အင်ဒိုနီးရှားအသုပ် (Gado-gado)

by Sofia for Food Magazine

          အင်ဒိုနီးရှားအစားအစာတစ်ခုဖြစ်တဲ့ Gado-gado ကို ဟိုတယ်ဘူဖေးတွေမှာ တည်ခင်းလေ့ရှိသလို အင်ဒိုနီးရှားစားသောက်ဆိုင်တွေမှာလည်း မပါမဖြစ် အဓိကအမည်အဖြစ် ရောင်းချလေ့ရှိပါတယ်။ အဲဒီချက်နည်းလေးကို စင်ကာပူနိုင်ငံက Indonesian တစ်ယောက်က သင်ပေးထားတာပါ။ ဒီ Page လေးကနေ ချက်နည်းလေးတွေ မျှဝေပေးနေတာသိတဲ့ အန်တီနဲ့ အန်ကယ်က အမြဲဆိုသလို ဟင်းအရသာ အသစ်လေးတွေကို ချက်ပြ၊ မြည်းခိုင်းပြီး လိုက်လုပ်ဖို့ စေတနာအပြည့်နဲ့ သင်ပေးကြတယ်။ နိုင်ငံဒေသတစ်ခုရဲ့ ရိုးရာအစားအစာတွေကို သင်ယူမိသမျှတွေလည်း ဒီကပဲ ပြန်လည်မျှဝေပေးပါတယ်။ စိတ်ဝင်စားလို့ လိုက်ချက်စားဖြစ်သည်ဖြစ်စေ၊ မချက်စားသည်ဖြစ်စေ အသိတစ်ခု၊ ဗဟုသုတတစ်ခု ရစေချင်တာပါပဲ။ ထူးဆန်းတဲ့ ဟင်းအမည်တစ်ခု မဟုတ်ပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ရိုးရာအစားအစာက ကိုယ့်နိုင်ငံ ကိုယ့်အစား အစာနဲ့ မတူညီကွဲပြားတာလေးတွေ သိရှိနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တို့စားရန်ပါဝင်ပစ္စည်း

သခွားသီးစိမ်း

နာနတ်သီး

စိမ်းစားဥ

ပဲပြားကြော်

ကြက်ဥပြုတ်

အာလူးပြုတ်

ဆန်ကိတ် (ဆန်ကို ဖက်ဖြင့်ထုပ်ပြီး ကျစ်ခဲနေအောင်ပြုတ်ထားတဲ့ Rice Cake)

မုန်လာဥနီ

ပဲပင်ပေါက်

ကန်စွန်းရွက်

ပန်းပွင့်

ပဲတောင့်ရှည်

ငါးမုန့်ကြွပ်ကြော် (Fish/Prawn/Vegetable Cracker)

မြေပဲဆော့စ်

မြေပဲဆော့စ်ပြုလုပ်ရန် ပါဝင်ပစ္စည်း

မြေပဲထောင်း  –  ၃၀ဝ ဂရမ်

စပါးလင်  –  ၄ ချောင်း

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်နီဥသေး  –  ၂ လုံး

ငရုတ်သီးခြောက်  –  ၈ တောင့်

ပတဲကော  –  ၃ ပြား

ရေ  –  ၄၀ဝ  မီလီလီတာ

သကြား  –  ၆၀ ဂရမ်

ဆား  –  အနည်းငယ်

မန်ကျည်းမှည့်အနှစ်  –  စားပွဲဇွန်း ၁ ဇွန်း

မြေပဲဆော့စ်လုပ်နည်း

၁။       စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက် (ရေစိမ်ထား)နှင့် ပတဲကောတို့ကို ကြေညက်အောင်  ကြိတ်ထားပါ။

၂။       လက်ကိုင်အိုးတစ်လုံးဖြင့် ကြိတ်ထားသည်တို့ကို ထည့်ပြီး အပူပေးပါ။ အိုးမကပ် အောင် မွှေပေးပါ။

၃။       အနည်းငယ်ခြောက်ပြီး မွှေးလာပါက ရေနှင့် မန်ကျည်းမှည့်အနှစ် ထည့်ပါ။ အရသာ၊ ဆား၊ သကြား ဖြည့်စွက်ပါ။

၎။       ဆူပွက်ပါက မြေပဲထောင်းထည့်ပြီး အနည်းငယ်ပျစ်အောင် တည်၍  အရသာ အပေါ့အငန်မြည်းကာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Gado-gado ပြင်ဆင်နည်း

၁။       အစိမ်းစားနိုင်သော သခွားသီးစိမ်း၊ နာနတ်သီးနှင့် စိမ်းစားဥတို့ကို လှီးဖြတ်ပြီး တစ်ပန်းကန်စီ ထားပါ။

၂။       ကြက်ဥနှင့် အာလူးကို ပြုတ်ပြီး လှီးဖြတ်ထားပါ။ ဆန်ကိတ်ကို အတုံးလှီးထားပါ။

၃။       ပဲပြားကြော်ထားပါ။ ကျန်သီးနှံများအားလုံးကို ရေနွေးဖြောပြီး ရေအေးစိမ်၍ ဆယ်ယူရေစစ်ပြီး တစ်ပန်းကန်စီမှာ စီရီထားပါ။

၎။       အားလုံးအသင့်ဖြစ်ပါက သုံးဆောင်မည့် ပန်းကန်ထဲ သီးနှံ၊ ကြက်ဥနှင့် ဆန်ကိတ်တို့ကို လိုသလိုထည့်ပြီး အပေါ်မှ မြေပဲဆော့စ်ဆမ်း၍ ငါးမုန့်ကြွပ်ကြော်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Facebook Comments