သံပရိုထောပတ်နှမ်းကပ် ဆာလ်မွန်ငါးအသားလွှာ(Lemon Butter Sesame Wrapped Salmon)

by Chef Sunny for Food Magazine

ပါဝင်ပစ္စည်းများ

ဆာလ်မွန်ငါးအသားလွှာ –  ၁၈၀  ဂရမ်

ကညွတ် –  ၈၀  ဂရမ်

ဖရုံသခွားသီး –  ၈၀  ဂရမ်

ကြက်သွန်ဖြူ –  ၁၅  ဂရမ်

နှမ်းဖြူ –  ၂  ဇွန်း

ပန်းပွင့်စိမ်း –  ၁၀ဝ  ဂရမ်

ကဂျွန် အရသာမှုန့်  –  အနည်းငယ်

သံလွင်ဆီ –  ၁ ဇွန်း

အာလူးထောင်းပြုလုပ်ရန် ပါဝင်ပစ္စည်းများ

အာလူး –  ၂၀ဝ ဂရမ်

အဆီလွတ်နွားနို့ –  ၁၀ဝ  မီလီလီတာ

ဆားလွတ် ထောပတ် –  ၅၀ ဂရမ်

ပါမီဆန်ချိစ်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  အနည်းငယ်

သံပရိုထောပတ်ဆော့စ် ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ကြက်သွန်နီ –  ၁၅ ဂရမ်

ကရဝေးရွက်ခြောက် –  ၂  ရွက်

ဝိုင်ဖြူ –  ၅၀ မီလီလီတာ

ဝိုင်ဖြူရှလကာရည် –  ၅၀ မီလီလီတာ

ကဲပါးစေ့ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

သံပရိုသီး –  ၁  လုံး

ဟင်းချက်ခရင်မ် –  ၈၀  မီ်လီလီတာ

ဆားလွတ်ထောပတ် –  ၁၀ဝ  ဂရမ်

ပြုလုပ်နည်း

၁။       ဆာလ်မွန်ငါးအသားလွှာကို သံပရိုရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကဂျွန် အရသာ မှုန့်တို့နှင့် အရသာသွင်းပြီး ဂျုံမှုန့်နှင့် နှမ်းဖြူရောကပ်၍ ၁၅ မိနစ်ခန့်နှပ်ထားပါ။

၂။       အာလူးကိုပြုတ်၍ ကြိတ်ထောင်းပြီး နွားနို့၊ ဆားလွတ်ထောပတ်၊ ဆား၊ ငရုတ် ကောင်းမှုန့်နှင့် ပါမီဆန်ချိစ်အမှုန့်တို့နှင့် ရောနှပ်ထားပါ။

၃။       ကညွတ်၊ ပန်းပွင့်စိမ်းနှင့် ဖရုံသခွားသီးတို့ကို အသင့်လှီးဖြတ်ထားပါ။ သံလွင်ဆီ၊ ဆားလွတ်ထောပတ်တို့နှင့် ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။ အသင့်လှီးထားတဲ့ အသီးအနှံအားလုံးကို ရေနွေးထဲမှာ ၂ မိနစ်ခန့်ပြုတ်ပြီး ထောပတ်၊ ကြက်သွန်ဖြူ၊ ဆီဖြင့်ဆီသတ်ကြော်ထားပါ။ အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် ထိန်းညှိ ပေးပါ။

၎။       ဒယ်ပြားကို အပူပေးပြီး အသင့်အရသာသွင်းထားတဲ့ ဆာလ်မွန်ငါးအသားလွှာ နှမ်းကပ်ကို သံလွင်ဆီအနည်းငယ်ဖြင့် အိုးကပ်ကင်ပေးပြီး တစ်ဖက်ကျက်လျှင် နောက်တစ်ဖက်ကိုလှန်ပြီး အိုးကပ်ကင်ပေးပါ၊ ကပ်ထားတဲ့ နှမ်းဖြူများ မတူးစေရန် မီးပျော့ပျော့ဖြင့် အိုးကပ်ကင်ပေးပါ။

၅။       သံပရိုထောပတ်ဆော့စ်ပြုလုပ်ရန် အိုးထဲမှာ ကြက်သွန်နီ၊ ကရဝေးရွက်၊ သံပရိုရည်၊ ဝိုင်ဖြူ၊ ဝိုင်ဖြူ၊ ရှလကာရည်တို့ဖြင့် တစ်ဝက်ခန့် ခန်းသည်အထိ ကျိုချက်ပါ၊ ဝိုင်ဖြူ တစ်ဝက်ခန့်ခန်းလျှင် ဟင်းချက်ခရင်မ်ထည့်ချက်ပြီး ဟင်းချက်ခရင်မ် ပျစ်လာ သည်အထိ မီးမှန်မှန်ဖြင့် ချက်ပေးပါ။ ခရင်မ်ပျစ်လာလျှင် အသင့်လှီးပြီး ရေခဲ သေတ္တာထဲ ထည့်ထားသော ဆားလွတ်ထောပတ်တုံးလေးများကို ဖြည့်ဖြည့်ချင်း ဆော့စ်အိုးကို မီးဖိုပေါ်မှ ဖယ်ခွာ၍ ထည့်မွှေပါ။ အရသာကို ဆား၊ ငရုတ်ကောင်း မှုန့်တို့ဖြင့် ထိန်းညှိပေးပါ။

၆။       အသင့်ချက်ထားသော သံပရိုထောပတ်ဆော့စ်ကို ဆန်ခါဖြင့်စစ်ထုတ်၍ ကဲပါးစေ့ လေးများ ထည့်ပါ။ ပြီးလျှင် အသင့်အိုးကပ်ကင်ထားသော နှမ်းကပ် ဆာလ်မွန်ငါး အသားလွှာ၊ အာလူးထောင်းနှပ်၊ အစိမ်းရောင် သီးရွက်စုံ ၊ သံပရိုထောပတ်ဆော့စ် တို့ဖြင့် တွဲဖက်ပြီး ဥရောပအစားအစာပုံစံ တည်ခင်းပါ။

Facebook Comments

Menu