သနပ်စုံသုပ် (Sour Mixed Vegetable Salad)

      ဒီချက်နည်းလေးကို ကျွန်တော့်အိမ်နီးချင်း ဘိတ် (မြိတ်)သူဖြစ်တဲ့ အမေကြီးဆီကနေ သင်ထားတာဖြစ်ပါတယ်။ သူ့အိမ်မှာခေါ်ပြီး ထမင်းကျွေးတိုင်းစွဲစွဲမက်မက်စားဖြစ်တဲ့ ဒီသနပ်သုပ်ကို Food Magazine စာဖတ်ပရိသတ်ကြီးကိုလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အမယ်စုံပြီး နည်းနည်းလေးအလုပ်များပေမယ့် အလွန်ကောင်းတဲ့ အရသာကြောင့် အလုပ်ရှုပ်ပင်ပန်းရကျိုးနပ်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

►   ပါဝင်ပစ္စည်းများ

♦    ပန်းဂေါ်ဖီ     –   ၁ ပွင့် (အနေတော်အပိုင်းလေးများလှီးထားပါ)

♦    ကြက်သွန်နီ  –   ၅ လုံး

     (ရှစ်စိတ်အတုံးလေးများတုံးထားပြီး တစ်လွှာခြင်း အဖတ်ခွာထားပါ)

♦    မုန်လာဥ   –    ၂ လုံး (အခွံခွာ အကွင်းလေးများလှီးထားပါ)

♦    ပဲစောင်းလျားသီး   –    ၅ တောင့် (မထူမပါးလှီးထားပါ)

♦    ပဲတောင့်ရှည်    –     ၁ဝ တောင့်     (တစ်လက်မခန့်အရှည်ဖြတ်ထားပါ)

♦    ရှလကာရည်   –   ၁ ခွက်

♦     ငရုတ်သီးစိမ်းအနီတောင့်   –   ၁ဝ တောင့်

♦     စိမ်းစားငါးပိ    –    ထမင်းစားဇွန်း ၃ ဇွန်း

♦     ငရုတ်သီးအကြမ်းမှုန့်   –    ထမင်းစားဇွန်း ၅ ဇွန်း

♦     ကြက်သွန်ဖြူ   –   ၅ တက် (ပါးပါးလှီးထားပါ)

♦     ဆီ    –     လုံလောက်သောပမာဏ

♦     နနွင်းမှုန့်   –    လက်ဖက်ရည်ဇွန်းတစ်ဝက်

►    ပြုလုပ်ပုံ

၁။   ပထမဦးစွာ ကြက်သွန်ဖြူဆီချက်ကြော်ရပါမယ်။ ဆီအိုးကိုအပူပေးပြီး ပါးပါးလှီးထားသော ကြက်သွန်ဖြူများကို နနွင်းမှုန့်အနည်းငယ်ထည်ပြီး ကြွပ်လာအောင်ကြော်ပေးထားပါ။ ကြက်သွန်ဖြူ ကြွပ်လာရင် သည်အတိုင်းအအေးခံထားပါ။ စိမ်းစားငါးပိနှင့် ငရုတ်သီးအကြမ်းမှုန့်တို့ကိုလည်း တစ်မျိုးစီခွဲပြီး မီးပျော့ပျော့နှင့်ကြော်ပြီး အအေးခံထားပါ။

၂။    အသီးအရွက်များပြုတ်ရန် အိုးတစ်လုံးတွင် ရေကိုဆူအောင်တည်ပါ။ ရေဆူလာလျှင် နနွင်းမှုန့်နှင့် ရှာလကာရည်ထည့်ပါ။ မာသောအသီးအရွက်များကို တစ်မျိုးချင်းစီထည့်ပြီး ၂ မိနစ်စီပြုတ်ပါ။ မုန်လာဥ၊ ပန်းဂေါ်ဖီတို့ကို အချိန်အနည်းငယ်ပိုပေးပြီးပြုတ်ပါ။ ပြီးလျှင် အားလုံးကို အအေးခံထားပါ။

၃။   ပါဝင်ပစ္စည်းများအားလုံးကို အထက်ပါအတိုင်း ပြင်ဆင်ပြီးသွားရင်တော့ အားလုံး ရောသမနယ်ပြီး လူအများကိုတည်ခင်းနိုင်သလို ရေခဲသေတ္တာမှာ တစ်ပတ်အထိထားပြီး ဟင်းအရံတစ်မျိုးအဖြစ် စားနိုင်ပါတယ်။

www.facebook.com/pages/MY-FOODIESmm

Facebook Comments