သီးရွက်စုံအသားကင်နှင့် ပဲစိမ်းလုံးဟင်းချို (Chicken & Beef Skewer with Cream on Green Pea Soup)

by Chef Ko Sunny for Food Magazine

          ဒီလအတွက် ပရိသတ်များကို ထပ်မံဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ “Fusion Style’’ ပြင်ဆင်ထားပါတယ်။ ဂျပန်အစားအစာ အနံ့အရသာလေးနဲ့ အီတလီအစားအစာ ပြင်ဆင်ပုံလေး ရောနှောထားပါတယ်။ ပဲစိမ်းလုံးကို အာလူးလေးနဲ့ရောပြီး ဟင်းချက်ခရင်မ် အနည်းငယ်ထည့်ပြီး ပြင်ဆင်ထားတာမို့ အာဟာရလည်းဖြစ်ပြီး ပြင်ဆင်ရတာလည်း လွယ်ကူမြန်ဆန်ပါတယ်။ ကြက်သားနဲ့ အမဲသား ကို ရွေးချယ်ပြင်ဆင်ထားပေမယ့် ဝက်သားနဲ့လည်း အစားထိုးပြင်ဆင်နိုင်ပါတယ်။ ဘာဘီကျူပုံစံ ပြင်ဆင်မယ့် အစား လွယ်ကူပြီး ကျန်းမာရေးနဲ့လည်း ပိုပြီးညီညွတ်တဲ့ နည်းလေးနဲ့ အိုးကင်းပူတိုက်ပြီး ကင်ထားပါတယ်။ ကဲ…ထူးခြားပြီး ပြင်ဆင်ရလွယ်ကူတဲ့ “သီးရွက်စုံအသားကင်နဲ့ ပဲစိမ်းလုံးဟင်းချို” လေး ပြင်ဆင်ကြည့်ကြရအောင်… OK…

သီးရွက်စုံအသားကင်

သီးရွက်စုံ အမဲသားကင်

ပါဝင်ပစ္စည်းများ

အမဲမိုးခိုသား  –  ၁၆၀ ဂရမ်

ငရုတ်ပွ (စိမ်း၊ နီ၊ ဝါ)  –  ၁ လုံးစီ

ကြက်သွန်ဖြူ  –  ၅ ကျပ်သား

ထောပတ်  –  ၃ ဇွန်း

သံလွင်ဆီ  –  ၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

အော်ရီဂါနို  –  အနည်းငယ်

ရို့စ်မယ်ရီ  –  အနည်းငယ်

ဇီရာအမှုန့်  –  အနည်းငယ်

တာရီယာကီအနှစ်  –  အနည်းငယ်

ဒိန်ချဉ်

ချက်ပြုတ်ပုံအညွှန်း

၁။       အမဲမိုးခိုသားကို ဆား၊ ငရုတ်ကောင်း၊ ဒိန်ချဉ်၊ ဇီရာမှုန့်၊ ကြက်သွန်ဖြူ၊ ရို့မယ်ရီ၊ တာရီယာကီအနှစ်တို့ဖြင့် အရသာသွင်းပါ။

၂။       အသီးအရွက်များကို အော်ရီဂါနို၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ သံလွင်ဆီတို့ဖြင့် အရသာသွင်းပြီး ဒယ်အိုးဖြင့်ကင်ပါ။

၃။       သံလွင်ဆီအနည်းငယ်ဖြင့် အမဲသားကို ဒယ်အိုးမှာကင်၍ တာရီယာကီအနှစ်ကိုပါ ထည့်ချက်ပြီး ဆော့စ်အနှစ်ရအောင် ချက်ပါ။

၎။       အသင့်ကင်ထားသော အမဲသားကို သီးစုံကင်ဖြင့် တွဲဖက်ပြီး Skewer Style တည်ခင်းပါ။

သီးရွက်စုံ ကြက်သားကင်

ပါဝင်ပစ္စည်းများ

ကြက်ရင်အုံသား  –  ၁၆၀ ဂရမ်

ငရုတ်ပွ (စိမ်း၊ နီ၊ ဝါ)  –  ၁ လုံးစီ

ကြက်သွန်ဖြူ  –  ၅ ကျပ်သား

ထောပတ်  –  ၃ ဇွန်း

သံလွင်ဆီ  –  ၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

အော်ရီဂါနို  –  အနည်းငယ်

ရို့စ်မယ်ရီ  –  အနည်းငယ်

ဇီရာအမှုန့်  –  အနည်းငယ်

တာရီယာကီအနှစ်  –  အနည်းငယ်

ဒိန်ချဉ်

ချက်ပြုတ်ပုံအညွှန်း

၁။       ကြက်သားကို ဆား၊ ငရုတ်ကောင်း၊ ဒိန်ချဉ်၊ ဇီရာမှုန့်၊ ကြက်သွန်ဖြူ၊ ရို့မယ်ရီ၊ တာရီယာကီအနှစ်တို့ဖြင့် အရသာသွင်းပါ။

၂။       အသီးအရွက်များကို အော်ရီဂါနို၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ သံလွင်ဆီတို့ဖြင့် အရသာသွင်းပြီး ဒယ်အိုးဖြင့်ကင်ပါ။

၃။       သံလွင်ဆီအနည်းငယ်ဖြင့် ကြက်သားကို ဒယ်အိုးမှာ ကင်၍ တာရီယာကီ အနှစ်ကိုပါ ထည့်ချက်ပြီး ဆော့စ်အနှစ်ရအောင် ချက်ပါ။

၎။       အသင့်ကင်ထားသော ကြက်သားကို သီးရွက်စုံကင်ဖြင့် တွဲဖက်ပြီး Skewer Style တည်ခင်းပါ။

ပဲစိမ်းလုံးဟင်းချို

ပါဝင်ပစ္စည်းများ

အာလူး  –  ၅ ကျပ်သား

ပဲစိမ်းလုံး  –  ၁၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်နီ  –  ၁ လုံး

ထောပတ်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ရို့စ်မယ်ရီ  –  အနည်းငယ်

ချက်ပြုတ်ပုံအညွှန်း

၁။       အသင့်လှီးထားသော အာလူးကို ပဲစိမ်းလုံး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရို့မယ်ရီ၊ ထောပတ်တို့နှင့် ဆီသတ်ပါ။

၂။       ပဲစိမ်းလုံးနူးလျှင် ကြေအောင်ချက်၍ ဟင်းချက်ခရင်မ် ထည့်ပြီး အဆုံးသတ်ပါ။

၃။       အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့် အနည်းငယ်တို့နှင့်ညှိပါ။

Facebook Comments