ဟလင်မ် (Haleem)

by Sofia for Food Magazine

          အိန်္ဒိယအစားအစာတစ်မျိုးဖြစ်တဲ့ ဟလင်မ်ကို အချို့လည်း သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဆန်နှင့် ဂျုံ၊ ပဲကို အသားတစ်မျိုးဖြင့် ရောပြီး နူးညံ့ကျေညက်အောင် ချက်ထားခြင်း ဖြစ်ပါတယ်။ သင်းပျံ့တဲ့ ဟင်းခတ်အမွှေးရနံ့ရှိပြီး အာဟာရလည်းဖြစ်စေကာ သူ့ချည်းလည်း သုံးဆောင်နိုင်သလို ပေါင်မုန့်၊ နံပြား၊ ထမင်းတို့ဖြင့်လည်း တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ဆန်  –  ၁ ခွက် (ပေါင်းအိုးဆန်ခြင်ခွက်)

ကုလားပဲ  –  ၁/၂ ခွက်

ပဲနီလေး  –  ၁/၂ ခွက်

ဂျုံစေ့လုံးခြမ်းကွဲ  –  ၁ ခွက်

ဆိတ်သား /အမဲသား/ကြက်သား  –  ၄၀၀ ဂရမ်

ကြက်သွန်နီကြော်  –  ၁၀၀ ဂရမ်

ချင်း ကြက်သွန်ဖြူထောင်း  –  စားပွဲဇွန်း ၂ ဇွန်း

အရောင်တင်  –  ၂ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

အသားမဆလာ/ဇီရာ  –  ၂ ဇွန်း

ခရမ်းချဉ်သီး  –  ၂ လုံး

ဆီ  –  အနည်းငယ်

ဆား  –  ၂ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

တွဲဖက်စားရန်

ပူဒီနာ

ကြက်သွန်ကြော်

သံပရာသီး

ငရုတ်သီး

ပြုလုပ်နည်း

၁။       ဆန်၊ ကုလားပဲ၊ ပဲနီလေးနှင့် ဂျုံစေ့တို့ကို ရေဆေးပြီး တစ်ည (သို့) ၄ နာရီခန့် စိမ်ထားပါ။

၂။       ရေစိမ်ပြီးသော ဆန်၊ ဂျုံစေ့အရောကို ရေပြန်ဆေး၍ ရေထည့်ပြီး နူးအိအောင် ပြုတ်ထားပါ။ ကြေနေအောင်နှင့် အိုးမကပ်စေရန် အဆက်မပြတ် မွှေပါ။

၃။       အခြားအိုးတစ်အိုးထဲ နှစ်သက်ရာအသားကို ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ချင်း ကြက်သွန် ဖြူထောင်း၊ အရောင်တင်၊ နနွင်းမှုန့်၊ မဆလာ၊ ဆီ၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး သမအောင်မွှေ၍ မီးဖိုပေါ်မှာ လုံးချက်ချက်ထားပါ။

၎။       အသားနူးအိပါက သီးသန့်ပြုတ်ထားသော ဆန်၊ ဂျုံစေ့နှင့် ပဲနီလေးတို့ကို ရော၍ သမအောင် မွှေပြီး မီးအေးအေးဖြင့် နူးအိအောင် တည်ထားပါ။ ယောက်မဖြင့် ကြေညက်အောင် အဆက်မပြတ် မွှေပါ။ (ကြိတ်စက်မှာ ကြေအောင် ထည့်ကြိတ်နိုင်ပါတယ်။)

၅။       ဟလင်မ်အိုး နူးအိကျေညက်ပါက အရသာအပေါ့အငန်မြည်း၍ အပျစ်အကျဲ လိုသလို ပြုပြင်ပြီး ပူဒီနာ၊ နံနံပင်၊ ငရုတ်သီးနှင့် သံပရာသီးတို့ဖြင့် တွဲဖက်တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu