သီးစုံဆာလ်မွန်အေး၊ ခရမ်းချဉ်သီးနှင့် ချိစ်သုပ် (Cold Fruity Salmon with Tomato & Cheese Salad)

by Chef Sunny for Food Magazine

          ဒီလအတွက် နောက်ထပ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ “သီးစုံဆာလ်မွန်အေးနဲ့ ခရမ်းချဉ်သီးနှင့် ချိစ်သုပ်” လေးပါပဲဗျာ။ အနောက်တိုင်း အစားအစာ ပြင်ဆင်နည်းလေးတွေနဲ့ ပြင်ဆင်ထားပါတယ်။ ပြင်ဆင်ရတာလွယ်ကူပြီး အရသာလည်း ထူးခြားပါတယ်။ အစာကြေလွယ်စေတဲ့ အသီးမျိုးစုံနဲ့ တွဲဖက်ပြင်ဆင်ထားတာမို့ ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပါ။ ဆာလ်မွန်ငါးကို ဆားနယ်ပြီး အစိမ်း ကျပ်တင်ထားတဲ့ “Smoked Salmon” ကို အသီးစုံနဲ့ တွဲဖက်ထားတာပါ။ ခရမ်းချဉ်သီးနဲ့ ချိစ်သုပ်ကတော့ အလွန်ရိုးရှင်းလွန်းတဲ့ အီတလီအစားအစာ ပြင်ဆင်ပုံလေးကို အခြေခံထားတာပါ။ ဝယ်ယူဖို့လွယ်ကူတဲ့ မော်ဇရဲလားချိစ် (Mozzarella) ကို သုံးထားပါတယ်။ အီတလီအစားအစာစစ်စစ်လို ပြင်ဆင်မယ်ဆိုရင်တော့ ဗာဖလာမော်ဇရဲလားချိစ် (Buffala Fresh Mozzerella) တွေနဲ့ ပြင်ဆင်သုံးဆောင်ကြတယ်လို့ လေ့လာထားပါတယ်ဗျာ။ ကဲ… ပြင်ဆင်ရတာ လွယ်ကူပြီး အရသာတစ်မူထူးခြားတဲ့ “သီးစုံဆာလ်မွန်အေးနဲ့ ခရမ်းချဉ်သီးနှင့် ချိစ်သုပ်” လေး ပြင်ဆင်ကြည့်ကြပါဦးဗျာ။… WOW !!! SO BEAUTIFUL !!!

သီးစုံဆာလ်မွန်အေး

ပါဝင်ပစ္စည်းများ

ဆာလ်မွန်အငန်  –  ၁၈၀ ဂရမ်

ထောပတ်သီး  –  ၁ လုံး

ရက်စ်ဘယ်ရီသီး  –  ၅ လုံး

ဘလက်ဘယ်ရီသီး –  ၂ လုံး

စတော်ဘယ်ရီသီး  –  ၅ လုံး

ဟင်းချက်ခရင်မ်  –  ၂၀ဝ မီလီလီတာ

မော်ဇရဲလားချိစ်  –  ၅၀ ဂရမ်

ဆား  –  အနည်းငယ်

ပါမီဆန်ချိစ်အမှုန့်  –  အနည်းငယ်

အဖူးချဉ် (Capers)  –  အနည်းငယ်

ချက်ပြုတ်ပုံအညွှန်း

၁။       ထောပတ်သီးတစ်လုံးကို အခွံနွှာ၊ အစေ့ထုတ်ပြီး တစ်ခြမ်းကို အန်စာတုံးပုံလှီး၍ ကျန်တစ်ခြမ်းကို ပါးပါးလှီးထားပါ။

၂။       ဆာလ်မွန်ငါးအငန်ကို အပွင့်ပုံလိပ်၍ အသင့်လှီးထားသော ထောပတ်သီး အန်စာတုံးလေးများ ထည့်ပါ။

၃။       ရက်စ်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီးနှင့် စတော်ဘယ်ရီသီး ၂ လုံးစီကို ထက်ခြမ်းလှီးပြီး ဆာလ်မွန်ငါး အငန် အပွင့်ထဲသို့ ထည့်ထားပါ။

၎။       ပါးပါးလှီးထားသော ထောပတ်သီးတစ်ခြမ်းကို ပန်းကန်ထဲမှာ တွဲဖက်ပြင်ဆင်ထားပါ။

၅။       ဟင်းချက်ခရင်မ်နှင့် မော်ဇရဲလားချိစ်တို့ကို အနည်းငယ် အပူပေးပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ပါမီဆန်ချိစ် အမှုန့်တို့ဖြင့် အနှစ်ချက်ပါ။

၆။       အသင့်ပြင်ဆင်ထားသော ဆာလ်မွန်အငန်အပွင့်နှင့် ထောပတ်သီးပေါ်သို့ အသင့်ချက်ထားသော ခရင်မ်နှင့် ချိစ်အနှစ်ကိုအုပ်၍ အဖူးချဉ်အနည်းငယ်ဖြင့် တည်ခင်းပါ။

ခရမ်းချဉ်သီးနှင့် ချိစ်သုပ်

ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီး  –  ၂ လုံး

မော်ဇရဲလားချိစ်  –  ၁၀ဝ ဂရမ်

ပင်စိမ်းရွက်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

သံလွင်ဆီ  –  ၂ ဇွန်း

သံပရိုသီး  –  ၂ စိတ်

သံလွင်သီး  –  ၆ လုံး

ချက်ပြုတ်ပုံအညွှန်း

၁။       ခရမ်းချဉ်သီးကို သန့်စင်ပြီး အကွင်းလိုက် ထူထူလှီးထားပါ။

၂။       မော်ဇရီလားချိစ်ကို အပြားပါးပါးလှီးထားပါ။

၃။       အသင့်လှီးထားသော ခရမ်းချဉ်သီးနှင့် မော်ဇရဲလားချိစ်ကို စီထပ်ပြီး သန့်စင်ထားသော ပင်စိမ်းရွက်နှင့် တွဲဖက်၍ ဆား၊ ငရုတ်ကောင်း၊ သံလွင်သီး၊ သံလွင်ဆီ၊ သံပရိုသီး အနည်းငယ်တို့ဖြင့် တည်ခင်းပါ။

Facebook Comments