သံပရာသီး သနပ်

by Meemeetofu for Food Magazine

          သံပရာသီးသနပ်ဆိုပြီး မေလေးက ယူလာပြီး ကျွေးတော့ သူ့ရဲ့ သံပရာသီးသနပ်က မဆလာနံ့လည်း မရဘဲ ဆိမ့်ဆိမ့်လေးနဲ့ ခံတွင်းရှင်းလှတယ် အောက်မေ့တာ။ ဘယ်လိုလုပ်လဲမေးတော့ မမီးတို့လုပ်နေကျ သံပရာသီးသနပ်နဲ့ လုံးဝကို မတူပါဘူး။ မမီးလည်း စားပြီး ကြိုက်လို့  အများသူငါလည်း စားပြီး ကြိုက်မယ်ထင်လို့ လုပ်နည်းလေး ယူလာပေးပါတယ်။ စားကောင်းလို့ ကျေးဇူးတင်မယ်ကြံရင် လုပ်နည်းလေးပြောပြပေးသူ ညီမလေး မေသန်းထွန်းကို ကျေးဇူးတင်ပါတယ်။

သံပရာသီးဆားစိမ်ပြုလုပ်နည်း

သံပရာသီး  –  ၁၀ လုံး

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

သကြား  –  စားပွဲဇွန်း ၂ ဇွန်း

ဆေးသကြား  –  အနည်းငယ် (ထည့်လိုက ထည့်ရန်)

ပြုလုပ်နည်း

၁။       သံပရာသီးကို ရေဆေးပြီး ရေခြောက်အောင် သုတ်ထားပါ။

၂။       ရေခြောက်တဲ့အခါ ထိပ်ကနေ ၄ စိတ် မပြတ်အောင် ခွဲနိုင်သလို အကွင်းလိုက်လည်း လှီးနိုင်ပါတယ်။ မမီးက အကွင်းလိုက်လှီးထားတဲ့အတွက် ကုပ်နှိပ်ရတာ လွယ်ပြီး သံပရာသီးလည်း နပ်မြန်ပါတယ်။

၃။       လှီးထားတဲ့ သံပရာသီးတွေကို ဆားနဲ့နယ်ပြီး ပုလင်းသန့်သန့်ထဲ ထိုးသိပ်ထည့်ပါ။အဖုံးနဲ့ သံပရာသီးကြားမှာ ပလတ်စတစ်အိတ်ခံပိတ်ပါ။ နေပြင်းပြင်းပူတဲ့ရာသီဆိုလျှင် တစ်ပတ်၊ ၁၀ ရက်လောက် နေ့ရောညပါ ပစ်ထားလိုက်လျှင် နပ်သွားပါတယ်။

***     သံပရာသီးအချဉ်ကို ဆားအကူနဲ့ လျော့နည်းသက်သာစေပါတယ်။ ဆားများလေ  အငန်ဘက်သွားလေ၊ အချဉ်လျော့လေပါပဲ။ ဆားအများကြီး မသုံးလိုသူတို့အတွက် သံပရာသီးရဲ့အချဉ်နဲ့ အခွံရဲ့အဖန်ကို သက်သာအောင် ဆေးသကြား အနည်းငယ် ထည့်သုံးနိုင်ပါတယ်။ ဆေးသကြားမသုံးလိုလျှင် သကြား ထည့်နိုင်ပါတယ်။

သံပရာသီးသနပ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

နပ်ပြီး ပျော့နေတဲ့ သံပရာသီး  –  ၃ လုံးစာခန့်

ပုစွန်ခြောက်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း (မောက်မောက်)

ငရုတ်သီးလှော်ထောင်း  –  သင့်ရုံ

သကြား  –  အနည်းငယ်

ကြက်သွန်ဖြူကြော်ဆီချက်  –  စားပွဲဇွန်း ၃ – ၄ ဇွန်း

ပြုလုပ်နည်း

          သံပရာသီးလေးတွေကို သေးသေးနုပ်နုပ်လေးတွေ လှီးပြီး နယ်မည့်ဇလုံထဲ ထည့်ပါ။ ပါဝင်ပစ္စည်းတွေ အားလုံး ထည့်ပါ။ ဆီချက်များများသုံးပါ။ လိုအပ်လျှင် ဆား အနည်းငယ် ထပ်ထည့်ပါ။ အားလုံးကို ရောနယ်ပေးလိုက်လျှင် ခံတွင်းရှင်းတဲ့ သံပရာသီးသနပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Facebook Comments