
26 - October - 2018
အခါခါချက်မယ် ကောင်းဖို့ရွယ်
by နန်းစန်းစန်းအေး (အဓိပတိ) for Food Magazine
နိုဝင်ဘာလမှာတော့ ဆရာမနန်းစန်းစန်းအေးက
“ကြက်သားမဆလာ” အပါအဝင် ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ် များကတော့ –
၁။ ငါးပြေ မစောင်းလျားသီးချက်၊ ဟင်းနုနယ်ရွက်ကြော်၊ ပဲပင်ပေါက်ဟင်းရည်၊ ပဲပုပ်ထောင်း။
၂။ အသားစုံချဉ်စပ်၊ ပဲနီလေးဟင်းချို၊ သခွားသီးသနပ်၊ ပူဒီနာငါးပိထောင်း။
၃။ ဆတ်သားဆီပြန်၊ သင်္ဘောသီးသုပ်၊ ရေကျိုငါးပိကင်၊ ချဉ်ပေါင်ခါးဟင်းရည်။
၎။ ကြက်ဥခရမ်းချဉ်သီးချက်၊ ပုစွန်မျှစ်ကြော်၊ ကြာရိုးဟင်းခါး၊ ငါးပိသုပ်။
၅။ ကြက်သားမဆလာ၊ ကြောင်လျှာသီးကြော်၊ အာလူးကုလားပဲဟင်းရည်၊ မန်ကျည်းမှည့် အချဉ်ဖျော်၊ ငံပြာရည်ချက်အတို့စုံ။
၆။ ငါးခြောက်ထောင်းကြော်၊ သီးရွက်စုံဆီပြန်၊ မုန်လာဥသုပ်၊ ငရုတ်သီးထောင်းကြော်။
၇။ ပုစွန်ခရမ်းချဉ်သီးချက်၊ စွယ်တော်ရွက်ဟင်းချို၊ ဆေးမြင်းခွာရွက်သုပ်၊ ငရုတ်သီး အစိမ်းထောင်း။
အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ကြက်သားမဆလာ၊ ကြောင်လျှာသီးကြော်၊ အာလူးကုလားပဲ ဟင်းရည်၊ မန်ကျည်းမှည့်အချဉ်ဖျော်၊ ငံပြာရည်ချက် အတို့စုံတို့ကို တင်ဆက်ပေးလိုက်ပါတယ်။
အခါခါချက်မယ် ကောင်းဖို့ရွယ်
“မမ ဂျုံတွေ နယ်နေပြန်ပြီ။ ဘာမုန့်လုပ်မှာလဲ”
“ထပ်တစ်ရာပလာတာလုပ်မလို့”
“ဇွဲမလျှော့ဘူးပဲ။ ဆန်ကြမ်းတစ်မျိုးတည်းနဲ့လုပ်တဲ့ ခေါက်မုန့်တို့၊ မုန့်အုပ်ကလေးတို့၊ မုန့်လင်မယားတို့တောင် တစ်ခုမှ မဖြစ်တာ။ ဂျုံနယ်ပြီးရင် နှပ်ရဦးမယ်။ ပလာတာ ဖြစ်အောင် ရိုက်ရဦးမယ်။ နည်းတဲ့အဆင့်တွေလား။ ဝယ်သာစားလိုက်ပါ မမရာ”
“ဝယ်စားတာတော့ နင်ပြောမှလား။ လုပ်ကြည့်ချင် တယ်လေဟယ်…”
“ဟိုနေ့ကလည်း အခုခေတ်စားတဲ့ အုန်းနို့သာကူပြင်လုပ်တာ သူများတွေလို သာကူတစ်ထပ်၊ အုန်းနို့တစ်ထပ်လည်း မဖြစ်ဘူး။ သာကူအပြဲပေါ်ကို အုန်းနို့တွေ ဆမ်းထားသလိုပဲ”
“အံမယ်… စားတုန်းကတော့ ကောင်းတယ်ပြောပြီး အခုမှ ပြဲသလေး၊ ပျက်သလေး လုပ်နေတယ်”
“မောမောပန်းပန်းလုပ်နေလို့ အားနာနာနဲ့ ကောင်း တယ်ပြောရတာ။ ပြီးတော့ အုန်းနို့တွေ၊ ဒူးရင်းသီးတွေ အီဆိမ့်နေအောင် ထည့်ထားတော့ ကောင်းသလိုကို ဖြစ်နေတာလည်း ပါတာပေါ့”
“အမျိုးမျိုးတွေပြောမနေနဲ့။ ပလာတာဖြစ်ရင်ဖြစ်၊ မဖြစ်ရင်နေ။ ကိုယ့်ကိစ္စကတော့ စာပါအတိုင်း အကုန် လုပ်မယ်”
“ဖြစ်လာမယ့်ဟာတွေစားရမယ့် ကိုယ့်အဖြစ်ကိုပဲ သနားရမယ့်ဘဝ”
” ‘ဘဝ’ တွေ၊ ‘ဘွ’ တွေ လာလုပ်မနေနဲ့။ ဒီနေ့အတွက် နေ့လယ်စာကို တစ်ယောက်တည်း ချက်ဖို့ စိတ်ကူးထား”
“ဖြစ်တယ်၊ ဖြစ်တယ်။ မမစိတ်ကို ပလာတာထဲမှာပဲ နှစ်ထားလိုက်။ ဟင်းတွေအားလုံး ညီမလေး ချက်လိုက်မယ်”
“ချက်မယ့်ဟင်းတွေ ပြောကြည့်လိုက်ပါဦး”
“ဗမာကြက်တစ်ကောင်ဝယ်လာတယ် မဟုတ်လား။ အဲဒါကို ဘူးသီးနဲ့စပါးလင်နဲ့ ချက်ရင် ကောင်းမလား။ မဆလာ၊ ဇီရာ၊ ကရဝေးနဲ့ ချက်ရမလား”
“မဆလာနဲ့ချက်ဟယ်… အာလူးကုလားပဲဟင်းရည်၊ ကြောင်လျှာသီးကြော်၊ ငံပြာရည်ချက်၊ မန်ကျည်းသီး ငရုတ်သီးဖျော်လေးနဲ့ဆို အဆင်ပြေပြီ”
“မမရဲ့ ဟင်းအတွဲက ပလာတာနဲ့တွဲစားလည်း အဆင်ပြေမယ့် သဘောရှိတယ်”
“ပလာတာများဖြစ်ခဲ့ရင် ငံပြာရည်ချက်နဲ့ ကြောင်လျှာ သီးကြော် ဖယ်ထားပြီး စားကြတာပေါ့”
ဒါဆို ချက်လိုက်တော့မယ်။ ကြက်သား ၄၀ ကျပ်သား တစ်ကောင် အနေတော် (သို့) ခပ်ကြီးကြီး ၄ ခြမ်းခြမ်းပြီး တုံးလိုက်မယ်။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရသာမှုန့် ဇွန်းတစ်ဝက်၊ ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ်ရှိရင် စတီးဇွန်းကြီး ၁ ဇွန်း၊ မရှိရင် ရှောက်သီး တစ်စိတ်ရဲ့ အရည်နဲ့ပေါင်းပြီး နာရီဝက်၊ အချိန်ရရင် ၁ နာရီ နယ်နှပ်ထားမယ်။
ချက်မယ်ဆို ဆီ ၅ ကျပ်သားထဲ ကြက်သွန်နီ ၃ ဥ ပါးပါးလှီးထားတာ ထည့်ကြော်မယ်။ ရွှေဝါရောင်တောက်လာရင် အိုးချပြီး ကြက်သွန်နီကြော်တွေ ဆယ်ထားမယ်။ ကျန်ဆီထဲ ကြက်သွန်ဖြူ ၁ ဥ ထောင်းထားတာထည့်ပြီး ဆီသတ်မယ်။ အနံ့မွှေးလာရင် ညက်အောင်ထောင်း ထားတဲ့ ဇီရာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သစ်ကြံပိုးခေါက် ၁ ခေါက်၊ ကရဝေးရွက် ၂ ရွက်နဲ့အတူ နယ်နှပ်ထားတဲ့ ကြက်သားပေါင်းထည့်မယ်။ အရောင်အတွက် ငရုတ်ပွ ထောင်းထားတာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထပ်ထည့်မယ်။ ကြက်သားထဲပါတဲ့ အရည်ခန်းအောင် မွှေပေးမယ်။ အရည် ခန်းပြီး ဆီပြန်လာရင် ကြော်ထားတဲ့ ကြက်သွန်နီကြော် ထည့်မယ်။ နှံ့အောင်မွှေပေးပြီး ရေ ၁၀ ကျပ်သား ၂ ခွက် ထည့်၊ အဖုံးအုပ်၊ မီးအရှိန်လျှော့ပြီး ကြက်သားနူးနပ်သွား အောင် တည်မယ်။ အသားနူးရင် ကြက်သား မဆလာ လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့အတူ ပျဉ်းတော်သိမ် ၂ ခက်ရဲ့ အရွက်ပေါင်းခတ်မယ်။ အရသာအနေတော်ဖြစ်အောင် မြည်းပြီးရင်တော့ မဆလာနံ့မွှေးမွှေးနဲ့ ကြက်သားဟင်း ရပါပြီ။
အာလူးကုလားပဲဟင်းရည်အတွက် အာလူး ၃ လုံးနဲ့ ကုလားပဲ ၅ ကျပ်သားနူးအောင် ပြုတ်။ ပဲနံ့သာအနည်းငယ်နဲ့ ကြက်သွန်ဖြူ ၃၊၄ မြွှာထောင်းပြီး ဆီ စတီးဇွန်း ၁ ဇွန်းနဲ့ အနံ့မွှေးလာအောင် ဆီသတ်ကာ ပဲအာလူးအိုးထဲထည့် လိုက်ရုံပါပဲ။ ဆား၊ အရသာမှုန့်နဲ့ အရောင်အတွက် နနွင်းမှုန့်အနည်းငယ်စီ ထပ်ဖြည့်ပြီးရင် ပြည့်စုံပါပြီ။
ကြောင်လျှာသီးကြော်အတွက် ကြောင်လျှာသီး ၁ တောင့် ပါးပါးလှီး၊ ရေစင်အောင် ဆေးပြီး စစ်ထားမယ်။ ကြော်မည့်အိုးထဲ ဆီ ၂ ကျပ်ခွဲသားထည့်ပြီး ကြက်သွန်နီ တစ်ဝက်၊ ကြက်သွန်ဖြူ ၃ မြွှာထောင်းထားတာ ထည့်ကြော်မယ်။ အနံ့မွှေးလာရင် ပုစွန်ခြောက်မှုန့် လက်တစ်ဆုပ်၊ ငရုတ်သီးမှည့် ၅ တောင့်ထောင်းထားတာ ပေါင်းထည့်ပါ။ မပါမဖြစ် ဆား၊ အရသာ အနည်းငယ်စီထည့်မယ်။ ကြောင်လျှာသီးအဖတ်လေးတွေ လိပ်နေအောင် ကြော်ပေးပြီးရင်တော့ အရန်ဟင်းတစ်ခွက် ရပါပြီ။
မန်ကျည်းမှည့်အချဉ်ဖျော်အတွက် မန်ကျည်းသီးမှည့် ကွမ်းသီးလုံးအရွယ်ခန့်ကို ရေ ၂ ကျပ်ခွဲသားနဲ့ ပွက်ဆူ စေမယ်။ အနှစ်ကို တိုက်ယူပြီး ငရုတ်သီးစိမ်း ၃ တောင့်၊ ကြက်သွန်ဖြူ ၂ မြွှာ၊ ထောင်းထည့်မယ်။ ပူဒီနာ ၄၊ ၅ ရွက်နဲ့ ဆားကို မန်ကျည်းစေ့ တစ်ဝက်စာလောက် ပေါင်းထည့်ရင် အချဉ်တစ်ခွက်စာ ဖြစ်ပါပြီ။
အငန်အတွက် အရန်သင့်ချက်ထားတဲ့ ငံပြာရည်ကြော်လေး ပေါင်းထည့်ပေးပါမယ်။
အလေ့အကျင့်များများနဲ့ ဒီတစ်လအတွက် ချက်ကြည့်ဖို့ ဟင်းတချို့ပါ။
နန်းစန်းစန်းအေး
အဓိပတိ
မြန်မာအစားအစာ
အမြန်လမ်းမိုင်တိုင် ၁၁၀/၅ ဖာလုံ
ဖြူးမြို့
ကြက်သား မဆလာ
ကြက်သား – ၄၀ ကျပ်သား
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် – ၁/၂ ဇွန်း
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဒိန်ချဉ် – စတီးဇွန်းကြီး ၁ ဇွန်း
ဆီ – ၅ ကျပ်သား
ကြက်သွန်နီ – ၃ ဥ
ကြက်သွန်ဖြူ – ၁ ဥ
ဇီရာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သစ်ကြံပိုးခေါက် – ၁ ခေါက်
ကရဝေးရွက် – ၂ ရွက်
ငရုတ်ပွ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ထောင်းထားပါ)
ရေ – ၁၀ ကျပ်သား (၂ ခွက်)
ကြက်သား မဆလာ – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပျဉ်းတော်သိမ် – ၂ ခက်
ကြောင်လျှာသီးကြော်
ကြောင်လျှာသီး – ၁ တောင့်
ဆီ – ၂ ကျပ်ခွဲသား
ကြက်သွန်နီ – တစ်ဝက်
ကြက်သွန်ဖြူ – ၃ မြွှာ
ပုစွန်ခြောက်မှုန့် – လက်တစ်ဆုပ်
ငရုတ်သီးမှည့် – ၅ တောင့်
ဆား – အနည်းငယ်
အရသာမှုန့် – အနည်းငယ်
အာလူးကုလားပဲဟင်းရည်
အာလူး – ၃ လုံး
ကုလားပဲ – ၅ ကျပ်သား
ပဲနံ့သာ – အနည်းငယ်
ကြက်သွန်ဖြူ – ၃၊ ၄ မြွှာ
ဆီ – စတီးဇွန်း ၁ ဇွန်း
နနွင်းမှုန့် – အနည်းငယ်
ဆား – အနည်းငယ်
အရသာမှုန့် – အနည်းငယ်