘား ဝမ်းကိုက်ပိုးကို နိုင်ပါတယ်။ မစင်မှာ ချွဲပါတယ်။ အထူးသဖြင့် သွေးပါတယ်ဆိုရင် ဆရာဝန်နဲ့ ကုသဖို့ အရေးကြီးပါတယ်။ Metronidazol ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ဖို့ အရေးကြီးပါတယ်။ မိမိ သဘောနှင့်မိမိ ဆိုင်မှဝယ်သောက်တယ်ဆိုလျှင်လည်း ဆေးညွှန်းစာရွက်မှာ ဖော်ပြထားတဲ့အတိုင်း ဆေးပတ် လည်အောင် သောက်ဖို့ လိုပါတယ်။ အမီးဘားဝမ်းကိုက်ပိုး ကို မက်ထရိုနိုက်ဒါဇောသောက်ဆေးနှင့် အလွယ်တကူ နှိမ်နင်းနိုင်ခြင်းဟာ ဆေးရုံတွေမှာ အမီးဘားဝမ်းကိုက် လူနာ၊ အမီးဘားအသည်းရောင်နှင့် အသည်းပြည်တည်နာ လူနာတွေ နည်းသွားရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်နိုင်ပါ တယ်။ မက်ထရိုနိုက်ဒါဇောနှင့် အလားတူပြီး ထိရောက်မှု လည်းရှိ၊ သောက်ရသည့်အကြိမ်လည်းနည်းတဲ့ Tinidazol စတဲ့ ဆေးတွေ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။

မိုက်ခရိုစကုပ်နှင့် ကြည့်လျှင် E. histolytica နှင့် ခွဲမရအောင် အသွင်တူပေမယ့် ရောဂါမဖြစ်စေနိုင်တဲ့ အမီးဘားတွေလည်း ရှိပါသေးတယ်။ E. dispar နှင့်

  1. moshkovskii စတဲ့ ပိုးတွေဖြစ်ပါတယ်။ အမီးဘား အကောင်နှင့် ပိုးအိတ်တွေကို တွေ့ဖို့ဆိုတာ မစင်ကို တစ်ကြိမ်မက နမူနာယူပြီး စစ်ဆေးဖို့ လိုပါတယ်။ အမီးဘား ပိုးဟာ မစင်မှာ အမြဲပါနေတာမဟုတ်ဘဲ တစ်ခါတစ်ရံ

မှသာ ပါလာတတ်တဲ့အတွက် တစ်ကြိမ်တည်းနှင့် တွေ့ဖို့ ခဲယဉ်းပါတယ်။

ပဋိပစ္စည်း (antibody) ပရိုတင်းတို့ဟာ ရောဂါ ပျောက်ကင်းသွားပြီးသည့်တိုင် နှစ်နှင့်ချီပြီး သွေးထဲမှာ ဆက်လက်ရှိနေတတ်တာကြောင့် ပဋိပစ္စည်း ပရိုတင်းကို သွေးထဲမှာ စစ်ဆေးတွေ့ရှိရုံနှင့် လောလောဆယ် ကူးစက် ခံနေရတယ်လို့ မပြောနိုင်ပါဘူး။ ပဋိပစ္စည်း (antibody) ပရိုတင်းကို သွေးထဲမှာ မတွေ့ရခြင်းကသာ အမီးဘားပိုး ကူးစက်မခံရကြောင်း (အထူးသဖြင့် အမီးဘားဟာ တစ်ရှူး တွေထဲကို မရောက်ဖူးကြောင်း) သက်သေအထောက် အထား ဖြစ်ပါတယ်။

မစင်ထဲမှာ အမီးဘားရဲ့ ပဋိပစ္စည်းလှုံ့ (antigen) ပရိုတင်း ရှိမရှိ စမ်းသပ်စစ်ဆေးခြင်း နည်းသစ်တစ်ခု

ရှိပေမယ့် ရောဂါရှိသူ ၁ဝဝ အနက် ဘယ်နှယောက်မှာ ပဋိပစ္စည်းလှုံ့ကို တွေ့နိုင်သလဲ (sensitivity) ဆိုတဲ့အချက် နှင့် ပဋိပစ္စည်းလှုံ့ကို တွေ့ရသူ ၁ဝဝ အနက် ဘယ်နှ ယောက်ဟာ အမှန်တကယ် ကူးစက်ခံရတာလဲ (specificity) ဆိုတဲ့ တန်ဖိုးတွေကို တိတိကျကျ မပြောနိုင် သေးပါဘူး။

အမီးဘားကြောင့် အူပေါက်ပြီး ဝမ်းဗိုက်ခေါင်းမြှေး ရောင်ခြင်း (amoebic peritonitis)၊ အရေပြား ပေါက်ထွက် ခြင်း (amoebiasis cutis) တို့လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အမီးဘားပိုးမရောက်တဲ့နေရာ၊ ရောဂါမဖြစ် နိုင်တဲ့ နေရာရယ်လို့ မရှိသလောက်ပင် ဖြစ်ပါတယ်။ သွေးမှ တစ်ဆင့် အဆုတ်ထဲသို့ ရောက်ပြီး ပြည်တည်နိုင်သလို ဦးနှောက်ထဲကို ရောက်သွားပြီး ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ထဲမှာ ပြည်တည် ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။ ခွဲစိတ်ဖြတ်တောက်ထားတဲ့ အူမကြီးကို ဝမ်းဗိုက်မှာ အပေါက်ဖောက်ပြီး ဖွင့်ထားတဲ့ နေရာ (colostomy wound) မှာလည်းကောင်း၊ စအို တစ်ဝိုက်မှာလည်းကောင်း၊ အသည်းပြည်တည်နာကို ဖောက်ပြီး ပြည်ကို ဝမ်းဗိုက်မှ ပိုက်နှင့် ထုတ်ထားတဲ့ drainage အပေါက်ဝမှာ လည်းကောင်း အမီးဘားပိုး ကြောင့် အနာဖြစ်နိုင်ပါတယ်။

အမီးဘားပိုးဟာ မိန်းမကိုယ်နှင့် ယောနိ (သားမွေး လမ်းကြောင်း) ရောင်ရမ်းခြင်း (vulvovaginitis) ကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမီးဘားပိုးကြောင့် မိန်းမကိုယ်နှင့် ယောနိရောင်ခြင်းအကြောင်းကို ကမ္ဘာမှာ ပထမဆုံး ဖော်ထုတ်တွေ့ရှိသူဟာ မြန်မာအမျိုးသမီးဆရာဝန်ကြီး ဒေါက်တာဒေါ်ရင်မေဖြစ်တဲ့အတွက် ဒီရောဂါကို May’s disease လို့ အမည်ပေးခဲ့ခြင်းဟာ မြန်မာတို့အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ အမီးဘားပိုးကြောင့် စအိုနှင့် ဆီးအိမ်ဆက်နေတဲ့ အနာြွပန် (rectovesicle fistula) နှင့် စအိုနှင့် ယောနိဆက်နေတဲ့ အနာြွပန် (rectovaginal fitula) တွေလည်း ဖြစ်လာနိုင်ပါတယ်။

Facebook Comments

Menu