သာဂူရေခဲချောင်း (၅ ချောင်း) (Sago Ice Popsicle)

by Syi Lwin Foods Garden for Food Magazine

သာဂူရေခဲချောင်းက မြန်မာသာဂူထန်းလျက်အချိုပွဲကို စားရသလိုဖြစ်အောင် ပြန်လည်တီထွင်ထားပါတယ်။ လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

သာဂူစေ့  –  ၁/၃ ခွက် (ရေစိမ်ထားပါ)

အုန်းသီးခရင်မ်  –  ၁/၂ ခွက်

အုန်းသီးဖတ်  –  စားပွဲဇွန်း ၃ ဇွန်း  (လတ်လတ်ဆတ်ဆတ်ခြစ်ယူထားသော)

နွားနို့  –  ၁  ၁/၂ ခွက်  (မုန့်လုပ်ရန် တိုင်းသောခွက်)

ထန်းလျက်  –  စားပွဲဇွန်း ၃ – ၄ ဇွန်း

ဂျယ်လတန်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       သာဂူကို အဆံဖြူပျောက်သည်အထိ ကျိုထားပါ။

၂။       ဇောက်နက်အိုးထဲ နွားနို့ထည့်ပြီး  အနည်းငယ် ပျစ်လာသည်အထိ ကျိုပါ။ ပြီးလျှင် ထန်းလျက်ရည် ရောပါ။ ပြီးလျှင် ကျိုထားသော သာဂူရောပြီး သေချာမွှေပါ။ ပြီးလျှင် အုန်းနို့ခရင်မ်ထည့်ပါ။ ဂျယ်လတန်မှုန့်ကို ရေနွေး စားပွဲဇွန်း ၁ ဇွန်းဖြင့်ဖျော်ပြီး ထည့်ပါ။ သေချာနှံ့အောင် မွှေပါ။ မီးမျှင်မျှင်လေးဖြင့် တည်ပါ။ ၅ မိနစ်ခန့် ထပ်တည်ပြီးလျှင် မီးပိတ်ပြီး မီးဖိုပေါ်မှ ချပါ။

၃။       ရေခဲချောင်းခွက်တွေထဲ အုန်းသီးဖတ် အနည်းငယ် လိုက်ဖြူးထားပါ။ ပြီးလျှင် သာဂူများ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ ခွက်အပြည့်အလျှံ မထည့်ပါနှင့်။ ရေခဲချောင်းခွက်လေးများကို လေပူဖောင်းများအထဲမှာ မကျန်အောင် အနည်းငယ် ဆောင့်ပေးပါ။ ရေခဲချောင်းတုတ်တံထိုးပြီး ရေခဲသေတ္တာ ရေခဲအကန့်ထဲ ၂-၃ နာရီ ခန့် ထားပါ။

၎။       ရေခဲချောင်းတွေ ထုတ်မယ်ဆိုလျှင် ရေခဲခွက်အပေါ်မှာ ရေလောင်းချပြီး ရေခဲချောင်းများကို ရေခဲချောင်းခွက်မှ ပုံစံမပျက် အသာထုတ်ယူလို့ ရပါတယ်။ ရေခဲချောင်းအပေါ်မှာ အုန်းသီးဖတ်များဖြင့် ထပ်ကပ်လို့လည်း ရပါတယ်။

Facebook Comments

Menu