အင်ဒိုနီးရှားကြက်ကြော် (Indonesia Smashed Fried Chicken) (Sambal Ayam Penyet)

by Sofia for Food Magazine

စင်ကာပူနေရာ အတော်များများမှာ Ayam Penyet ဆိုပြီး ထမင်းဆိုင် အတော်များများ တွေ့ရမှာဖြစ်ပါတယ်။ Ayam Penyet ဆိုတာကတော့ ကြက်ကြော်ကို ပြန်ပြီး အနည်းငယ်ထုထားတာ ကို ဆိုလိုပါတယ်။ အင်ဒိုနီးရှားစတိုင် ကြက်ကြော်ကို ငါးပိထောင်း နဲ့ တွဲဖက်စားလေ့ရှိပါတယ်။ အနံ့ အရသာ တစ်မူထူးခြားတဲ့ ကြက်ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ပေါင် –  ၅ ခု

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  ၃ မြွှာ

ချင်း –  လက်နှစ်ဆစ်

နနွင်းတက် –  လက်နှစ်ဆစ်

ပတဲကော –  လက်တစ်ဆစ်

စပါးလင် –  ၁ ချောင်း

သစ်ကြံပိုးခေါက် –  ၂ ချောင်း

ဆား –  စားပွဲဇွန်း ၁ ဇွန်း

သကြား –  ၁ ဇွန်း

ဇီရာအမှုန့် –  ၁ ဇွန်း

နံနံစေ့အမှုန့် –  ၁ ဇွန်း

ဂျုံမှုန့် –  ၃ ဇွန်း

ပြောင်းမှုန့်/ကော်မှုန့် –  ၃ ဇွန်း

ကြက်ဥ –  ၂ လုံး

ကြော်ရန်ဆီ

ပြုလုပ်နည်း

၁။       ဦးစွာ ကြက်ပေါင်များကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။

၂။       ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းတက်နှင့် ပတဲကောတို့ကို ကြိတ်ထားပါ။စပါးလင်ကို အနည်းငယ်ထုထားပါ။ နနွင်းတက်မရနိုင်ပါက အမှုန့်ကိုအစားထိုးပါ။

၃။       အားလုံးအသင့်ဖြစ်ပါက အိုးတစ်အိုးထဲ ကြက်သားထည့်ပြီး ရေမြုပ်ရုံထည့်ပါ။

၎။       ကြိတ်ထားသည့်အရောကို ထည့်ပါ။ စပါးလင်၊ သစ်ကြံပိုးခေါက်၊ ဆားနှင့် သကြား တို့ကို ထည့်ပြီး ကြက်သားကျက်သည်အထိ တည်ထားပါ။

၅။       ကြက်သားကျက်ပါက ဆယ်ယူပြီး ဇလုံတစ်လုံးထဲ ထည့်ပြီး အအေးခံထားပါ။

၆။       ကြက်ပြုတ်ရည်ကို ဆန်ခါတစ်ခုဖြင့် စစ်ပြီး အနှစ်နှင့် အရည်ကို သတ်သတ်စီ ခွဲထားပါ။ စပါးလင်နှင့် သစ်ကြံပိုးခေါက်ကို ဖယ်ထုတ်ပြီး ဇီရာအမှုန့်နှင့် နံနံစေ့ အမှုန့်ကို ထည့်၍ သမအောင် မွှေပါ။

၇။       အအေးခံထားတဲ့ ကြက်ထဲ ထည့်၍ အားလုံးသမအောင် လူးပေးပြီး နှပ်ထားပါ။ လိုအပ်ပါက ဆားအနည်းငယ်ထည့်ပါ။

၈။       ပန်းကန်ထဲ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်ထည့်ပြီး ကြက်ပြုတ်ထားတဲ့ အရည် အနည်းငယ် နှင့် မုန့်နှစ်ရည်ပျစ်ပျစ် ဖျော်ထားပါ။

၉။       အသင့်ဖြစ်ပါက ဆီအိုးတည်ထားပါ။ ဆီပူပါက နှပ်ထားတဲ့ ကြက်ပေါင်ကို ဖျော်ထား တဲ့ မုန့်နှစ်ရည်ထဲ လူးပြီး ဆီပူပူမှာ အရောင်ရသည်အထိ ကြော်၍ ဆယ်ယူပြီး ဆီစစ်ထားပါ။

၁၀။     လက်ကျန်မုန့်နှစ်ရည်ထဲ ကြက်ဥ ၂ လုံးဖောက်ထည့်၍ မွှေပြီး ကြက်ပြုတ်ရည် ၃ ဇွန်း ထည့်ပြီး မွှေပါ။

၁၁။     ပြီးလျှင် ဆီပူအိုးထဲ ကြက်ဥအရည်ကို ဖြည်းဖြည်းချင်း အမျှင်ဖြစ်အောင် လောင်း ထည့်၍ ရွှေဝါရောင်ရပါက ဆယ်ယူပြီး ဆီစစ်ထားပါ။

၁၂။     ဆီစစ်ထားတဲ့ ကြက်ကြော်ကို စဉ်းတီတုံးပေါ်တင်ပြီး ဓားနှောင့်ဖြင့် ပုံစံမပျက်အောင် ထုပေးပါ။

၁၃။     ပန်းကန်ထဲမှာ ထမင်းဖြူ၊ ကြက်ကြော်၊ ပဲပြားကြော်၊ ကြက်ဥမွကြော်၊ Sambal ငါးပိထောင်း၊ သခွားသီးနှင့် ခရမ်းချဉ်သီးတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

ကြက်ကြော်နှင့် ငါးပိထောင်းကို အဆာပြေစာအဖြစ်လည်း တည်ခင်းနိုင်ပါတယ်။

Facebook Comments