သရက်သီးသနပ် (Spicy Green Mango Pickle)

by Sofia for Food Magazine

          သရက်သီးသနပ်လုပ်နည်းများစွာရှိပါတယ်။ အချို၊ အစပ်၊ အချဉ်၊ အငန်အရသာ အမျိုးမျိုး ပြုလုပ်လေ့ရှိပါတယ်။ တချို့ကျတော့ သရက်သီးသနပ် အိအိလေးကြိုက်လို့ အခြောက်ကို ပြန်ပြုတ်ပြီးလုပ်ကြပါတယ်။ တချို့ကျတော့ မာစပ်စပ်လေးကို စားရတာ နှစ်သက်ကြလို့ အစိမ်းနဲ့လုပ်ကြတယ်။ ယခုလုပ်ထားတာတော့ အစိမ်းကို ထုပ်ထုပ်လေးနဲ့ ချိုချဉ်စပ်လေး ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

သရက်သီးစိမ်း  –  တစ်ကီလို (၃ လုံး)

ထုံးရည်  –  ၁ လီတာ (ရေ ၁ လီတာမှာ ထုံး စားပွဲဇွန်း ၁ ဇွန်း ထည့်ဖျော်ပါ)

ဆား  –  ၃ ဇွန်း

သကြား  –  ၄ ဇွန်း

အရောင်တင်ငရုတ်သီးမှုန့်  –  ၃ ဇွန်း

ဆီ  –  ၁၆၀ ဂရမ် (၁၀ ကျပ်သား)

မဆလာ  –  ၂ ဇွန်း (သနပ်မဆလာ)

ကြက်သွန်ဖြူ  –  လက်တစ်ဆုပ်

ငရုတ်သီးစိမ်း  –  အနည်းငယ်

မုန်ညင်းစေ့  –  ၁ ဇွန်း (နှစ်သက်ပါက)

ပြင်ဆင်ပြုလုပ်ပုံ

၁။       သရက်သီးကို ရေဆေးသန့်စင်ပြီး တစ်လက်မခွဲခန့်အရွယ် လှီးထားပါ။

၂။       ဇလုံတစ်လုံးထဲ ထုံးတစ်ဇွန်းကို ရေတစ်လီတာဖြင့် ဖျော်ပြီး လှီးဖြတ်ထားသည့် သရက်သီးစိမ်းကို တစ်ညစိမ်ပေးပါ။ (ကြွပ်စေရန်)

၃။       ပြီးလျှင် သရက်သီးကို ဆယ်ယူကာ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။

၎။       ရေစစ်သွားပါက ဆား နှစ်ဇွန်းထည့်၍ သမအောင်မွှေပြီး နှစ်ရက်ထားပါ။ မကြာခဏ အထက်အောက် လှန်ပေးပါ။

၅။       ထွက်လာသော သရက်သီး၊ ဆားငန်ရည်များကို စစ်ပြီး နေပူမှာ တစ်နေခန့် ဖန့်ဖန့် အနေအထားရအောင် လှမ်းပါ။(ရေခြောက်ရုံသာ)

၆။       လိုချင်သောအနေအထားရပါက ခပ်သေးသေး လှီးဖြတ်ပါ။

၇။       ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို အသင့်ပြုလုပ်ပါ။

၈။       အိုးတစ်အိုးကို ဆီပူအောင် တည်ပြီး အရောင်တင်ငရုတ်သီးမှုန့်၊ မုန်ညင်းစေ့၊ မဆလာတို့နှင့် ဆီသတ်ပါ။ သကြားနှင့် လက်ကျန်ဆား တစ်ဇွန်းထည့်ပြီး ပျော် အောင်မွှေပေးပါ။ မီးပိတ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထည့်ပါ။

၉။       အသင့်လှီးထားသော သရက်သီးထည့်၍ သမအောင်မွှေပြီး အအေးခံထားပါ။

၁၀။     လုံးဝအေးသွားသောအခါ ပုလင်းသန့်သန့်ကို ရေခြောက်အောင်သုတ်ပြီး ထည့်ပါ။ မျက်နှာပြင်ကို ဆီဖုံးအောင်ထည့်ပြီး ပုလင်းကို လေလုံအောင် ပိတ်၍ နှပ်ထားပါ။

၁၁။     နှစ်ပတ်ခန့်နှပ်ပြီးပါက ရေခဲသေတ္တာထဲထည့်ပြီး သိမ်းဆည်းကာ လိုသလောက် ထုတ်ယူသုံးဆောင်နိုင်ပါပြီ။ ပြုလုပ်ပြီး ချက်ချင်းလည်း သုံးဆောင်နိုင်ပါတယ်။

Facebook Comments