အင်ဥနဲ့ ဝက်သားဟင်း

အင်ဥနဲ့ ဝက်သားဟင်း

          အင်ဥလေးပေါလာပြီဆိုတော့ အင်ဥနဲ့ ဝက်သားလေးစားချင်လိုက်တာဆိုတဲ့ အတွေးဝင်လာတာနဲ့ ချက်ဖြစ်သွားတာပါ။ ချက်ပြီဆိုရင် အင်ဥထုပ်ထုပ်လေးနဲ့ ဝက်သားနူးနူးအိအိလေးကို စားရတာ ရာသီစာမို့လို့လား မသိပါဘူး။ တခြားဟာတွေထက် ပိုခံတွင်းတွေ့ပါတယ်။ အင်ဥလေးတွေကို သန့်စင်ရတာ တော်တော့်ကို လက်ဝင်တယ်။ သေသေချာချာ အကြိမ်ကြိမ် ပွတ်တိုက်ဆေးကြောရပါတယ်။ သဲကျန်ရင် တရှပ်ရှပ်ကျိလိကျိလိနဲ့ ဘယ်စားကောင်းပါ့မလဲနော်။ အင်ဥလေးတွေချည်းပဲ သက်သတ်လွတ်စားလို့ ရသလို အသားဟင်းနဲ့လည်း စားလို့ရပါတယ်နော်။ အိသက်က ဝက်သားနဲ့ ချက်ပါမယ်။

   ပါဝင်ပစ္စည်းများ

♦   အင်ဥ   –   လက်တစ်ဆုပ်သာသာ

    (လိုသလောက် သုံးနိုင်ပါတယ်)

♦   ဝက်သား   –   ၁၅ ကျပ်သား

♦   ကြက်သွန်နီ   –   အနေတော် ၄ လုံး

♦   ကြက်သွန်ဖြူ   –   ဥကြီးတစ်လုံး

♦   ငရုတ်သီးအကြမ်းကွဲ   –   စားပွဲဇွန်း ၁ ဇွန်း

♦   မိုးမျှော်ငရုတ်သီးစိမ်း   –   ၁၀ တောင့်

♦   ချင်း   –   လက်တစ်ဆစ်

♦   နနွင်းမှုန့်   –   အချိုဇွန်း ၁ ဇွန်း

♦   ဆား   –   အချိုဇွန်း ၁ ဇွန်း

♦   အသားမှုန့်   –   အချိုဇွန်း ၁ ဇွန်း

♦   နံနံပင်   –   အနည်းငယ်

♦   ငံပြာရည်   –   အချိုဇွန်း ၁ ဇွန်း

   ပြုလုပ်နည်းအဆင့်ဆင့်

          အင်ဥလေးတွေကို ရေစိမ်ထားပါတယ်။ ပြီးမှ ပွတ်တိုက်ဆေးကြောပေးရပါမယ်။ သူက သဲတွေ တော်တော်များတော့ ကျွန်မကတော့ Brush နဲ့ပါ ပွတ်တိုက်ပစ်ပါတယ်။ ရေခဏခဏလဲပေးရင်း ဆေးကြောပေးရပါတယ်။ နောက်ဆုံးမှာ ခပ်ဖြူဖြူအင်ဥလေးတွေရလာပါမယ်။ ဒီအတိုင်းထည့် ချက်လည်းရသလို တစ်ရေဖျောပြီး ချက်လည်းရပါတယ်။ ရေနွေးလေးနဲ့ တစ်ရေဖျောလိုက်ရင် ပိုသန့်ပြီး ချက်တဲ့အခါလည်း အနူးလွယ်ပါတယ်။ ခုနက ခပ်ဖြူဖြူပြောမိလို့ မှားသွားမှာ စိုးပါတယ်။ အင်ဥက အညို၊ အမည်းပဲရှိပါတယ်။ ရေဆေးလိုက်လို့ ဖွေးသွားတာကို ပြောတာပါနော်။ အင်ဥလေးတွေ ဆေးပြီးရင် ထက်ခြမ်းခွဲထားပါတယ်။ သေးတဲ့ဥတွေတော့ မခွဲပါဘူး။

          ကြက်သွန်နီ/ ဖြူကို ချင်းနဲ့ ရောထောင်းထားလိုက်တယ်။ ငရုတ်သီးကြမ်းခွဲပါ  ရောထောင်းရင် ပိုကောင်းပါတယ်။ ဝက်သားကို ဆားနည်းနည်း၊ နနွင်းနည်းနည်းနဲ့ နယ်ထားလိုက်ပါ။

          ဝက်သားကို ကြက်သွန်ရောထောင်းထားတာတွေနဲ့ လုံးချက်လိုက်ပါတယ်။ ဝက်သားအရောင် ပြောင်းလာရင် ကြက်သွန်နဲ့လည်း ခပ်ကြွပ်ကြွပ်ဖြစ်နေရင် ရေနည်းနည်းထည့်ပြီး နူးသည်အထိ အဖုံးအုပ်တည်ပေးထားပါတယ်။

          ရေကို ဖြည်းဖြည်းချင်းထည့်ပြီး ဝက်သားနူးခါနီးနောက်ဆုံး တစ်ရေမထည့်ခင်  အင်ဥလေးတွေ ရောပါတယ်။ ဆား၊ အသားမှုန့်၊ ငံပြာရည် ထည့်ပါမယ်။ ခဏမွှေပြီး ရေထည့် အဖုံးအုပ်တည်ပေးပါ။ အသားလည်းနူး၊ အင်ဥလည်းနူးပြီး အရသာလည်း အနေတော်ရင် ငရုတ်သီးစိမ်းတွေ ခွဲပြီးထည့်ပေးပါ။ နံနံပင်လေးလည်း အုပ်ပေးလိုက်ပါ။ ဒါဆိုရင် ဝက်သားအင်ဥချက် မွှေးမွှေးလေးရပါပြီ။

          အင်ဥလေးတွေက ရာသီစာမို့ တစ်နှစ်တစ်ခါ ချက်စားမိအောင် ချက်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments