အင်ဒိုနီးရှားငါးပိထောင်း (Samabal Belacan)

by Sofia for Food Magazine

ငါးပိထောင်းကို နေရာဒေသအလိုက် ပုံစံအမျိုးမျိုးပြုလုပ်ကြတဲ့အထဲက မလေးရှား၊ အင်ဒိုနီးရှားမှာ စားလေ့ရှိတဲ့ငါးပိထောင်းလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ဒီငါးပိထောင်းလေးကိုအင်ဒိုနီးရှားအလည်ရောက်တုန်း အခါခါစားခဲ့ဖူးပြီး မမေ့နိုင်တဲ့ အရသာသစ်နဲ့ ငါးပိထောင်းပုံစံတစ်မျိုး ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ အိမ်ရှင်ကို အားမနာတမ်းအကြိမ်ကြိမ်ထပ်လုပ်ခိုင်းခဲ့တဲ့ ငါးပိထောင်းလည်း ဖြစ်ပါတယ်။ အရသာသစ်နဲ့ လျှာလည်သွားစေမယ့် ငါးပိထောင်းလေးကို လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ငရုတ်သီးအပွအနီတောင့် –  ၅ တောင့်

ခရမ်းချဉ်သီး –  ၃ လုံး

ကြက်သွန်နီအသေး –  ၅ လုံး

ကြက်သွန်ဖြူ –  ၄ မြွှာ

ငရုတ်သီးစိမ်း/နီအစပ် –  ၁၀ တောင့်

ပုစွန်ငါးပိ –  စားပွဲဇွန်း ၃ ဇွန်း

သကြား –  ၂ ဇွန်း

ဆား –  အနည်းငယ်

သံပရာသီး –  ၂ လုံး

ဆီ –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဦးစွာ ပါဝင်ပစ္စည်းများအားလုံးကို ရေဆေးသန့်စင်ပြီး အတုံးငယ်လေးများ လှီးဖြတ်ထားပါ။

၂။       ဒယ်အိုးတစ်အိုးကို အပူပေး၍ ဆီအနည်းငယ်နှင့် ငါးပိကို ကြော်ပြီး ဘေးဖယ်ထားပါ။

၃။       အိုးထဲ ဆီအနည်းငယ် ထပ်ထည့်ပြီး ကြက်သွန်၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီး လှီးဖြတ်ထားသည်တို့ကို ထည့်၍ အနည်းငယ်နွမ်းအောင် ဆီသတ်ပါ။

၎။       အနည်းငယ်နွမ်းပြီး ဆီသတ်နံ့မွှေးလာပါက မီးဖိုပေါ်မှ ချပါ။

၅။       ကြော်ထားပြီးသား ငါးပိနှင့် ဆီသတ်ထားသည်တို့ကို ငရုတ်ဆုံထဲ ထည့်၍ ဖိခြေပြီး ထောင်းပါ။ စက်ဖြင့် လည်း ကြိတ်နိုင်ပါတယ်။

၆။       အတော်အသင့်ကြေညက်ပါက သကြားနှင့် သံပရာရည်ထည့်ပါ။

၇။       သမအောင်မွှေပြီး အရသာအပေါ့အငန်မြည်းပါ။ လိုအပ်ပါက ဆားအနည်းငယ်ထည့်ပြီး နှစ်သက်ရာ ကြက်ကြော်၊ ထမင်းဖြူ၊ သီးနှံ၊ တို့စရာတို့နှင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

ကြိတ်ပြီးသား ငါးပိထောင်းအထားခံရန် ဆီအနည်းငယ်ဖြင့် ဆီပြန်လာအောင် ချက်ထားပြီးလည်း သုံးဆောင်နိုင်ပါတယ်။

Facebook Comments